ပေါင်တစ်ဖက်သာ ထိုးကွင်းမင်ကြောင် ထိုးသော မင်းသား

ပေါင်တစ်ဖက်သာ ထိုးကွင်းမင်ကြောင် ထိုးသော မင်းသား

 တောင်ငူခေတ် စာဆိုနတ်ရှင် နောင်၏ ရတု အများစုမှာ အချစ် ရေး၊ အလွမ်းရေး ဟူသော နှလုံး သားရေးရာ များကို ဖွဲ့သော ရတု များဖြစ်သည်။ ပြုံးစရာ အကွက် ကလေးများကို ထည့်သွင်းရေးဖွဲ့ သော ရတုမျိုးလည်း အနည်း အကျဉ်း ပါဝင်သည်။
ထိုခေတ်က မင်းညီမင်းသား များ ကစားလေ့ရှိသော ကစားပွဲတစ်မျိုးမှာ “ဂူလီသဘင်” ဖြစ်သည်။ ကစားသူများ က မြင်းစီးလျက် ဂူလီ သီးခေါ် သစ်သားလုံးကို ဂူလီတံခေါ် တုတ်တံဖြင့် ရိုက်ကစားရသည်။ “ဂူလီသီး ကို မြေတွင် လှိမ့်၍ လည်းကောင်း၊ ရိုက်ခတ်၍ လည်းကောင်း၊ ဖမ်းယူမြှောက်ချီ၍ လည်းကောင်း” တစ်ဖက်လူဘက် သို့ ပို့ရဟန်တူ ကြောင်း ဆရာဇော်ဂျီ က ဆိုဖူးသည်။ “ဂူလီ”ကို “ကူလီ” ဟုလည်း ရေးသည်။ “ဗလီရိုက်သည်” ဟုလည်း သုံးသည်။ ယခုခေတ် တွင် ပိုလို ကစားသည်နှင့် တူသည်ဟု ဆိုသည်။
“ဝေယန္တာတွင်”ချီ “ခုနစ်တောင်စွန်”ချီ
နတ်ရှင်နောင်သည် “ဝေယန္တာ တွင်”ချီရတုနှင့် “ခုနစ်တောင်စွန်” ချီ ရတုတို့တွင် ဂူလီသဘင် ပွဲဆင်နွှဲပုံကို ဖွဲ့သည်။ မိခင်နှင့် အတူ ညီတော် များဖြစ်သော မင်းရဲကျော်စွာ၊ မင်းရဲ သီဟသူ၊ မင်းရဲကျော်ထင် တို့နှင့် ဘထွေးတော် သတိုးဓမ္မရာဇာပါ ဂူလီ သဘင် ဆင်နွှဲကြပုံ ကို ပျော်ရွှင်ဖွယ် ရေးဖွဲ့ထားခြင်း ဖြစ်သည်။ သတိုးဓမ္မ ရာဇာဘက်က နိုင်နေသည်ဟု ကြား၍ သတိုးဓမ္မရာဇာ ၏ ကြင်ရာတော် က ကျေးစေ၍ ဂူလီပွဲကို ကြည့်ခိုင်းပုံ၊ ဘထွေးတော် သတိုးဓမ္မရာဇာ ဘက်က  နိုင်နေပုံ၊ ပွဲကြည့်သူများ ကလည်း နိုင်မည်ဟု ထင်နေ ကြပုံ၊ နောက်ဆုံးတွင် ဘထွေးတော် အရှုံးကြီးရှုံး၍ လက်မှိုင်ချရပုံ တို့ကို ဖွဲ့ကာ ဘထွေး တော်ကို ကျီစယ် သည်။ တောင်ငူ ခေတ် က ယောက်ျားကောင်း များ အစွမ်းပြသည့် ပွဲသဘင်ဖြစ်သည်။
အန်ချင်း
 တောင်ငူခေတ်စာဆို ရဝေရှင်ထွေးသည် “အစောလေ” အစချီ အန်ချင်း၌ မိမိ မြင်တွေ့ရသော  နတ်ရှင်နောင် ၏ သွင်ပြင် မူရာကို ရေး ဖွဲ့ထားကြောင်း ပညာရှင်တို့ မိန့် ဆိုသည်။ နတ်ရှင်နောင် သည် “ဇာနည်မာတင် စီးတော်ဆင်”ထက်တွင် တင့်တယ်စွာ စံပယ်နေသည်။ ဇမ္ဗူ ရစ်ရွှေစင်နှင့် အမျက် ရတနာများစီ ခြယ်ထားသော မင်းဝတ်တန်ဆာ ကို ဆင်ယင်ထားသည်။ ထွားကျိုင်းသော ကိုယ်တော်မှာ စိမ်းမြမြ ထိုးကွင်းမင် ကြောင်များဖြင့် ကျားကျားလျားလျား ရှိလှသည်။ ယမန်နေ့က မိမိထံသို့ ကြွလာရာ တွင် သန်လျက်ကို ကိုင် ထား သည်။ တိမ်မီးခိုးရောင် ကြာ ခြည်ပုဆိုးနှင့် ရွှေရောင် ကတ္တီပါ အင်္ကျီကို ဝတ်ဆင်ထားသည်။ ခါးကို ပတ်၍ ထိုးထားသော မင်ကြောင်စိမ်း စိမ်းက တစ်ပိုင်း တစ်စပေါ်နေသည်။ ဗောင်းတော် ဆင်ထားသည်။ မဉ္ဇူပန်း ပန်ထားသည်။ မွှေးရနံ့ပေါင်းစုံဖြင့် ကြိုင်လှိုင်နေသည်။ ညနေ ခင်းတွင် လည်း နန်းတော်ရှေ့တွင် မြင်းစီးကာ ညီတော်များ၊ ကျေးကျွန်များနှင့် ဂူလီ သဘင် ဆင်နွှဲကြသည်။ ဤမြင်ကွင်း ကိုရဝေ ရှင်ထွေး က ကြည်ကြည်နူးနူး သရုပ်ဖော် ရေးဖွဲ့ခြင်းဖြစ်သည်။
