နွေရာသီကား ပူ၏

 
နွေရာသီကား ပူ၏
 
              နွေရာသီကား ပူ၏။ ထို့ကြောင့် နေ့ခင်းပိုင်း အိပ်ပျော်ရန် ခဲယဉ်း၏။ အသံအနှောက်အယှက်များ ကင်းဝေးလို၏။ အိပ်ပျော်နေစဉ် ဖုန်းမြည်မည်ကို လွန်စွာကြောက်၏။ ထို့ကြောင့် ဖုန်းကို ပိတ်၏။ ဖုန်းပိတ်ပါများသော် သူငယ်ချင်းတချို့ အထင်လွဲကုန်၏။ Black List ပြသည် ထင်ကြ၏။ စတေး ရှောင်သည် ထင်ကြ၏။ တချို့ ရန်ထောင်၏။ နှုတ်ခမ်းထော်၏။ မျက်စောင်းထိုး၏။ မပြတ်တောက်နိုင်သော သူငယ်ချင်းများက မေတ္တာပို့၏။ ချက်ဘောက်တွင် ဘောက်လာ ချက်ကြ၏။ အားလုံးကို (Ignore) လုပ်လိုက်သည့်အခါ လွန်စွာသက်သာ၏။ စိတ်မကျေနပ်မှုများ၊ စိတ်ဖိစီးမှုများကိုစာပေါများအဖြစ်ပြောင်းကာ ဖေ့စ်ဘွတ်ခ်ထက်တွင် တင်၏။ သောကများ၊ ဒေါသများ အငွေ့ပျံကာ ဖေ့စ်ဘွတ်ခ်ထက်တွင် ပျောက်၏။ ကျွန်ုပ်ကား ဖေ့စ်ဘွတ်ခ်ကို အပျော်သုံးသူတည်း။
            နွေရာသီကား ပူ၏။ ထို့ကြောင့် အလုပ် လုပ်နေချိန် စိတ်မအိုက်ရန် ခဲယဉ်း၏။ အသံ အနှောက်အယှက်များ ကင်းဝေးလို၏။ အလုပ် လုပ်နေစဉ် ဖုန်းမြည်မည်ကို လွန်စွာကြောက်၏။ ထို့ကြောင့် ဖုန်းကို ရှောင်၏။ အလုပ်ချိန်အတွင်းဖြစ်၍ လိုရင်းသာ ပြော၏။ သူငယ်ချင်းတချို့ အထင်လွဲကုန်၏။ အားနာ၍ ပြန်ပြောနေရသည် ထင်ကြ၏။ ကိန်းကြီးခမ်းကြီးနိုင်သည် ထင်ကြ၏။
တချို့ ရန်ထောင်၏။ နှုတ်ခမ်းထော်၏။ မျက်စောင်းထိုး၏။ မပြတ်တောက်နိုင်သော သူငယ်ချင်းများက မေတ္တာပို့၏။ ချက်ဘောက်တွင် ဘောက်လာ ချက်ကြ၏။ အားလုံးကို (Ignore) လုပ်လိုက်သည့်အခါ လွန်စွာသက်သာ၏။ စိတ်မကျေနပ်မှုများ၊ စိတ်ဖိစီးမှုများကိုစာပေါများအဖြစ်ပြောင်းကာ ဖေ့စ်ဘွတ်ခ်ထက်တွင် တင်၏။ သောကများ၊ ဒေါသများ အငွေ့ပျံကာ ဖေ့စ်ဘွတ်ခ်ထက်တွင် ပျောက်၏။ ကျွန်ုပ်ကား ဖေ့စ်ဘွတ်ခ်ကို အပျော်သုံးသူတည်း။ 
           နွေရာသီကား ပူ၏။ နေ့ခင်းနေ့လည် အွန်လိုင်းသုံးနေချိန် လိုင်းတက်ရန် ခဲယဉ်း၏။ မီးပျက်ခြင်းမှ ကင်းဝေးလို၏။ အွန်လိုင်းသုံးနေစဉ် ဖုန်းမြည်မည်ကို လွန်စွာ စိုးရိမ်၏။ ထို့ကြောင့် ဖုန်းကို ပိတ်ထား၏။ လိုင်းသုံးနေချိန် ချက်ဘောက်တွင် ဟိုင်း ဆိုတိုင်း ပြန်မဟိုင်းနိုင် ဖြစ်၏။ ဘလော့တွင် စာတင်နေချိန်ဖြစ်၍ ချက်ခြင်း ပြန်မဟိုင်းနိုင်းခြင်းမျိုးလည်း ရှိ၏။ ထိုသို့ အကြိမ်ရေများသော် သူငယ်ချင်းတချို့ အထင်လွဲကုန်၏။ ဆရာကြီး အထာဖမ်းသည် ထင်၏။ တချို့ ရန်ထောင်၏။ နှုတ်ခမ်းထော်၏။ မျက်စောင်းထိုး၏။ မပြတ်တောက်နိုင်သော သူငယ်ချင်းများက မေတ္တာပို့၏။ ချက်ဘောက်တွင် ဘောက်လာ ချက်ကြ၏။ အားလုံးကို (Ignore) လုပ်လိုက်သည့်အခါ လွန်စွာသက်သာ၏။ စိတ်မကျေနပ်မှုများ၊ စိတ်ဖိစီးမှုများကိုစာပေါများအဖြစ်ပြောင်းကာ ဖေ့စ်ဘွတ်ခ်ထက်တွင် တင်၏။ သောကများ၊ ဒေါသများ အငွေ့ပျံကာ ဖေ့စ်ဘွတ်ခ်ထက်တွင် ပျောက်၏။ ကျွန်ုပ်ကား ဖေ့စ်ဘွတ်ခ်ကို အပျော်သုံးသူတည်း။  
