တန်ရာတန်ကြေး



တန်ရာတန်ကြေး

               ကျွန်တော်မကြာခဏရောက်ဖြစ်သည့် နေရာတွေထဲတွင် ကျောက္ကာလည်းပါသည်။
 ကျောက္ကာတောင်ရွာရှိ ရွှေဂူနီဘုရားသို့ ဘုရားဖူးသွားခြင်း ဖြစ်သည်။တစ်ခါတစ်ရံတော့ ရွှေဂူနီဘုရားမှ ဆက်ကာ မုံရွာ-အရာတော်လမ်းအတိုင်း အနည်းငယ်ဆက်သွားကာ ကျောက္ကာရွှေဂူဖြူသို့ သွားတတ်သေးသည်။ အလွန်နည်းပါးသည့် တစ်ခါတစ်ရံမှာတော့ ထန်းဇလုပ်ရေတံခွန်ရှိရာသို့ သွားသည်။
                   တစ်လလျှင် တစ်ခေါက်မျှတော့ ကျောက္ကာရွှေဂူနီသို့ ရောက်ဖြစ်သည်ဟု ဆိုရမည်။ နယ်ဝေးသို့ ရောက်နေသည့် နှမငယ်များ ရောက်နေလျှင် ဘုရားဖူးလိုက်ပို့ပေးတတ်သည်မှာ
 ကျောက္ကာသို့သာ ဖြစ်သည်။ အချိန်ရမည်ဆိုပါက မိုးညင်း-ဗောဓိတစ်ထောင်သို့ ခြေဆန့်သည်။ သူငယ်ချင်းများလာလျှင် လိုက်ပို့ဖြစ်သည်က ထိုနေရာများသာ ဖြစ်သည်။ တစ်ခါတစ်ရံ နှစ်ရက်ခြားပြီး   ရောက်သွားရခြင်းမျိုးလည်း ရှိသည်။ ယနေ့တွင်လည်း ရေဦးမှာနေသည့် သူငယ်ချင်းမတစ်ယောက်ရောက် လာ၍ အချိန်ရလည်း နည်းသည်နှင့် ကျောက္ကာသို့ ဘုရားဖူးလိုက်ပို့ဖြစ်သည်။
       အောင်မင်္ဂလာရပ်ထဲမှာနေ သည့် သူငယ်ချင်းကေသွယ်လည်းပါသည်။ ရေဦးမှလာသည့် သူငယ်ချင်းမှာ အမာလွင်ဖြစ်သည်။ နှစ်ယောက်စလုံး ၎င်းတို့၏ သားတော်မောင်များခေါ်လာကြသည်။ ဘုရားဖူးပြီးနောက် ကားရပ်ထားသည့်နေရာတွင် ထုံးစံအတိုင်း ဖုန်းများဖြင့် တစ်ယောက်တစ်လဲ ဓာတ်ပုံရိုက်ကြသည်။ အနားမှာဖြတ်သွားသည့် လူတစ်ဦးမှ ဟိုလိုရိုက်ပါလား၊ ဒီလိုရိုက်ပါလားနှင့် ကျွန်တော်တို့သူငယ်ချင်းသုံးယောက်ကို ဓာတ်ပုံရိုက်ပေးနေသည့် သားတော်မောင်တစ်ယောက်ကို ဆရာလုပ်နေသည်။ ထို့ကြောင့် ၎င်းကို နှစ်ပုံသုံးပုံခန့် ၀င်ရိုက်ခိုင်းလိုက်သည်။ တစ်ပုံမှ အဆင်မပြေသည်က သေချာသည်။ ခေါင်းမပါသည့်ပုံများဖြစ်သည်။ သုံးယောက်တွဲတွင် အလယ် တစ်ယောက်သာပေါ်ပြီး ဘေးတစ်ဖက်တစ်ချက်တွင် ကိုယ်တစ်ခြမ်းစီပေါ်သည့် ပုံများဖြစ်သည်။ လူပုံက ဖောသွပ်နေသည့်အပြင် အရက်ချွေးနံ့ကလည်း ဆိုးလွန်းသည်။ သူက သုံးလေးပုံရိုက်ပြီး လက်ဖက်ရည်ဖိုးပေးသင့်သည်ဟု ပြောနေသဖြင့် ကေသွယ်က (၅၀၀)ပေးလိုက်သည်။ ထိုအခါတွင်မှ အနားက ခွာသွားတော့သည်။ ရိုက်ပေးသည့် ပုံများကလည်း တစ်ပုံမှ အဆင်မပြေပါ။ သို့သော် အနားမှာ ရှိမနေစေတော့ရန်အတွက် ပေးလိုက်ရခြင်း ဖြစ်သည်။ ကျွန်တော် တန်ရာတန်ကြေးဆိုသော စကားလုံး၏ အဓိပါယ်ကို စဉ်းစားမိသွားသည်။ ထိုသူယူသွားသည်မှာ လုပ်အားတန်ဖိုးမရှိဘဲနှင့် မတန်မရာယူသွားခြင်းဖြစ်သည်။ ငွေ(၅၀၀)ဟူသည် ကာယလုပ်သားတစ်ယောက်အတွက် ထိုက်သင့်သည့်တန်ကြေးရှိပါသည်။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်အတွက်မူ ထိုသူ မနှောက်ယှက်စေတော့ရန် ပေးလိုက်ရခြင်းဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကျော် ဝေးနေကြသည့် သူငယ်ချင်းများ၏ ပျော်ရွှင်ချိန်များအတွက် ထိုငွေ(၅၀၀)နှင့် ၀ယ်လိုက်ရခြင်းမှာ တန်ပါသည်။ လောကတွင် ကျွန်တော်တို့ လိုချင်သည့်အရာများကို တန်ရာတန်ကြေးပေး၍ ရယူကြရသည်။ တစ်ဖက်တွင်လည်း ကျွန်တော်တို့ပေးအပ်လိုက်ရသည့် တန်ရာတန်ကြေးသည့် သူ့အတွက် မတန်မရာအချောင်ရလိုက်သည့် အခွင့်အရေးမျိုးလည်း ဖြစ်နေတတ်သည်။ 
      ကျွန်တော်တို့ စဉ်းစားဖို့လိုအပ်သည်မှာ ကိုယ်လိုချင်သည့်အရာနှင့် ကိုယ်ပေးဆပ်လိုက်သည့်အရာသည် ထိုက်တန်ပါရဲ့လားဆိုသည်ကိုတော့ သုံးသပ်တတ်ဖို့လိုသည်။ ထိုက်တန်သည်ဟုဆိုပါလျှင် သင်ပေးလိုက်သော အရာသည် တန်ရာတန်ကြေးပင် ဖြစ်တော့သည်။ 

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း