စကားပြောနှင့် စကားပြေ
စကားပြောနှင့် စကားပြေ
စာရေးသားရာတွင် စကားပြောဟန်နှင့် စကားပြေဟန်ဟူ၍ နှစ်ပိုင်းရှိရာ ကျွန်တော်က စကားပြေဟန်ဖြင့် ရေးရသည်ကိုပို၍ နှစ်သက်သည်။ စာတစ်ပုဒ်ပြီးမြောက်ရန်အတွက် အကြောင်းအရာက အဓိကဖြစ်သည်။ သို့သော် အောင်မြင်သည့်စာတစ်ပုဒ်ဖြစ်ရန်အတွက်မူထိုအကြောင်းအရာကို လိုက်ဖက် သည့်ဟန်ဖြင့် တင်ပြသည်က ပို၍ထိရောက်ပေလိမ့်မည်။
စာရွှင်၊ စာမြူးတစ်ပုဒ်ကိုအတည်အခန့် စကားပြေဟန်ဖြင့် တင်ပြသည် ဆိုပါစို့။ မရယ်ရဘူးဟုမဆိုနိုင် သော်လည်းရယ်ရသည့်အရှိန်နှုန်းလျော့ကျနိုင်ပါသည်။ သရော်စာများအတွက်မူ ချွင်းချက်ဖြစ်သည်။ ဘ၀ သရုပ်ဖော်ဝတ္ထုများတွင်မူစကားပြောဟန်ဖြင့် ရေးသားခြင်းကခံစားရသည့် ရသကိုလျော့ကျစေနိုင်သည်။ သို့သော် ထိုသို့စကားပြောဟန်ဖြင့်ရေးထားသော်လည်းဆုရသွားသည့် သို့မဟုတ် ကောင်းမွန်သွားသည့် ၀တ္ထုအချို့လည်းရှိပါသည်။ သို့သော် နည်းလွန်းသည်ဟုဆိုချင်ပါသည်။ စစ်ဘေးဒဏ်ကြောင့်၊ မိဘများ အိမ်ထောင်ပြိုကွဲသွားသောကြောင့် ဒုက္ခရောက်ရပုံကိုကလေးအမြင်၊ ကလေးအတွေးကလေးဖြင့် တစ်ဦးတစ်ယောက်အားပြောပြဟန်ရေးဖွဲ့ထားသည့်စာများဖြစ်သည်။
မည်သည့်ဟန်ဖြင့်ရေးဖွဲ့သည်ဖြစ်စေ စာဖတ်သူ၏ရင်ကိုထိရှစေသည်ဆိုလျှင် အောင်မြင်သည့် စာတစ်ပုဒ်ဖြစ်သည်။ စာကောင်းပေမွန်တစ်ပုဒ်သည် ခေတ်စနစ်ကို ကျော်ဖြတ်နိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့အားလုံး ဆရာကြီး မင်းသုဝဏ်၏ ဘကြီးအောင် ညာတယ်ဆိုသော ၀တ္ထုကို နှစ်သက်နေကြခြင်း ဖြစ်သည်။ ဆရာကြီး မောင်ထင်၏ ထားဝယ်လုံချည်ကို မေ့မရခြင်းဖြစ်သည်။ ဆရာကြီး ငွေဥဒေါင်း၏ သိပါပြီအမေရယ်ကိုဖတ်တိုင်း မျက်ရည်ဝိုင်းခဲ့ရခြင်းဖြစ်သည်။ ၀တ္ထုတစ်ပုဒ်ကို အခြေခံကျကျ သုံးသပ်ကြည့်မည်ဆိုပါက ပုံပြောနေခြင်းသာ ဖြစ်သည်။ ဟန်အမျိုးမျိုး၊ လေသံ အမျိုးမျိုးဖြင့် ပြောနေကြခြင်း ဖြစ်သည်။ တချို့က စင်ရှေ့ထွက်၍ ကိုယ်တိုင်ပြောသည်။ တချို့က နောက်ကွယ်မှ ပြောသည်။ တချို့တွေက တော့ ပိတ်ကားပေါ်သို့ တင်ပြလိုက်ကြသည်။ မည်သို့တင်ပြသည်ဖြစ်စေ ၀တ္ထုတစ်ပုဒ်၏ အခြေခံစည်းမျဉ်းသည် ချောမွေ့ပြေပြစ်ခြင်း ဖြစ်သည်။ ၀တ္ထုတစ်ပုဒ်တွင် စာထောင့်မနေစေဖို့ လိုအပ်သည်။ တစ်ပိုဒ်နှင့်တစ်ပိုဒ် အဆက်ပြတ်မနေစေဖို့ လိုအပ်သည်။ ထိုသို့ အဆက်မပြတ်စေရန်အတွက် ပုံပြောကောင်းဖို့လိုသည်။ ထို့ကြောင့်ပင် စကားပြောဟန်ဖြင့် ရေးသည့် ၀တ္ထုများ များလာခြင်းဖြစ်သည်ဟု ထင်မိပါသည်။ ကျွန်တော် ပထမဆုံးပုံနှိပ်ခံရသည့် ၀တ္ထုသည် စကားပြောဟန်ဖြင့် ရေးမိခြင်း ဖြစ်ကြောင်း ယခုနောက်ပိုင်းမှ သုံးသပ်မိခြင်း ဖြစ်သည်။