          နွေရာသီကား ပူ၏။ အလုပ်နားရက်တွင် အချိန်လောက်ငရန် ခက်ခဲ၏။ နားရက်အစီအစဉ်တွင် မပါသော ကြားဖြတ်အနှောက်အယှက်များမှ ကင်းဝေးလို၏။ ဖုန်းဖြင့်ချိန်းဆိုကာ အချိန်လုယူခြင်းမှ ရှောင်ကြဉ်လို၏။ ထို့ကြောင့် ဖုန်းကို ပိတ်၏။ ဖုန်းခေါ်တိုင်း စက်ပိတ်ထားသည်နှင့် ကြုံသော သူငယ်ချင်းတိုင်း အထင်လွဲကုန်၏။ Black List ပြသည် ထင်ကြ၏။ Stay ရှောင်သည် ထင်ကြ၏။ တချို့ ရန်ထောင်၏။ နှုတ်ခမ်းထော်၏။ မျက်စောင်းထိုး၏။ မပြတ်တောက်နိုင်သော သူငယ်ချင်းများ က မေတ္တာပို့၏။ ချက်ဘောက်တွင် ဘောက်လာ ချက်ကြ၏။ အားလုံးကို (Ignore) လုပ်လိုက်သည့်အခါ လွန်စွာသက်သာ၏။ စိတ်မကျေနပ်မှုများ၊ စိတ်ဖိစီးမှုများကိုစာပေါများ အဖြစ်ပြောင်းကာ ဖေ့စ်ဘွတ်ခ် ထက်တွင် တင်၏။ သောကများ၊ ဒေါသများ အငွေ့ပျံကာ ဖေ့စ်ဘွတ်ခ်ထက်တွင် ပျောက်၏။ ကျွန်ုပ်ကား ဖေ့စ်ဘွတ်ခ်ကို အပျော်သုံးသူတည်း။   
           နွေရာသီကား ပူ၏။ ညနေကြယ်လေး ထွက်စ အချိန်တွင် အိမ်ရှေ့ကွပ်ပျစ်ပေါ် ပက်လက်လှန်ကာ ကျယ်ပြန့်သော ကောင်းကင်ကြီးကို ငေးချိန်ဖြစ်၏။ ထိုကွပ်ပျစ်ပေါ်မှာပင် တစ်ခါတစ်ရံ ဂစ်တာတီး၏။ စာဖတ်၏။ စာတွေး၏။ အိမ်သူသက်ထားအား ကျွန်ုပ်၏ စိတ်ကူးအိပ်မက်များအကြောင်း ပြောပြ၏။ တိမ်တွေငေးရင်း ဘယ်အချိန်ထွက်လာမှန်း မသိသည့် ကြယ်များအကြောင်းလည်းပါ၏။ ထိုအချိန်တွင် ဖုန်းမြည်လာမည်ကို စိုးရိမ်၏။ ခေါ်ဆိုသူ တစ်ဦးဦးက သာယာညနေခင်းလေးကိုခိုးသွားမှာ ကြောက်၏။ ထို့ကြောင့် ဖုန်းကိုပိတ်၏။  ဖုန်းခေါ်တိုင်း စက်ပိတ်ထားသည်နှင့် ကြုံသော သူငယ်ချင်းတိုင်း အထင်လွဲကုန်၏။ Black List ပြသည် ထင်ကြ၏။ Stay ရှောင်သည် ထင်ကြ၏။ တချို့ရန်ထောင် ၏။ နှုတ်ခမ်းထော်၏။ မျက်စောင်းထိုး၏။ မပြတ်တောက်နိုင်သော သူငယ်ချင်းများက မေတ္တာပို့၏။ ချက်ဘောက်တွင် ဘောက်လာ ချက်ကြ၏။ အားလုံးကို (Ignore) လုပ်လိုက်သည့်အခါ လွန်စွာသက်သာ၏။ စိတ်မကျေနပ်မှုများ၊ စိတ်ဖိစီးမှုများကိုစာပေါများ အဖြစ်ပြောင်းကာ ဖေ့စ်ဘွတ်ခ် ထက်တွင်တင်၏။ သောက များ၊ ဒေါသများ အငွေ့ပျံကာ ဖေ့စ်ဘွတ်ခ်ထက်တွင် ပျောက်၏။ ကျွန်ုပ်ကား ဖေ့စ်ဘွတ်ခ်ကို အပျော်သုံးသူ တည်း။   
           နွေရာသီကား ပူ၏။ ဖေ့စ်ဘွတ်ခ်အား အပျော်သုံး၏။ ဖုန်းအား ပိတ်ရန်အတွက် သုံး၏။ သူငယ်ချင်းများအား .......။
            နွေရာသီကား ပူ၏။ နွေရာသီအား ပူရန်အတွက် သုံးသတည်း။
 
ချစ်ခြင်းများဖြင့် 
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com
(၂၀.၅.၂၀၁၆ နံနက် ၂နာရီ ၆မိနစ်တွင် ပြီး၏) 
Photo: Credit

           

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း