တွေးမိတွေးရာ



တွေးမိတွေးရာ

          လူတွေ တိရစ္ဆာရုံတွေ ဘာ့ကြောင့် သွားရသလဲ။ ကျွန်တော် စဉ်းစားကြည့်တော့ အချက်နည်းနည်းတွေ့ရတယ်ဗျ။ (၁) မမြင်ဖူးလို့ (၂) ကလေးတွေ အပျင်းပြေဖို့ (၃) အစာကျွေးချင်လို့ ဆိုပြီး ထွက်လာတယ်။ နောက်ထပ် အကြောင်းခြင်းရာတချို့လဲ ရှိဦးမှာပါ။
          (၁)မမြင်ဖူးလို့ဆိုပေမယ့် (Discovery Channel) တွေကနေ၊ အဲဒီက ကူးထားတဲ့ ခွေတွေကနေ တောရိုင်းတိရစ္ဆာန်မျိုးစုံကို မြင်ဖူးကြသူတွေ များမယ် ထင်ပါတယ်။ သူတို့ မမြင်ဘူးကြတာ အပြင်လောကမှာ မဟုတ်လား။ အပြင်လောကမှာ မြင်ဖူးသူက မမြင်ဘူးသူအရေအတွက်နဲ့နှိုင်းဆရင် နည်းပါးပါလိမ့်မယ်။ ဒါ့ကြောင့် အကောင်ပလောင်မျိုးစုံရှိတဲ့ တိရစ္ဆာန်ရုံကို သွားကြည့်ကြတာပေါ့။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။ တချို့ဆို သုံးကြိမ်မက အကြိမ်ကြိမ်အခါခါပါ။ မြင်ဖူးပြီးသားအကောင်တွေကို ထပ်ခါထပ်ခါ ကြည့်ချင်တာ ဘာ့ကြောင့်ပါလိမ့်။ မင်းတောင် မွေးကတည်းက ထမင်းစားလာတာ ခုထိမဟုတ်လားဆိုပြီးတော့ မကတ်သတ်စေချင်ပါဘူး။ အကြိမ်ကြိမ်အခါခါ သွားကြည့်ရလောက်အောင် လူဝံဆိုတဲ့အကောင်ကြီးတွေက ချောချောလှလှလဲ မဟုတ်။ ဒါကိုယ့်ဘက်က တွေးကြည့်တာပါ။ လူဝံမျိုးနွယ်ဘက်ကဆိုရင်တော့ ဘယ်လိုအကောင်ကချောတယ်၊ ခန့်တယ်ဆိုတဲ့စံရှိမှာပဲ။ ဒေါင်းငှက်လို လှတဲ့အကောင်၊ ချစ်စရာကောင်းတဲ့အကောင်လေးတွေ သတ္တ၀ါတွေအစုံရှိပေမယ့် တစ်နှစ်မှာတစ်ခါ မပြောင်းပါဘူး။ ဒါပေမယ့် ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီး တိရစ္ဆာန်ရုံကို တစ်နှစ်အတွင်းမှာ အကြိမ်ကြိမ်အခါခါသွားနေကြတာ ဘာ့ကြောင့်လဲဆိုပြီး စဉ်းစားမရဘူး။ ကျွန်တော်တို့ တိရစ္ဆာန်ရုံသွားပြီး သတ္တ၀ါလေးတွေကြည့်ကြတာရော ဟုတ်ရဲ့လား။ အခန်းကျဉ်းလေးတွေထဲကနေ ဘယ်မှမသွားနိုင်တဲ့ သူတို့တတွေကြည့်ဖို့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သွားပြကြတာများလား။
