ဘဝသင်ခန်းစာ(၃၁)

ဘဝသင်ခန်းစာ(၃၁)

                   အမေရိကရှိ တက္ကသိုလ်တစ်ခုတွင် တကယ်ဖြစ်ပျက်ခဲ့သည့် ပုံပြင်တစ်ပုဒ်ဖြစ် ပါသည်။ တစ်ခါက တက္ကသိုလ်တစ်ခုတွင် ကျောင်းဆင်းခါနီး ဆရာက ..
“ကစားနည်းတစ်ခု ကစားရအောင်။ ဆရာနဲ့အတူ ဘယ်သူပါမလဲ”
ကျောင်းသူတစ်ဦးက ထရပ်ပြီး စင်မြင့်ပေါ်တက်လိုက်သည်။ ဆရာက “သင်ပုန်းပေါ်မှာ ကိုယ်နဲ့အရင်းနှီးဆုံး လူ ၂၀ ဦးရဲ့ နာမည်ကို ရေးလိုက်ပါ”
ဟုဆိုသည်။ သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစုနာမည်များကို ရေးချလိုက်သည်။ထို့နောက် ဆရာက
“အဲဒီနာမည်တွေထဲက မရှိလည်းဖြစ်တယ် မလိုအပ်ဘူး လို့ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ”
အိမ်နီးချင်းတစ်ယောက်၏ နာမည်ကိုသူဖျက်လိုက် သည်။ ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ ကျောင်းသားအားလုံး သင်ပုန်းကိုသာ စိတ်ဝင်တစား စူးစိုက် ကြည့်နေကြသည်။ စာသင်ခန်းတစ်ခုလုံးတိတ်ဆိတ်နေပြီး ကစားနည်းတစ်ခု ကစားနေ တာနှင့်ပင် မတူတော့ပေ။ ဆရာက တည်ငြိမ်သောအသံဖြင့် နာမည်တစ်ခု ထပ်ဖျက် ခိုင်းပြန်သည်။ သူမမှာ အရွေးရခက်သောဟန်ဖြင့် အကြာကြီးစဉ်းစားပြီးမှ မိဘဆို သည့်နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။
“နောက်တစ်ယောက် ထပ်ဖျက်လိုက်”
ဘေးမှဆရာ၏အသံက ထပ်မံထွက် လာပြန်သည်။ ဒီတစ်ခေါက် သူမ ဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခန်းနေ ဟန်တူသည်။ လက်ကို ဖြည်းဖြည်းချင်းမြှောက်ပြီး သားသမီးဆိုသည့်နာမည်ကို ဖျက်ချ လိုက်သည်နှင့် တစ်ပြိုင်နက် စိတ်ထိခိုက်သောအသံဖြင့် ချုံးပွဲချငိုကြွေးလေတော့သည်။ ဆရာက သူမအားနှစ်သိမ့်ပြီး …။
“ကိုယ့်ရဲ့အလိုအပ်ဆုံးနဲ့ အရင်းနှီးဆုံးလူဟာ မိဘနဲ့သားသမီးဖြစ်သင့်ပါတယ်။ မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးက ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစားပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ”
ဟုမေးလေသည်။ ကျောင်းသားများကလည်း သူမ၏အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
သူမက
“အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားရင် မိဘတွေက ကျွန်မကိုထားပြီး အရင်ထွက်သွားကြလိမ့်မယ်။ သားသမီးတွေလည်း ကြီးပြင်းလာရင် ကျွန်မကိုခွဲပြီး သွားကြလိမ့်မယ်။ အဲဒီအချိန်မှာ ကျွန်မဘေးမှာ တစ်သက်လုံး ကူညီဖေးမမယ့်သူဟာ ကျွန်မ ခင်ပွန်းသာဖြစ်ပါတော့တယ်။ ဒါကြောင့် သူ့ကိုမဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်ပါတယ်”
ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။

(PS: တစ်ဦးနဲ့တစ်ဦး ရွေးချယ်ပုံ တူချင်မှ တူမှာပါ။ ကိုယ့်အတွက် မရှိမဖြစ်ဆိုတာ ဘယ်သူလဲ သိထားဖို့ လိုပါတယ်)
Credit: နိုင်းနိုင်းစနေ
https://www.shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း