ပုံပြင်လေးပါ


ပုံပြင်လေးပါ
 
ရယ်စရာပုံပြင်လေးတစ်ခု ပြောပြမယ် သူငယ်ချင်းတို့။ လေမတိုက်ဘဲ သစ်ပင်တွေငြိမ်နေတဲ့အချိန် နွေနေ့လည်ခင်းကြီးတစ်ခုမှာပေါ့။ ထုံးစံအတိုင်း မီးများကလည်း ပျက်နေချိန်၊ ထန်းယပ်တောင်လေး တဖြတ်ဖြတ်ခတ်လို့ ကိုယ်ပေါ်က ချွေးတွေကို ခစားနေချိန်မှာ ချစ်စွာသော မဒီစံက မေးခွန်းတစ်ခု ထုတ်လာတယ် သူငယ်ချင်းတို့။ မီးပျက်နေချိန်မို့ စာစီစရာ မလိုသလို ဂုတ်ကျီးပေါင်းကြောင့် စာများမဖတ်နိုင်သေးချိန်မို့ လတ်လျားလတ်လျားနဲ့ လောကကြီးကို အကောင်းမြင် အူရွှင်နေချိန်မှာပေါ့ကွယ်။ 
သူမေးတာက ရိုးရိုးမေးခွန်းလေးကို ကနွဲ့ကယနဲ့ မေးတာကွယ့် သူငယ်ချင်းတို့။ ကိုယ်ကလည်း ကယုကယင်နဲ့ ရှင်းရှင်းလင်းလင်း ပြန်ဖြေလိုက်တာပေါ့ကွယ်။ အကျိုးဆက်ကတော့ ခါတိုင်းလို နေ့ခင်းပိုင်း သီးစုံဓာတ်ဆား မသောက်ရဘူး။ ညနေစာ စားတော့ ပုံပြင်(ပုံပြီး ပြင်ကျွေးတာ)စားရတယ်။ ညပိုင်းစာရေးသလိုလိုနဲ့ အွန်လိုင်းမှာဟိုဟိုဒီဒီ လျှောက်(Like) နေချိန်မှာ ကော်ဖီမသောက်ရဘူး။ အလုပ်နားတဲ့ရက် မုန့်တစ်မျိုးမျိုးလုပ်ကျွေးတတ်တဲ့ မဒီစံ အဲဒီနေ့က အနားယူတယ်။ (အဲဒီနေ့က ငါးမုန့်ကြော်လေးတောင် မစားရဘူး။ ကိုယ်ငတ်တယ်ကွယ်)။ အော် သူမေးတဲ့မေးခွန်းလေး ပြောရဦးမယ်။
" စံကို ဘာလို့လက်ထပ်တာလဲဟင်..."တဲ့။
ကျွန်တော်လည်း ထန်းရွက်ယပ်တောင်လေးခပ်ရင်း ပြုံးပြုံးကြီး ဖြေလိုက်တယ်။
" အဲဒီတုန်းက ဦးနှောက်မဖွံ့ဖြိုးသေးတဲ့ အရွယ်မို့ပေါ့ကွာ..."
ဟုတ်တယ်လေ။ ကျွန်တော်တို့ယူတုန်းက ကျောင်းပြီး၊ ဘွဲ့ရ ဆိုတော့ ခုအရွယ်လောက်တော့ ဘယ်ဦးနှောက်ဖွံ့ဖြိုးမလဲနော။ အဲဒါ ပြောတာကို သူက စိတ်ဆိုးသွားတယ်။ မှန်တာပြောရင် ကြိုက်ကြဘူးဗျ။ ခုလို အတော်အသင့် ဦးနှောက်ဖွံ့ဖြိုးလာတဲ့အချိန် နှစ်ယောက်သား အပျိုလူပျိုအဖြစ်နဲ့ ရှိနေကြသေးရင်ရော ယူမှာလားဆိုပြီး မေးလာခဲ့ရင်...။ အား မဖြစ်သေးဘူးဗျ။ ဒီမေးခွန်း ကျွန်တော်မဖြေရဲဘူး။ ကံကောင်းတာက အဲဒီမေးခွန်းမျိုး သူသိသေးဘူးရယ်။ ကျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့ ကိုဖြိုးမောင်တို့၊ ကိုမော်ကြီးတို့၊ ကိုစိုးထက်တို့ ကိုယ့်လူတွေအလှည့်ရောက်လာရင် အမှန်အတိုင်း ဖြေမိမှာစိုးလို့နော်။ ဖြေရဘူး သိလား။ ဒီပေါက်တတ်ကရစာတိုလေးက သူငယ်ချင်းတို့အတွက် အီဖေကိုရဲ့ စေ(စေတနာ)တွေနော်။ တွေ့မှ လက်ဖက်ရည်တိုက်။

(PS: သူငယ်ချင်းတို့ အိမ်အလည်လာရင် လေဒီစံ မသိသေးတဲ့ ဒုတိယမေးခွန်းမျိုး အစဖော် မပေးနဲ့နော်၊ ဒါက နှုတ်ပိတ်တာ)
http://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း