စကားပြောဟန်ဖြင့်ရေးခြင်းက စာဖတ်သူ၏ အာရုံထဲသို့ ချောမွေ့စွာ ၀င်ရောက်သွားသည်။ စာတစ်ပုဒ်ဆုံးသည့်အခါ ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်သွားမည် ဖြစ်မည်။ နောက်ရက် ပြန်စဉ်းစားကြည့်မည် ဆိုပါက အဖြစ်အပျက်အကြောင်းအရာကိုသာ မှတ်မိတော့သည်။ စကားပြောဟန်ဖြင့် ရေးခြင်း၏ အားနည်းချက် ဖြစ်သည်။ သို့သော် ဆရာမဂျူး၏ အမှတ်တရသည်ကား ချွင်းချက်ဖြစ်သည်။ ပုံပြင်ပြောသလို အတွေးများ၊ အဖြစ်အပျက်များကို ကရားရေလွှတ်တင်ပြထားသောကြောင့် စကားပြေဖြင့်ရေးထားသော်ငြား စကားပြောဟန် ကဲသည့် ၀တ္ထုဖြစ်သည်။ ထိုဝတ္ထုထဲမှ စကားလုံးတို့ကို စာဖတ်ပရိတ်သတ်တို့ အလွတ်ရနေကြသည်။ ကျွန်တော်သည်ပင် ထိုအထဲမှ စကားပြောခန်းတချို့ကို အလွတ်ရနေသေးသည်။
“ အအေးမိတာလား…”
“ ထင်ပါရဲ့…”
“ ချောင်းဆိုးလား…”
“ ဟုတ်ကဲ့…”
မောင့်မျက်နှာ နည်းနည်းပြုံးနေ၏။
“ လည်ချောင်းနာသလား …”
“ ဟုတ်ကဲ့…”
ကျွန်မ ရယ်မောလိုက်၏။
“ ဆရာမ၊ ကျွန်တော်ဘာဆေးသောက်ရမလဲ …”
“ အိုးလ်ဒ် ဘရန်ဒီ…”
မောင်က ဟက်ဟက်ပက်ပက် ရယ်မောသည်။
ဆရာမ၏ ပုံပြောအတတ်ပညာကြောင့် ၀တ္ထုထဲမှ ယုတ္တိမတန်မှုတချို့ကို ကျွန်တော်တို့မစဉ်းစား မိကြ တော့ချေ။ ပထမအကြိမ် ဖတ်ပြီးသော် ကျွန်တော် ၀တ္ထုထဲတွင် မျောနေသည်။ ဒုတိယအကြိမ်ပြန်ဖတ်သည့် အခါမှာတော့ မေးစရာမေးခွန်းလေးတချို့ပေါ်လာသည်။ ဆိုလိုသည်က စကားပြေ၊ စကားပြော ရောနေ သည့်တိုင် ဤ၀တ္ထုလေးကိုဖတ်ပြီး ဆရာမ၏ အမာခံပရိတ်သတ် ဖြစ်သွားကြသူ များသည်။ ကျွန်တော်လည်း ထို့အတူပင် ဖြစ်သည်။ စကားပြေ၊ စကားပြော ရောထွေးရေးသည်ကို ဆရာကြီးသော်တာဆွေ၏ ၀တ္ထုများတွင်လည်း တွေ့ရတတ်သေးသည်။
စကားပြေဟန်ဖြင့်ရေးခြင်းကြောင့် စာဖတ်သူများ စာရေးဆရာကြီးများ၏ တချို့စာပိုဒ်တွေကို ပင် အလွတ်ရွတ်ပြနိုင်သည်အထိ စွဲမြဲသွားစေတတ်သည့် ဆရာကြီးများ ရှိသည်။ ပမာဆိုရလျှင် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ဖြစ်သည်။ ကျွန်တော့်တွင် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ ၀တ္ထုထဲမှ စာသားများကို အလွတ်ရွတ်ပြနိုင်သည့် သူငယ်ချင်းတော်တော်များများ ရှိသည်။ ဆရာကြီး မင်းဆွေ၏ ဓားဝတ္ထုထဲမှ စာသား များကို ဆရာကြီး အောင်သင်းမှ စာပေဟောပြောပွဲတစ်ခုတွင် အလွတ်ရွတ်ပြသည်ကို နားထောင်ခဲ့ရ ဖူးသည်။
