အသွား



အသွား

“ ဂွတ်ဒ်လပ်ခ်…”
ထိုအသံနှင့်ကပ်လျက် ဂျိမ်းဆိုသည့် သံတံခါးပိတ်သံကို သူကြားလိုက်သည်။ လည်တိုင်ကို အသာငဲ့ရင်း ကြည့်လိုက်တော့ မှောင်ရိပ်ကျနေသည့် တံခါးနောက်ကွယ်မှ အသံရှင်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ သူခေါင်းကို ဆတ်ခနဲညိတ်ရင်း အေးစက်စက်ဆိုင်ကယ်ပေါ်သို့ တက်လိုက်သည်။

ရှေ့တူရူကို ကြည့်မိသည်။ မြို့ငယ်လေးရှိ လမ်းသွယ်လေးက တိတ်ဆိတ်လွန်းမက တိတ်ဆိတ် နေသည်။ သူသော့ဖွင့်လိုက်တော့ စိမ်းပြာရောင်မီးနှင့်အတူ ဆီဒိုင်ခွက်တွင် ဆီအပြည့်ဖြစ်နေကြောင့် သင်္ကေတကို တွေ့လိုက်ရသည်။ ဟဲန်းဘရိတ်ကို ဆွဲရင်း စတတ်တာကို အသာဖိလိုက်စဉ် တိတ်ဆိတ်ခြင်းထဲမှ ဖောက်ထွက်လာသည့် စက်သံကိုကြားလိုက်ရသည်။ လမ်းဘေးဝဲယာမှ အုတ်တံတိုင်းဘေးနားတွင် ကပ်ဝပ်နေကြသည့် ခွေးတချို့ ခေါင်းထောင်လာကြသည်။ နောက်တော့ အနေးဓာတ်ပျက်မှာစိုးသည့်အလား ပြန်ဝပ်သွားကြသည်။  နှင်းရည်စိုရွဲစ ပြုလာသည့်ညက သူတို့၏  သဘာဝတာဝန်ကို လစ်လျူရှုစေခဲ့သည်။ သူကတော့ နေပူသည်ဖြစ်စေ၊ မိုးသည်းသည်ဖြစ်စေ၊ နှင်းမစဲသည်ဖြစ်စေ သူ့တာဝန်ကို လစ်လျူရှု၍ မရကြောင်း သိသည်။
သူမေးကြောတင်းသွားမှ အံကြိတ်လိုက်မိမှန်း သတိထားမိသည်။ နံပါတ်ဝမ်းဂီယာကိုထိုးကာ စထွက်လိုက်သည်။ နောက်တော့ နံပါတ်တူး။ နံပါတ်သုံးဂီယာကိုထိုးစဉ် မီးမလင်းတော့သည့် ဓာတ်တိုင်အောက် တွင် ဦးထုပ်တစ်လုံးခပ်ငိုက်ငိုက်ဆောင်းထားသည့် လူတစ်ယောက်ရှိနေကြောင်း မျက်ဝန်းထောင့်စွန်းတွင် မြင်လိုက်ရသည်။ ညဂိုဏ်းသမားတစ်ယောက်အနေနှင့် အရာရာကို သတိရှိထားခြင်းက အကောင်းဆုံး မဟုတ်လား။ နံပါတ်လေးဂီယာကို ထိုးပြီးနောက် ဆစ်ဂနယ်ကို ညာဘက်သို့ ပြထားလိုက်သည်။ လမ်းထောင့်စွန်းသို့ သိပ်မကပ်မိစေရန်နှင့် ထိုထောင့်စွန်းမှ တစ်ဦးတစ်ယောက်ပေါ်လာနိုင်သည်ဟူသော အသိကိုလည်း လက်မလွတ်စေရ။
သူမောင်းနေသည့် လမ်းအဆုံး လမ်းမကြီးပေါ်မှာဖြတ်သွားသည့် ကားတစ်စီး၏ မီးရောင်ကို ဖြတ်ခနဲမြင်လိုက်ရသည်။ တကယ့်ကို တခဏလေး။ သူနာရီကို ငုံ့ကြည့်လိုက်သည်။ တွမ်တီဖိုက်ဟာဝါဟု တံဆိပ်တပ်ထားသည့် သူ့နာရီထံမှလက်တံတို့က အချိန်တစ်ခုကို ညွှန်းဆိုနေသည်။ အချိန်နည်းနေပြီဆိုတာကို သူသိသည်။ လမ်းရိုးအတိုင်း သွားဖို့မဖြစ်နိုင်တော့။ သူဖြတ်လမ်းသုံးရမည်။ ထိုလမ်းသည် …။ အတွေးမဆုံးမီ ဆစ်ဂနယ်ကို ဘယ်ဘက်သို့ပြရင်း ကွေ့လိုက်သည်။ မှောင်မိုက်နေသည့်အပြင် သစ်ပင်ကြီးငယ်တို့ အုံ့ဆိုင်းနေသည့် တောလမ်းငယ်တစ်ခုလိုဖြစ်နေသော နေရာတစ်ခုကို သူဖြတ်သန်းမိပြီဖြစ်သည်။ ရွေရောင်ဝင်းသည့် ဘုရားစေတီတစ်ဆူကို နေ့ခင်းပိုင်းတွင် ကြည်ညိုဖွယ်ရာ ဖူးတွေ့နိုင်မည်ဖြစ်သော်လည်း ယခုလို ညအမှောင်အချိန်မှာတော့…။
“ ဂစ်…ဂစ်…ဂီး…”
ညဥ့်ငှက်သံကြောင့် လီဗာကို အနည်းငယ်လျော့သယောင် ထင်လိုက်ရသည်။ ခပ်ဝေးဝေးမှ
ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံများကို ကြားလိုက်စဉ် ဤနေရာနှင့် ပတ်သက်သည့် သရဲ၊ တစ္ဆေပုံပြင် များကို အမှတ်ရလိုက်သည်။ နှုတ်ခမ်းထောင့်စွန်းလေးတွန့်ရုံ ကွေးသွားသည်။ တုတ်၊ ဓားပုံပြင်များအကြောင်း အတွေးထဲရောက်လာသည့်အခါမှာတော့ သူမျက်မှောင်ကုတ်လိုက်သည်။ ရှေ့နှင့် ဘေးဘီဝဲယာသို့ အာရုံတွေကို ဆန့်ထုတ်ထားလိုက်သည်။ ဆိုင်ကယ်ဖြတ်သန်းရာလမ်းတလျောက် သစ်ပင်ထက်များဆီမှ တဝေါဝေါထပျံကြသည့် အသံများကို နောက်မှာ ချန်ထားရစ်ခဲ့လိုက်သည်။ ရှေ့မှာ မုဒ်ဝတစ်ခု။ တုတ်၊ ဓားပုံပြင်တို့ အများဆုံး ဖြစ်ပွားနေရာတွေထဲမှ တစ်ခု။ သူ ဘေးတစ်ဖက်တစ်ချက်ကို အာရုံစိုက်လိုက်သည်။
သို့သော် ထူးခြားချက်တစ်ခုမျှ မရှိ။ ရှေ့တွင် မိန်းလမ်းမကြီးဆီသို့သွားသော လမ်းမကျယ်ကြီးတစ်ခုကို တွေ့လိုက်မိစဉ် အရှိန်ပြင်းပြင်း ဖြတ်မောင်းသွားသည့် ဆလွန်းကားတစ်စီးကို တွေ့လိုက်ရသည်။ ဒါခုနက ကားပဲနေမှာဆိုသော အတွေးကို တွေးလိုက်မိစဉ် သူပြုံးလိုက်သည်။ ထို့နောက် ဘယ်ဘက်သို့ ဆစ်ဂနယ်ကိုပြရင်း ဆလွန်းကားနောက်သို့ လိုက်ရင်း အရှိန်တင်လိုက်သည်။ ကားနောက်ခန်းတွင်ထိုင်နေသည့် လူနှစ်ဦးနောက်သို့လှည့်ကြည့်သည်ကို ဆိုင်ကယ်မီးရောင်အောက်တွင် မြင်လိုက်ရသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး။ သူတို့ဘာဆိုတာကိုသိနေသည့် သူက အရှိန်ပြင်းပြင်းမောင်းနေသည့် ကားကိုကျော်တက်ရန် ကြိုးစားကြည့်သည်။ ကားနှင့် ဘေးခြင်းယှဉ်မိစဉ် ဒရိုင်ခုံမှာထိုင်နေသည့် ငတိတစ်ကောင်က မှုန်ကုပ်ကုပ် လှမ်းကြည့်သည်။  ထီမထင်သော အပြုံးတစ်ခုကို သူပြုံးလိုက်မိစဉ် လေးညှို့မှ မြှားတစ်စင်းပမာ ကားက ပြေးထွက်သွားသည်။ ရှေ့တွင် မီးရထားလမ်းဆုံတစ်ခု…။
