ဘဝကို အကောင်းဆုံးထုဆစ်မယ်ဆိုရင်

ဘဝကို အကောင်းဆုံးထုဆစ်မယ်ဆိုရင်

တချို့တွေက ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းကြသည်။ တချို့တွေကတော့ ပျော်ချင်ယောင်ဆောင် ရင်း ဖြတ်သန်းကြသည်။ တချို့တချို့တွေက ငြိုငြင်မှုအပြည့်နှင့် ဖြတ်သန်းနေကြရသူများ ဖြစ်သည်။
မည်သူ့တွင်မျှ ဘဝအပို ပါမလာခဲ့ကြချေ။ လုပ်ငန်းအမျိုးမျိုး၊ အသိုင်းအဝိုင်းအမျိုးမျိုးနှင့် ပတ်သက် ဆောင်ရွက်နေကြရသည်ပင် ဘဝအမျိုးမျိုးပိုင်သည်ဟု ထင်နေကြသူတွေ များသည်။ တကယ်တော့ ကိုယ့်ရဲ့ပြုမူ ဆောင်ရွက်မှုအားလုံးသည် ကိုယ့်ဘဝပဲဖြစ်သည်။
ကျွန်တော် ဆိုချင်သည်က လူတစ်ယောက် ဘုရားသွား ဘုရားရှိခိုးသည်။ အပြန်တွင် ဖိနပ်ခိုးပြီးပြန်လာသည်။ တချို့က ဒါကို သူတော်ကောင်းဘဝ၊ သူခိုးဘဝ စသဖြင့် မှတ်ယူတတ်ကြသည်။ တကယ်တော့ လူတစ်ယောက်ထဲက လုပ်နေတာဖြစ်သည်။ ဘုရားရှိခိုးပြီး ဖိနပ်ခိုးတာ သူ့ဘဝပဲဖြစ်သည်။ သူတော်ကောင်းလည်း မဟုတ်သလို၊ သူခိုးလည်း မဟုတ် ချေ။ လူတွေက တံဆိပ်အမျိုးမျိုး ကပ်နေခြင်းသာဖြစ်သည်။ ချဉ်သည့်အပိုင်းရှိမည်၊ ချိုသည့်အပိုင်းရှိမည်။ နောက်ဆုံး ခါးသည့်အပိုင်းလည်း ရှိနေနိုင်သည် မဟုတ်လား။ သလဲသီးထဲတွင် အကန့်အမျိုးမျိုး ရှိနေသော်လည်း ခေါ်သည့်အချိန်တွင်တော့ သလဲသီးဟု ခေါ်မှ မှန်မည်ဖြစ်သည်။
ဘဝဆိုသည်က ကိုယ်ထုဆစ်လိုက်သည့်အတိုင်း ပုံပေါ်လာတတ်သည်။ ဘဝကို ပုံဖော်သည်မှာ ကိုယ်တိုင် ပင်ဖြစ်သည်။ ကျွန်းသစ်မှ၊ ပိတောက်မှဆိုပြီး လိုချင်ပေမယ့် ကိုယ့်အလှည့်မှာ ရသည်က အသားပွသစ်လည်း ဖြစ်နေနိုင်သည်။ အသားမကောင်းလို့ဆိုပြီး ကျွန်တော်တို့ ပုံမဖော်ဖြစ်ဘူးဆိုလျှင် ထင်းအဖြစ်၊ သစ်ဆွေးတုံးအဖြစ်နှင့် ဇာတ်သိမ်းရမှာပဲဖြစ်သည်။ မိုးလုံလေလုံနှင့် ဧည့်ခန်းကို ကျွန်တော်တို့ ဘယ်တော့မှ ရောက်မည်မဟုတ်တော့။ အသားမကောင်းသော်လည်းမယ့် ဘဝကို အကောင်းဆုံး ထုဆစ် ခဲ့မည် ဆိုလျှင်တော့ ကျွန်တော်တို့အတွက် ထိုက်သင့်သည့် ဧည့်ခန်းတစ်ခုက စောင့်ကြိုနေမှာပဲဖြစ်သည်။
ကံဇာတ်ဆရာ ပစ်ချသည့် ဘဝအိမ်ကို ကျွန်တော်တို့ဘက်မှ အကောင်းဆုံး တည်ဆောက်နိုင်ရန် သာလိုသည်။ (The United States)ဆိုသည့်စာအုပ်ကိုဖတ်ဖို့အရေး မိုင်(၂၀)မျှ ခြေလျင်လျှောက်ကာ ဆီးနှင်းများကြားမှ သွားငှားရသည့် လူငယ်လေးတစ်ဦးသည် ကံဇာတ်ဆရာပစ်ချသည့်အတိုင်း မီးလင်းဖို လေးဘေးတွင် ကွေးကွေးလေးသာ အိပ်နေခဲ့မည်ဆိုပါက အမေရိကန် သမ္မတတစ်ဦး၏အမည်ကို ကျွန်တော်တို့ သိခွင့်ရခဲ့မည် မဟုတ်ချေ။ ထိုသူမှာ အမေရိကန်၏ (၁၆)ယောက်မြောက် သမ္မတဖြစ်သည့် (Abraham Lincoln)အေဗရာဟင်လင်ကွန်း(လင်ကန်) ဖြစ်သည်။