          (၂) ကလေးတွေ အပျင်းပြေဖို့ တိရစ္ဆာန်ရုံသွားကြတယ်ဆိုတာကိုတော့ အကြမ်ဖျင်း နားလည်ပါတယ်။ (Baby Day’s Out)ဆိုတဲ့ရုပ်ရှင်ကားကြည့်ဖူးရင် ကလေးတွေအတွက် တိရစ္ဆာန်ရုံသွားတယ်၊ အပန်းဖြေတယ်ဆိုတာ သိသာပါတယ်။ ကျဉ်းမြောင်းတဲ့ အိပ်ခန်းတွေ၊ အိမ်ခန်းတွေ၊ လမ်းဘေးမေးတင်ဆောက်ထားရတဲ့အိမ်တွေ၊ ဆူညံနေတဲ့ဝန်းကျင်ကနေ ခေတ္တထွက်ပြေးစရာနေရာလေးပေါ့။ ကလေးတွေအတွက် ယဉ်အန္တရယ်လဲ ကင်းတယ်မဟုတ်လား။ ဒါပေမယ့် တနင်္ဂနွေတိုင်း၊ အားလပ်ရက်တိုင်း တိရစ္ဆာန်ရုံသွားတတ်ကြသူတွေရှိတယ်။ ကလေးတွေ အပျင်းပြေဖို့၊ လွတ်လွတ်လပ်လပ်ဆော့နိုင်ဖို့ဆိုတာထက် ပိုမယ်ထင်တယ်။ တချို့အရာတွေက ကလေးတွေအတွက် ခေါင်းစဉ်တပ်ပေမယ့် တကယ့်တကယ်က လူကြီးတွေကြိုက်လို့ လုပ်ဖြစ်သွားတဲ့အရာတွေများတယ်။ ကလေးကစားစရာတွေကိုပဲကြည့်လေ။ လူကြီးသဘောကျလို့ ၀ယ်ပေးတဲ့ ကစားစရာကများမယ်ထင်တယ်။ ကလေးကစားစရာထုတ်တဲ့ ကုမဏီတွေက လူကြီးကြိုက်မယ့် အရာတွေပဲထုတ်တယ်။ သေနတ်ဆိုပါတော့။ တကယ့်အစစ်နဲ့ တူမတူ ကလေးက မသိပါဘူး။ လူကြီးကသိတော့ လက်ရာလေး သေသပ်တယ်။ တော်တော်တူတာပဲဆိုပြီး ၀ယ်ပေးတာမဟုတ်လား။ ကလေးအပျင်းပြေဖို့ တိရစ္ဆာန်သွားတယ် ဆိုတာလဲ ဒီသဘောပဲ ဖြစ်မယ်ထင်ပါတယ်။ ဒါ့ကြောင့် ကလေးကစားကွင်းတွေထဲမှာ တိုက်ကားဆိုတဲ့ လျှပ်စစ်ကားတွေစီးနေကြတာ လူကြီးတွေမဟုတ်လား။ ရိုလာကိုစတာဆိုတာကလည်း ကလေးစိတ်မကုန်သေးတဲ့ လူကြီးတွေ၊ ကလေးထက်ဆော့ချင်တဲ့ လူကြီးတွေစီးဖို့အတွက် ထွင်ထားတယ် ထင်တာပဲ။ ခင်ဗျားဝန်းကျင်မှာ တိရစ္ဆာန်ရုံခဏခဏသွားတဲ့သူဆိုရင် သတိထားကြည့်လိုက်ပါ။ ကလေးထိန်းရတာ ပျင်းတဲ့လူ၊ ဒါမှမဟုတ် သူကိုယ်တိုင်က လှောင်ချိုင့်ထဲက သတ္တ၀ါတွေကို မျက်နှာသွားပြရတာကို ၀ါသနာပါတဲ့လူပဲ ဖြစ်မယ်။
          (၃) အစာကျွေးချင်လို့ဆိုပြီး တချို့တွေက သွားတယ်။ ဗေဒင်ကြောင့် ယတြာချေပဲဖြစ်ဖြစ်၊ သတ္တ၀ါတွေ သနားလို့ပဲ ဖြစ်ဖြစ် သွားကြတယ် ဆိုပါတော့။ တနင်္လာနံအစာကျွေးရမယ်ဆိုပါတော့။ ကြက်ကျွေးလို့ မရဘူးလား၊ ခိုတို့ ငှက်တို့ပေါ့။ ခုခေတ် လူတိုင်း ဒါမျိုးကျွေးနေကြတော့ ဆရာကတော့ ဆန်းပြားအောင်ခိုင်းမှာပဲ။ စီးပွားရေးမှာ ကျားဖြစ်အောင်လို့တို့၊ ဘာတို့ပေါ့။ (သူတို့တတွေကို ပုတ်ခတ်လိုခြင်းမဟုတ်ပါ)။ ဟိုးတုန်းကတောင် ထူးခြားအောင် ဒူးယားဆက်တို့၊ ဘာတို့ပေါ့ဗျာ။ တကယ်တော့ ဒူးယားဆိုတာ သောက်ကြည့်ဖူးသူတိုင်း သိပါတယ်။ ဆွမ်းအုပ်ဒူးယားတဲ့၊ ဗူးစိမ်းတဲ့၊ ဗူးပျော့တဲ့။ ကျွန်တော် သောက်ကြည့်ဖူးတယ်။ ခွေးတောက်ရိုးခြောက် မီးညှိသောက်ရတာထက် မပိုပါဘူး။ (ကျွန်တော့် ခံစားချက်ပါ၊ တခြားသူတွေ ကြိုက်ချင်လည်း ကြိုက်ပါလိမ့်မယ်)။ ဒါကိုပဲ ထူးခြားအောင် ဒူးယားဆက်ဆိုပြီး ပြောနေကြတာ။ နောက်တစ်ကြောင်း ထပ်ပြောရရင် သနားလို့ အစာကျွေးတယ် ဆိုပါတော့။ တိရစ္ဆာရုံမှာ ရောင်းတဲ့အသီးအနှံတွေကြည့်လိုက်ပါ။ ကန်စွန်းရွက်ဆိုလဲ ညှိုးရော်နေရုံမကဘူး ရိဖတ်လို့။ သခွားသီး၊ ငှက်ပျောသီး အားလုံးနံဟောင်လို့။ လူစားသလိုကောင်းစရာမလိုပေမယ်(ကောင်းရင်တော့ လူစားတာနဲ့ တိရစ္ဆာန်ရုံက သတ္တ၀ါတွေ စားရမယ် မထင်ဘူး၊ မသေရုံပဲ ကျွေးမယ်ထင်ရဲ့)။ နေ့စဉ်တိုင်း ရုံလာတဲ့ ဧည့်သည်တွေချကျွေးတဲ့ အရိအရွဲသီးနှံတွေ ပုံလို့ ။ လူဝံနေတဲ့ အခန်းကျဉ်းလေးရဲ့ သံတိုင်ရှေ့မှာ။ တကယ်သနားလို့ကျွေးချင်ရင် အကောင်းစားမဟုတ်တောင် လတ်ဆတ်တဲ့သီးနှံလေးပေါ့။ ရွှေတောင်ဦး တိရစ္ဆာန်တွေထားတဲ့ အခန်းကျဉ်းလေးတွေနားဖြတ်တော့ အသက်အောင့်ပြီး ဖြတ်ခဲ့ရတယ်။ အဲဒီအထဲက လူဝံတစ်ကောင်ကို ခေါ်တာ ဖိုးချစ်တဲ့။ ကလို့ခေါ်တာတဲ့။ ကြည့်လိုက်တော့ သံတိုင်ကိုင်ပြီး ခေါင်းကို ဟိုဘက်ဒီဘက် ရမ်းနေတာပါ။ ဘာပဲပြောပြော သူတို့ကြည့်ပြီး ကျွန်တော် စိတ်ညစ်ပါတယ်။ လူဝံဖိုးချစ်လည်း  စိတ်ညစ်မယ် ထင်ပါရဲ့။ တစ်နေ့တစ်နေ့ ပုံသဏ္ဍာန်စုံ၊ အသိုင်းအ၀ိုင်းစုံ၊ စရိုက်စုံ၊ အနံ့စုံနေတဲ့လူတွေ သူ့အခန်းရှေ့လာပြီး သူ့ကိုပြကြတာကိုလေ။ ရှောင်လွဲမရနိုင်တဲ့အဆုံး ခေါင်းချည့်ရမ်းနေတယ် ထင်တာပဲ။ ထားလိုက်ပါလေ။ သူ့အကြောင်းနဲ့သူ၊ ကိုယ့်အကြောင်းနဲ့ကိုယ် မဟုတ်လား။
          ကျွန်တော် ပြောချင်တာက ခင်ဗျား တိရစ္ဆာန်ရုံသွားတော့မယ်ဆို ပြန်စဉ်းစားကြည့်ပါ။ နံပါတ်(၁)လား၊ (၂)လား၊ (၃)လား။ မမြင်ဖူးလို့သွားတာလား၊ မြင်းဖူးပြီးသားကို မေ့သွားမှာစိုးလို့လား၊ မြင်ဖူးပြီးသားပေမယ့် တခြားမြို့ကြီကို ရောက်တုန်းရောက်ခိုက် မရောက်ဖူးတဲ့ တိရစ္ဆာန်ရုံမို့သွားတာလား။ စဉ်းစားပါဗျာ။ ခင်ဗျားမှာ ဒီထက် အဓိပါယ်ရှိတဲ့ လုပ်စရာတွေ အများသား မဟုတ်လား။