စကားပြေဖြင့် ရေးသည့်အခါ သဒ္ဒါစည်းကမ်း၊ ပုဒ်အထားအသိုတို့ကို ပို၍ဂရုစိုက်ရသည်။ (စကားပြောဖြင့်ရေးသူများသည် သဒ္ဒါမနိုင်၍ရေးသည်ဟု စွပ်စွဲပုတ်ခတ်လို၍ ဤစာကိုရေးသည်ဟု စာဖတ်သူများမှ အထင်မမှားစေလိုပါ။ သို့သော် စကားပြေဖြင့်ရေးသည်ထက် ပို၍လွယ်သည်ဟု ထင်မိပါသည်။) စကားပြေဖြင့် ရေးသားခြင်း၏ အားသာချက်မှာ ပရိသတ်ရင်ထဲသို့ ထိထိရှရှစွဲမြဲစေခြင်းဖြစ် သည်။ အားနည်းချက် မှာမူ စာဖတ်သူ၏ စိတ်ရှည်သီးခံမှုကို မျှော်လင့်ရခြင်းဖြစ်သည်။ စာဖတ်သူက စိတ်မြန်သူဖြစ်နေလျှင် သူသိလိုသော အကြောင်းအရာကိုသာ လှန်လှော၍ ဖတ်သွားမည်ဖြစ်သည်။ စာချစ်သူဆိုစေဦး အချိန်မရတော့ သဖြင့် နောက်မှအချိန်ယူဖတ်မည်ဟုဆိုကာ စာအုပ်အဖုံးကိုပိတ်ပစ် လိုက်ခြင်းမျိုး ကြုံရနိုင်သည်။
ယနေ့ခေတ်သည် အင်တာနက်ခေတ်ဖြစ်သည်။ အရာရာကို အလျင်လိုကြသည်။ ဖေ့စ်ဘွတ်ခ် သုံး ရာမှာပင် မနှစ်သက်သည့်ပို့စ်ကို မောက်စ်ပေါ်မှ ဘီးကလေးပွတ်ကာ ကျော်ပစ်တတ်သူများဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ စာရေးသူများသည် စကားပြေဖြင့်ရေးမည်ဆိုလျှင် မတိုလွန်း၊ မရှည်လွန်းသည့် ပုံဟန်မျိုးဖြင့် ရေးဖွဲ့သင့်သည်ထင်ပါသည်။ စာဖတ်သူ၏ အချိန်ကို အလွန်အမင်း ဆွဲယူသုံးထားခြင်းမျိုး မဖြစ်စေရန် အဖွဲ့အနွဲ့များ အိုင်ကျင်းနေခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်သည်။
စကားပြောဖြင့်ရေးသားမည်ဆိုလျှင်လည်း ညင်သာညက်ညောစွာဖြင့် ပြောပြသွားသင့်သည်။ စာဖတ်သူကို တယဥ့်တိုက် ဆွဲခေါ်ခြင်းမှ ကင်းရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် အချိန်လည်းပိုနေ သော ကြောင့် သို့မဟုတ် ဖတ်လက်စဖြစ်နေ၍ စာရေးသူဆွဲခေါ်ရာသို့ တရွတ်ဆွဲလိုက်နေရခြင်းမျိုးလည်း ရှိတတ်သေးသည် မဟုတ်လား။
တချို့တွေကတော့ စိတ်ထဲရှိတာ ရေးလိုက်တာပဲဟု ပြောတတ်ကြသည်။ စိတ်ထဲရှိတာရေး သည် မှန်သော်လည်း ထိုခံစားချက်ကို ပေးဖတ်လိုသည့်အတွက် စာမျက်နှာထက်၊ အွန်လိုင်းထက်သို့ တင်ခြင်းဖြစ်သည်။ စာတစ်ပုဒ်ရေးတော့မည်ဆိုလျှင် ပေးလိုသည့် မက်ဆေ့ခ်ျလေးတစ်ခုတော့ ခိုင်ခိုင်မာမာရှိ နေသင့်သည်။ မည်မျှကောင်းသော လက်ဖက်ခြောက်ဖြစ်စေ ရေနွေးခရားပဲ့ဖြင့် ထည့်တိုက်လျှင် လက်ဖက်ခြောက်ကောင်းကြောင်း ချီးမွမ်းမည်မဟုတ်ပေ။
ထိုကြောင့်ကိုယ်ပေးလိုသည့်အရာလေးကို စကားပြေဖြင့်သော်လည်းကောင်း၊ စကားပြောဖြင့် သော်လည်းကောင်း လှလှပပထုပ်ပိုးကာ စာဖတ်သူလက်ထဲ ထည့်နိုင်ခဲ့မည်ဆိုပါလျှင်…။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com
(၂၁.၅.၂၀၁၆ နေ့လည် ၁၂း၀၀ နာရီတိတိပြီး)
(PS: ဤဆောင်းပါးသည် စာရေးသူ၏ ထင်မြင်ယူဆချက်များသာ ဖြစ်ပါသည်။ မတော်တဆ ခံစားချက်ခြင်း၊ တွေးခေါ်ပုံခြင်း နီးစပ်ခဲ့မည်ဆိုပါက မိကျောင်းမင်း ရေခင်းပြသည်ဟု မယူဆစေလိုပါ။ အယူအဆ လွဲနေလျှင်သော်လည်းကောင်း၊ အမြင်တိမ်နေခဲ့လျှင်သော်လည်းကောင်း စာဖတ်သူများမှ လက်တို့၍ သွန်သင်ပေးကြပါရန် ရိုးသားစွာ တောင်းခံပါသည်။)

Comments
Post a Comment