မြန်မာနိုင်ငံမှ လူငယ်လေးတစ်ဦးသည် စာပေဗဟုသုတကင်းစွာဖြင့် လူငယ်ဘဝကို ပေါ့ပါးပျော်ရွှင် စွာ ဖြတ်သန်းခဲ့မည်ဆိုပါလျှင် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူအများသည် ကုလသမဂ္ဂတွင် (၃)ယောက်မြောက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပန်းတနော်နယ်သား ဦးသန့်အကြောင်းကို မှတ်ခွင့်သာ မည် မဟုတ်ခဲ့ချေ။
ဘဝကို အကောင်းဆုံးထုဆစ်ရာတွင် မလိုသည့်အပိုင်းအတော်များများကို ဖဲ့ထုတ်ပစ်ဖို့လိုသည်။ တချို့မှာ မသိ၍ ဖြစ်သည်။ တချို့မှာ မရှိ၍ဖြစ်သည်။ မကောင်းသည့် အလေ့အကျင့်ကို ဖယ်ထုတ်ပစ်ရန် အတွက် သတ္တိရှိဖို့လိုသည်။ ကျွန်တော်တို့ လူငယ်အများစုမှာ ထိုအပိုင်းကို ဖဲ့ထုတ်ပစ်ဖို့ရန် နှမျောနေ တတ်ကြလေသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်၊ ကာရာအိုကေဆိုင်များနှင့် ဘော်လုံးပွဲများတွင် လူများ နေကြခြင်းဖြစ်ကာ စာကြည့်တိုက်များတွင် လူနည်းနေရခြင်း ဖြစ်သည်။
ယခုအခါတွင် စာကြည့်တိုက်ကြီးများကို မိမိတို့အိမ်သို့ရွှေ့နိုင်လာသည်။ မိမိတို့သွားရာနေရာသို့ ဗဟုသုတ သိုက်ကြီးကို သယ်သွားနိုင်ကြပြီဖြစ်သည်။ လူတိုင်းတွင် ခေတ်မှီဖုန်းများရှိနေကြသောကြောင့် ဖြစ်သည်။ အွန်လိုင်းစာမျက်နှာထက်မှနေ၍ ကျွန်တော်တို့၏ သိမှုနယ်ပယ်ကို ချဲ့ထွင်နိုင်သည်။ အသိပညာ ဗဟုသုတများ၊ သင်ခန်းစာများကို အခမဲ့ဖြန့်ဝေပေးနေသည့် (Website)များ ရှိသည်။ သင့်ထံမှ တံခါးခေါက် ရန်သာလိုသည်။ တွန်းကြည့်ရန်သာ လိုသည်။ အဘယ့်ကြောင့်ဆိုသော် တချို့တံခါးများက စေ့ရုံသာ စေ့ထားသော တံခါးများဖြစ်နေ သောကြောင့် ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ပြာပုံဘဝရောက်ခဲ့ရသည့် ကျွန်းစုနိုင်ငံဂျပန်သည့် ယနေ့တွင် ကမ္ဘာ့ ထိပ်တန်း နိုင်ငံအဖြစ် ရပ်တည်နိုင်ခြင်းမှာ ဂျပန်လူမျိုးတိုင်း မိမိဘဝကို မိမိကိုယ်တိုင် အကောင်းဆုံး ထုဆစ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လမ်းလျှောက်ကာစ ကျွန်တော်တို့ နိုင်ငံသည် မဝေးတော့သော ကာလတစ်ခုတွင် အာရှ၏ကျားတစ်ကောင်ဖြစ်လာပေလိမ့်မည်။ ကမ္ဘာ့ ထိပ်တန်းနိုင်ငံကြီးများနှင့် ရင်ဘောင်တန်းနိုင် ပေလိမ့်မည်။ ထိုသို့ဖြစ်ရန်အတွက် မြန်မာလူမျိုးအသီးသီးမှ မိမိဘဝကို ကိုယ်တိုင် အကောင်းဆုံးထုဆစ်ကြရန် လိုပါသည်။ မိမိဘဝကို ကိုယ်တိုင် မြှင့်တင်ကြရန် လိုပါ သည်။