          ကလေးတွေ အပျင်းပြေဖို့သွားတာကော ဟုတ်ရဲ့လား။ ခင်ဗျားကိုယ်တိုင်က ကလေးအကြောင်းပြပြီး ကြည့်ချင်လို့သွားတာဆိုရင်တော့ မှန်ကလေးကြည့်သွားပါဦးလို့ အကြံပေးပါရစေ။ (Discovery) မှာ ခြင်္သေ့တွေနဲ့အတူနေသူတွေ၊ ခြင်္သေ့ချစ်သူတွေ၊ ခြင်္သေ့နိုင်သူတွေက သေချာကြည့်ရင် ခြင်္သေ့နဲ့တူသဗျ။ ခင်ဗျားသွားကြည့်မယ့်အကောင်နဲ့ ခင်ဗျားဘယ်နေရာမှာ တူသလဲ။ စဉ်းစားပါဗျာ။ ခင်ဗျားလုပ်ချင်ပေမယ့် အချိန်မရလို့ မလုပ်ရသေးတဲ့ ၀ါသနာပါရာအလုပ်လေးတွေလည်း ရှိနေသေးတယ် မဟုတ်လား။
          အစာကျွေးချင်လို့ သွားတယ်ပေါ့။ ဒါဆို အမြှပ်တစီစိထနေတဲ့၊ ရေညှိတွေ အထပ်လိုက်ဖြစ်နေတဲ့ ရေကန်ထဲက ငါးတွေ၊ လိပ်တွေက ခင်ဗျားကျွေးမယ့် ပေါက်ပေါက်တွေ၊ ဘီစကစ်တွေကို အလှအယက်စားကြပါသလား။ စားတယ်ဆိုရင်တော့ အိုကေ။ တချို့ကန်တွေမှာ ပေါလောမျောနေတဲ့ ငါးစာ၊ လိပ်စာတွေကို တွေ့နေရလို့ပါ။ ဒီအချိန်မှာ ခင်ဗျားလုပ်သင့်တာက သူတို့တတွေအတွက် ကန်ရှင်းဖို့၊ ရေလှယ်ဖို့ သက်ဆိုင်ရာကြီးကြပ်သူကို အကြံပြုပေးပါ။ ခင်ဗျားတတ်နိုင်တဲ့ လုပ်အား၊ ငွေအား တစ်ခုခု ပူပေါင်းဖို့ အသင့်ရှိကြောင်းနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေး ပေးထားခဲ့ပါ။ စဉ်းစားပါ။ ခင်ဗျား တကယ်ကျွေးချင်တာလား။
          လူဝံတွေ၊ မျောက်တွေနဲ့ တခြားသတ္တ၀ါတွေကျွေးမယ့် အစာတွေကရော။ ခင်ဗျားကျွေးချင်တာ ဒီလိုအရိအရွဲတွေလား။ ဒီအဖြစ်အပျက်ကို အကောင်းဆုံးဖြစ်ဖို့ ခင်ဗျားဘာလုပ်ပေးနိုင်သလဲ။ စဉ်းစားပါ။ ခင်ဗျားလုပ်ပေးနိုင်တဲ့အပိုင်းတွေ အများကြီးရှိပါတယ်။ ခင်ဗျားလို လုပ်ပေးချင်တဲ့ သူတွေလည်း ရှိနေပါတယ်။ အဓိက က ခင်ဗျားဘက်က စ-လိုက်ဖို့ပါ။ ကဲ … အသင့်ဖြစ်ပြီလား မိတ်ဆွေ…။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၃၀.၅.၂၀၁၆ နံနက် ၃း၀၇ မိနစ်ပြီး)
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း