ဆလွန်းကားနက်က ညာဘက်သို့ ဆစ်ဂနယ်ရိုက်ရင်း ဖြတ်ခနဲကွေ့လိုက်စဉ် ကျယ်လောင်သည့် ထရပ်ကားဟွန်းသံများ၊ ဘရိတ်ဖမ်းသံများ ထွက်လာသည်။ ထရပ်ကားပေါ်မှ ခပ်တုတ်တုတ်လူတစ်ဦး ဆင်းလာသည်။ သူ့လက်ထဲမှ ပြောင်လက်နေသည့် ဓားရှည်တစ်ချောင်းကို နီယွန်မီးများ အောက်တွင် မြင်နေရသည်။ ဆလွန်းကားမှာ အရှိန်တန့်သွားသည်မှအပ မရပ်ဘဲ မြောက်ဘက်သို့ အရှိန်ပြင်းပြင်း မောင်းထွက်သွားသည်။ သူ ဆလွန်းကားချိုးရာဆီသို့ မမောင်းတော့ဘဲ မိန်းလမ်းမကြီးရှိရာ အနောက်အရပ်သို့ အရှိန်ပြင်းပြင်းနှင့် ခွင်းခဲ့လိုက်သည်။ ရှေ့တွင် (Black Sea Restrant)။ ထိုဆိုင်တွင် အများဆုံး ထိုင်တတ်ကြသည်က …။ အတွေးမဆုံးမီပင် ဆိုင်ရှေ့တွင် ရပ်ထားကြသည့် ဖိုက်တာများကို တွေ့လိုက်ရသည်။ ယိုင်ထိုးထိုးနှင့် ဆိုင်ထဲမှ ထွက်လာသူသည် သိမ်းငှက်ပုံသားရေအင်္ကျီဝတ်ထားကြောင်း ကျင့်သားရနေသည့် မျက်စိအစုံက သိလိုက်သည်။
မီးရောင်ကို လက်ကာရင်း လှမ်းကြည့်နေသည့် ငတိကို သူ မသိကျိုးကျွံပြုလိုက်သည်။ ခု ချိန်မှာ သူ အချိန်မီရောက်ဖို့ အရေးကြီးသည် မဟုတ်လား။ သူ အချိန်မဖြုန်းနိုင်သေးတာကို သိသည်။ ထို့ကြောင့် လီဗာကို ထပ်မြှင့်လိုက်သည်။ ရှေ့တွင် ငါးပွင့်ဆိုင်လမ်းချိုး။ မြို့ငယ်လေး၏ နာမည်ကြီး နေရာတစ်ခု။ ညာဘက်သို့ ဆစ်ဂနယ်ပြကာ အရှိန်ဖြင့်ပင် ချို့ကွေ့ပစ်လိုက်သည်။ အရှိန်ကြောင့် နောက်ဘီးချော်ထွက်သွားသည်ကို သိသည်။ ညာလက်ကို တောင့်ကာ ဘယ်ဘက်သို့ဆွဲရင်း လီဗာပြန်တင်သည်။ ယမ်းခါသွားသော်လည်း လူသူကင်းရှင်းနေသည့် ကတ္တရာလမ်းမထက်တွင် အရှိန်မပျက်ပြေးလွှားနေသည့် ဆိုင်ကယ်တစ်စီးပေါ်တွင် သူရှိနေသည်။ ယခုမှ သူဆိုင်ကယ်ဦးထုပ်ဆောင်းမထားကြောင်း သတိပြုမိသည်။ မျက်နှာကိုတိုးဝင်နေသည့် အေးရှရှလေများကို တဝကြီး ရှူသွင်းလိုက်သည်။ ထို့နောက် ထိုအရသာကို တပ်မက်စွာ လီဗာကို အဆုံးထိ ဆွဲထားလိုက်သည်။
အရှိန်ကြောင့် ဆိုင်ကယ်သည် မြင်းရိုင်းတစ်ကောင်လို ခုန်ပေါက်နေသည်။ ယခုချိန်တွင် လမ်းမပေါ်မှာ သူတစ်ယောက်ထဲ မဟုတ်လား။ ရှေ့မှာ မီးပွိုင့်တစ်ခု။ မြို့ငယ်လေး၏ ယဉ်စည်းကမ်းကို သူလစ်လျူရှုလိုက်သည်။ စီစီတီဗွီတွေ နေရာတိုင်းမှာ မရှိနိုင်သေးပါဘူး။ နောက်တခဏမှာတော့ သူဦးတည်ရာ ပန်းတိုင်ကို မြင်နေရပြီ။ ဆယ့်ခြောက်ဧကလောက်ကျယ်သော ဝန်းခြံကြီးတစ်ခု။ ထိုစဉ် ဆလွန်းကားနက်တစ်စီး ကန်ပတ်လမ်းဘက်မှ တိုးထွက်လာကာ ထိုဝင်းကျယ်ကြီးထဲသို့ ချိုးဝင်သွားသည်ကို နီယွန်မီးများ၏ အကူအညီဖြင့် မြင်လိုက်ရသည်။ နံပါတ်ကိုပင် ရှင်းပြတ်စွာ မြင်လိုက်ရခြင်းဖြစ်သည်။ သူ လမ်းမှာမြင်ခဲ့ရသည့် ဆလွန်းကားနက်ဆိုတာ သေချာသည်။ ဒါဆို သူတို့က အရင်ရောက်နှင့်ပြီပေါ့။
အတွေးအဆုံး ဘယ်ဘက်သို့ ဆစ်ဂနယ်ပြကာ ချိုးကွေ့လိုက်သည်။ ဆိုင်ကယ်ဖိုက်တာတို့ ကျက်စားရာ၊ လူမိုက်လက်သစ်တို့ ရာထူးတိုးရာ မှောင်မိုက်လမ်းကြား။ ထိုလမ်းသည် ကြယ်သုံးပွင့် ဟိုတယ်ကြီးနှင့် ငါးထပ်မြင့်သည့် (Shopping Mall) ကြီးကြားရှိလမ်းဖြစ်သည်။ လီဗာကို ခပ်ပြင်းပြင်းပုတ်ကာ မလျော့သောသတိဖြင့် ထိုလမ်းကြားကို ဖြတ်သန်းလိုက်သည်။ ထို့နောက်မှာတော့ မီးရောင်သဲ့သဲ့ မြင်ရသည်။ သူအရှိန်လျော့ပြီး ဖွင့်ထားသည့် တံခါးမှတစ်ဆင့် ဝင်းကျယ်ကြီးထဲသို့ ဖြတ်မောင်းဝင်ခဲ့လိုက်သည်။ လုံခြုံရေးအားလုံး ခေါင်းထောင်သွားသည်။ နောက်မှ သူ့မှန်းသိသွား၍ နေမြဲအတိုင်း ဆက်ထိုင်နေကြသည်။
 လုံခြုံရေးတစ်ယောက်နှုတ်ဆက်သည်ကို ခေါင်းဆတ်ရင်း ဆိုင်ကယ်ကို လွတ်ရာနေရာ တစ်ခုတွင် ထိုးရပ်ပစ်လိုက်သည်။ နောက် သော့တွဲလေးကို ယမ်းကာ သူသွားရမည့် နေရာဆီသို့ ဆက်ထွက်ခဲ့သည်။ ထိုနေရာတွင် သူ့အတွက် တာဝန်များရှိသည်။ သူလုပ်ရမည့် အရာများရှိသည်။ ညွှန်ကြားချက်များနှင့်အတူ သူရောက်မှ ပြန်ရမည့် သူများရှိသည်။ သူလို ညဂိုဏ်းသားတစ်ယောက်အနေနှင့် အချိန်တိကျဖို့လိုသည်။ လက်တွဲခဲ့သည့် ငါးနှစ်ကျော်ကာလအတွင် သူဘက်က နောက်မကျစေရ။ မပျက်ကွက်စေရ။
အားလုံးသည် အသက်မွေးဝမ်းကျောင်းမှုတစ်ခုအတွက် လုပ်နေကြသူများဖြစ်သည်။ ညဂိုဏ်းသား ဖြစ်နေသည့်တိုင် သူကတော့ သူ့အလုပ်ကို တန်ဖိုးထားသည်။ ဂုဏ်ယူသည်။ သူနေ့စဉ်သွားနေရသည့် အသွားခရီးစဉ်များသည် ရင်ခုန်လှုပ်ရှားဖွယ်ကောင်းရုံမက သူတွေ့ရမည့် ဖောက်သည်များသည်လည်း…။  
အတွေးအဆုံး သူလေချွန်လိုက်မိသည်။ 

ချစ်ခြင်းအားဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com
*****                                        *****                                        *****
(၂၄.၅.၂၀၁၆ နေ့လည် ၂း၂၂ မိနစ်ပြီး)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း