ရဝေရှင်ထွေး ရေးဖွဲ့ပုံဖော်သော နတ်ရှင်နောင်၏ သွင်ပြင်ကို ပုံဖော် ကြည့်လျှင် ထိုခေတ်က ယောက်ျားကောင်း တို့၏ သွင်ပြင်အတိုင်း ခါးပတ်ပတ် လည်နှင့်ပေါင်တွင် ထိုးကွင်းမင်ကြောင် များလှလှပပ ထိုးထားပြီး ထိုးကွင်း စိမ်းစိမ်း ကလေးများပေါ်အောင် ပေါင် တစ် ဝက်လောက် ဖော်ပြီး ခါး တောင်း ကျိုက်ထားသည့်ပုံကို မြင် ယောင် ကြည့်နိုင်ပါသည်။ တောင်ငူ ခေတ် ယောက်ျားများ ၏ ဝတ်စားဆင် ယင် ပုံဖြစ်ပါသည်။ (ဆက်စပ်၍ ဆိုရလျှင် ယခုခေတ် ဇာတ်မင်းသားများ ကဲ့သို့ အောက်က ကတ္တီပါ ဘောင်းဘီခံ ပြီး တောင်ရှည် ပုဆိုး ခါးတောင်းကျိုက်သည့် ဝတ်ဆင်ပုံမှာ ကုန်းဘောင်ခေတ် တွင်မှ တွေ့ရသော ဝတ်ဆင်ပုံ ဖြစ်ကြောင်း ပညာရှင်တို့ ဆိုကြသည်။ လွတ်လပ်ရေး ရပြီးစ ၁၉၅ဝ ကျော် ကာလတွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်းက “နတ်ရှင်နောင်” ပြဇာတ် က ပြရာ တွင် တောင် ငူခေတ် ဝတ်စား ဆင်ယင်ပုံ ကို သုတေသနပြုပြီး ထို အတိုင်း ဝတ်ဆင်ကြသည့် အတွက် နတ်ရှင်နောင် အဖြစ် သရုပ်ဆောင်သူ ဦးချင်းစိန် (ရွှေညာမောင်)သည် အထက်ဖော်ပြပါ အတိုင်း ထိုးကွင်း မင်ကြောင် များပေါ်အောင် ခါးတောင်း ကျိုက်ပြီး သရုပ်ဆောင် သည့် အကြောင်း ထိုအချိန်က သတင်းစာ များတွင် ဓာတ်ပုံများဖြင့် ဖော်ပြသည် ကို ဖတ်ရဖူးပါသည်။)
“နဝမျက်ခြည်”ချီ
နတ်ရှင်နောင်သည် “နဝမျက် ခြည်” ချီမင်သေ့ (မင်ကြောင်)ဘွဲ့ရ တုတွင် ညီတော် မင်းရဲကျော်စွာကို ကျီစယ် ရေးဖွဲ့ထားသည်။ ဘာကြောင့် မှန်းတော့ မသိပါ။ ညီတော် မင်းရဲ ကျော်စွာ သည် ထိုးကွင်းမင်ကြောင်ကို ပေါင်တစ်ဖက်သာ ထိုးထားသည်ဟု ဆိုသည်။ ခါးပတ်လည်တွင် လည်း ပြည့်အောင် ထိုးမထား။ ထို့ကြောင့် ခါးတောင်းကျိုက် လာသောအခါ ပေါင်တစ်ဖက်သာ ထိုးကွင်း မင်ကြောင် များနှင့် စိမ်းနေပြီး ပေါင်တစ်ဖက်မှာ ဖြူနေသည်။ နတ်ရှင်နောင်သည် ညီ တော်ကို ကျီစယ် လိုသဖြင့် နှမတော် “ခင်မရွှေလုံး” က မောင်တော် မင်းရဲ ကျော်စွာ ထံကျေးစေဟန် ဖွဲ့သည်။ “မောင်တော်ပေါင် တစ်ဖက်မှာ မင် ကြောင် မရှိသည့် အတွက် သလင်း ကျောက်ကဲ့သို့ အဖြူကြီး ဖြစ်နေသည် မှာ ပျို့အန်ဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် မြရောင်ကဲ့သို့ မင်ကြောင် စိမ်းစိမ်း ကလေး ထိုးပါဦး။ ထိုးပြီးမှ မိမိ၏ မေတ္တာကို တောင်းခံဖို့ ကျေး စေပါ” ဟု ကျေးသား ကလေးကို လျှောက် ထားခိုင်း ဟန်ရေးဖွဲ့ထားခြင်းဖြစ် သည်။
ဂူလီသဘင် ဘွဲ့ရတုနှင့် မင်သေ့ ဘွဲ့ရတုများ အရ နတ်ရှင်နောင်၏ ပျော်ပျော်ပါးပါး နေတတ်သော ကျီ စယ်တတ်သော စရိုက်ကို သိရသည်။ တောင်ငူခေတ် မင်းညီမင်းသား ယောက်ျား ကောင်းများ၏ ဝတ်စား ဆင်ယင်ပုံ၊ ကစား ခုန်စားကြပုံ ဓလေ့ များကိုလည်း တစေ့တစောင်းအကဲ ခတ်ခွင့်ရပါသည်။
မောင်ခင်မင်(ဓနုဖြူ)
Popular Myanmar

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း