ကိုယ်ထူ ကိုယ်ထဆိုသော စကားကို ကြားဖူးကြမည် ထင်ပါသည်။ သူများထူမှ ထမည်ဆိုပါလျှင် ဘာတစ်ခုမျှ မတုန့်ပြန်ရသည် ဆိုစေဦး အချိန်တစ်ခုကိုတော့ဖြင့် စောင့်ရမည်မှာ အမှန်ဖြစ်သည်။ လုပ်ရမည်။ ထ ရမည်။ ကျွန်တော်တို့အားလုံး၏ ကြိုးပမ်းအားထုတ်မှုများသည် မိမိတို့၏ဘဝကို ကိုယ်တိုင် မြှင့်တင်နေကြခြင်းသာဖြစ်သည်။
ဆင်းဆင်းရဲရဲ မွေးလာတာ မင်းအပြစ်မဟုတ်ဘူး၊ ဆင်းဆင်းရဲရဲသေသွားရင်တော့ မင်းအပြစ် ဆိုသော စာသားကို တက်ကျမ်းစာအုပ်တစ်ခုတွင် ဖတ်မှတ်ခဲ့ဖူးသည်။ မည်သည့်ခေတ်၊ စနစ်၊ အခြေအနေ တွင် မွေးဖွားလာသည်ဖြစ်စေ သား၊ မြေးများအတွက် ကျွန်တော်တို့ ချန်ထားရစ်ခဲ့ရမည့် တိုင်းပြည်ကြီးသည် ကျွန်တော်တို့ မွေးဖွားစဉ်တုန်းကအတိုင်းဆိုပါက တာဝန်ကျေသည့် တိုင်းသူပြည်သားတစ်ယောက် မဟုတ် သည်မှာ သေချာသည်။
“ ငါက မြန်မာနိုင်ငံမှာနေတာ …”
ထိုသို့သော စကားများဖြင့် ဂုဏ်ယူဝင့်ကြွားလိုပါလျှင် သင်ကိုယ်တိုင် မြန်မာနိုင်ငံသားကောင်း တစ်ယောက်ဖြစ်ဖို့ လိုပါသည်။ စာပေမြှင့်မှ လူမျိုးမြင့်မည်၊ လူမျိုးမြင့်မှ တိုင်းပြည်တင့်မည် ဖြစ်သည်။ ခေတ်အဆက်ဆက် စာပေများကို လေ့လာသုံးသပ်ပြီး ကျွန်တော်တို့၏စာပေယဉ်ကျေးမှုသည် ကမ္ဘာ့ အဆင့်မှီကြောင်း သိခဲ့ရသည်။ ဘိုးဘေးများ၏ သမိုင်းကြောင်းကိုလေ့လာပြီး သတ္တိ၊ ဗျတ္တိသာမက လုပ်နိုင်စွမ်းမြင့်မားသည့် လူမျိုးဖြစ်ကြောင်း သိရသည်။ အကြောင်းကြောင်းကြောင့် နောက်ကျကျန်ခဲ့ရသည့် ကျွန်တော်တို့တိုင်းပြည်ကြီးကို ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုသည့်စကားအတိုင်း တစ်ယောက် တစ်လက်ဖြင့် ညီညာစွာတပြိုင်တည်း တွန်းကြမည် ဆိုပါလျှင်…။
ထို့ကြောင့် တိုင်းပြည်ကြီးပွားတိုးတက်လိုသူ ကျွန်တော်တို့အားလုံး မိမိပိုင်သည့်ဘဝကို မိမိကိုယ်တိုင် အကောင်းဆုံး ထုဆစ်ကြရန်သာ လိုပါတော့သည်။

ထူးအောင်ဝင့်
https://htooaungwintt.blogspot.com
ချင်းတွင်းဂျာနယ်
မူရင်းဓာတ်ပုံရှင်အား Credit:

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း