ဘာညာသာရကာ


ဘာညာသာရကာ

အပျိုကြီးဆိုတာ
ရှေးခေတ်တယ်လီဖုန်းလိုပဲ
ဒိတ်ကလဲအောက်နေပြီ
လိုင်းကလဲမမိတော့ဘူး
လိုင်းမိလေမလားလို့မိုးပေါ်
မြှောက်မြှောက်ပြရတာလဲအမော
ထောင့်ငါးရာတန်ဆင်းကဒ်မြင်ပြန်တော့လဲ
မတူသလိုမတန်သလိုနဲ့
``နင်တို့ငယ်ပါသေးတယ်``
ဆိုတာမျိုးနဲ့ဆုံးမချင်သေး
ဈေးကြီးပေးမှရခဲ့တာမို့
ဒီဂုဏ်ကိုလွင့်ပစ်ရမှာလဲ
နှမျောပြန်
အပေါ်လဲမရောက်အောက်မရောက်နဲ့
ကွက်ပြီးလိုင်းပျောက်နေသူတွေ
ခိ...
(အကြည်တော်)


ဆရာ အကြည်တော်က အဲ့လို ရေးထားတာ။ ကျွန်တော့်သူငယ်ချင်းတွေထဲက အပျိုကြီး၊ လူပျိုကြီးတွေကတော့ အဲလိုဟုတ်ဘူးဆိုတာ ဆယ်ခါပြောရဲတယ်။ သူတို့မှာ ရာထူးနဲ့၊ ဂုဏ်နဲ့။ ရုပ်ရည်ကလည်းချော၊ စိတ်ထားကလည်းကောင်း။ မြင်သာအောင်ပြောရရင် လူပျိုကြီးတစ်ယောက်ဆို သွေးတွေဘာတွေလှူတယ်၊ သူများအသက်ကယ်တယ်။ Miss ရှုံးအောင်ချောတဲ့ အပျိုကြီးမမတစ်ယောက်ဆိုလဲ ကိုယ်ချင်းစာတရားတွေထွန်းကားဖို့ နေပူထဲ အလုပ်လုပ်နေရတဲ့ ၀န်ထမ်းပုံတွေ၊ ဟိုးအမြင့်ကြီးမှာ အသက်ဘေးနီးနီး အလုပ်လုပ်ရင်း ထမင်းစားချိန်မှာတောင် အောက်ပြန်မဆင်းနိုင်လို့ ဓာတ်တိုင်ပေါ်မှာတင် ထမင်းစားရတဲ့ လျှပ်စစ်ဝန်ထမ်းပုံတွေ တင်လို့ ... အဲဒီကျမှ ကိုယ်ချင်းစာမိတယ်။ သွေးလှူဖို့ဆို ဝေလာဝေး။ နေမကောင်းရင်တောင် ဆေးမထိုးဘူး။ အပ်ကြီး ကိုယ့်အသားထဲဝင်လာမှာ ကြောက်လွန်းလို့ နောက်ပြီး လေတိုက်လို့၊ ဘာလို့ စသဖြင့် မီးပျက်ရင်လဲ ကိုယ့်မှာ ဘာလုပ်နေကြတာလဲ၊ ဘာလဲ၊ ညာလဲနဲ့ ။ ခုတော့ ကိုယ်ချင်းစာရမှန်းလည်း သိပြီ၊ ရှက်ရမှန်းလည်း သိပါပြီ။ ဒါ အပေါင်းအသင်းထဲက အပျိုကြီး၊ လူပျိုကြီးတွေကျေးဇူးကြောင့် သိလာရတာ။ သူတို့တွေက (Facebook) ကို အကျိုးရှိရှိ အသုံးချကြတာ။ တချို့များ(တချို့ပြောပါတယ်) သားအဖတတွေ ရေပိုက်ကြီးနဲ့ သင်္ကြန်ရေကစားတာတွေတင်လိုတင်၊ စပ်ဖြီးဖြီးပုံတွေ တင်လိုတင်နဲ့။ ကျွန်တော့် သူငယ်ချင်း လူပျိုကြီး၊ အပျိုကြီးတွေနဲ့များ ကွာပါ့။ ခါချနေရတယ်ဆိုတာ သူတို့ကို ပြောတာပေါ့။ သူတို့က မရလို့ မယူတာ မဟုတ်ဘူး။ ယူလို့ မရတာ၊ အဲလေ မယူလို့ မရတာ။ ကျွန်တော် သူတို့ကို ပြောချင်တယ်ဗျာ။ ပြောလည်း မပြောဝံ့ဘူး။ ပြောချင်တာက သူတို့ထင်ထားသလိုပဲ အပျိုကြီး၊ လူပျိုကြီးဘ၀ဟာ သိပ်ကောင်းတယ်လို့...။ မပြောဝံ့တာက ကိုယ်ပြောလိုက်လို့ပဲ ဖြစ်ဖြစ်၊ သူ့အကြောင်းနဲ့ သူပဲ ဖြစ်ဖြစ် ဒီတစ်သက် အိမ်ထောင်မပြုဘဲ အပျိုကြီး၊ လူပျိုကြီး အဖြစ်နဲ့များ အရိုးထုတ်သွားရင်...။ ကျွန်တော် မပြောဝံ့တာ အဲဒါဗျ...။ နောင်ဘ၀ အပျိုကြီး၊ လူပျိုကြီး အဖြစ်နဲ့ ၀ဋ်လည်ရင် ဘယ့်နှယ်လုပ်ပါ့။ အဲဒါကြောင့်ပါ။ သူတို့ သွားပြောနဲ့နော် ....

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ဘာညာသာရကာ

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း