ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၄)


ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၄)


ခိုင့် သူငယ်ချင်း . မောင် . သို့မဟုတ်
တက္ကသိုလ်ဘုန်းနိုင်

          ဘ၀ဟူသည် သစ်ရွက်နှင့် ပမာပုံခိုင်း၍ နှိုင်းစတမ်း ဆိုပါလျှင် ...
တစ်ရိုးတံမှာ အလွှာငယ် တစ်ဆယ်မကနှင့် ကြွယ်ဝလှသော စိန်ပန်းရွက်နှင့် ဘ၀မျိုးလည်းရှိသည်။
တစ်ညှာ တွင် တစ်လွှာရှိ ဤအလွှာပင် တစ်ရွက်မည်သော ညောင်ရွက်ကဲ့သို့ ဘ၀မျိုးလည်း ရှိပါ၏။
ခိုင် နှင့် ကျွန်တော့် ဘ၀မှာမူ ...
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရမည့် စွယ်တော်ရွက်ပမာ ဖြစ်ခဲ့ရသည်။ တစ်လွှာကြွေခဲ့လေပြီမို့ တစ်ရွက် မမည် လေတော့သော အထီးကျန် ဤဘ၀၀ယ် ...
လေးနှစ်သား ပေဖူးလွှာ၏ နှစ်ပတ်လည် အထူးထုတ်အတွက် ဆရာ တက္ကသိုလ်ဘုန်းနိုင်နှင့် တွေ့ဆုံ ပေးရန် စာတည်းအဖွဲ့မှ စီစဉ်ကြသောအခါ အထက်ပါ စာပိုဒ်ကလေးကို ကျွန်တော် ပြန်ရွက်မိပါသည်။ စွယ်တော် ရွက်ကလေးများကို စာအုပ်ကြားညှပ်ကာ ခိုင့်အား တမ်းတကာ စာပိုဒ်ကလေးများအလွတ် ကျက်မှတ် ကြသည်အထိ ဆရာ့ "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်" သည် စာဖတ်ပရိသတ်အပေါ် လွှ့မ်းမိုး နေရာယူခဲ့ နိုင်ပါသည်။

" သူ့ကျွန်မခံပြီ၊ ပိတောက်ပွင့်ဆဲ လသာဆဲဝယ်၊ လွမ်းတေးမဆုံးစေနှင့် စောသခင်၊ ကမ္ဘာကုန် ကျယ် သရွေ့၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ၊ မိုးညအိပ်မက်မြူ၊ တစ်ပြည်သူ မရွှေထား" စသည့် စသည့် ၀တ္ထု ပေါင်းများစွာ တို့အနက် ဆရာသည် "နှင်းငွေ့တထောင့် မိုးတမှောင့်" ၀တ္ထုဖြင့် အမျိုးသားစာပေဆု ဆွတ်ခူး ရခဲ့သူ ဖြစ်ပါ သည်။
မော်လမြိုင်ကောလိပ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဆရာ ရန်ကုန်သို့ လုပ်ငန်း တာဝန်ဖြင့် ရောက်ရှိလာခိုက် စာတည်းချုပ် အိမ်တွင် ကျွန်တော်နှင့် တွေ့ဆုံဖြစ်ခဲ့ကြ၏။ ဆရာနှင့် တွေ့လျှင် မေးရန် တေးမှတ်ထားသော မေးခွန်းများကလည်း ခါတိုင်းထက် များနေသည် တစ်ကြောင်း၊ ဆရာ ကိုယ်တိုင်က စိတ်ဝင်တစား ပြောပြနေသည်ကို တွေ့ရသည်က တစ်ကြောင်၊ ထို့ကြောင့် ကျွန်တော် တို့ အနီးတွင် ထိုင်နိားထောင်နေသော စာတည်းချုပ်က လိုအပ်ပါလျှင် ဆရာနှင့် တွေ့ဆုံပေးခြင်းကို နှစ်လ ဆက်ထည့်ရန် ခွင့်ပြုချက်ပေးလိုက်ပါသည်။ ထို့ကြောင့်ပင် စာချစ်သူများ အားပါးတရ ဖတ်နိုင်ရန် ဆရာ ပြောခဲ့သည်များကို အဖြတ်အတောက်မရှိဘဲ တင်ပြလိုက်နိုင်ပါသည်။ ဆရာ နှင့် ကျွန်တော် ပြောခဲ့ ကြသည် တို့မှာ ...။

" ဆရာ့ဝတ္ထုတွေ တော်တော်များများ ဖတ်ခဲ့တာဆိုတော့ ကျွန်တော် ဆွေးနွေးချင်တာလေးတွေက တော် တော် များများ ရှိနေပါတယ်ဆရာ။ စာတည်းချုပ်ကလည်း ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ဖို့ ခွင့်ပြုထားတယ် ဆိုတော့ ကျွန်တော်တို့ အားပါးတရ ပြောကြတာပေါ့။ ပထမ ကျွန်တော် သိချင်တာကတော့ ဆရာ့ ကလောင် အတ္ထုပ္ပတ္တိလို့ ဆိုရင်လည်း မမှားနိုင်တဲ့ ဆရာ စာပေလောကထဲ ၀င်ရောက်လာပုံပေါ့ ဆရာ"

" စာပေလောကထဲ ၀င်ရောက်လာပုံ ဆိုတာကတော့ တော်တော်ကျယ်ဝန်းပါတယ်။ စာပေ မွေ့လျော် လာပုံက စ လိုက်ကြရအောင်။ ဆရာက အကြောင်းကြောင်းကြောင့် ငယ်ငယ်ကတည်းက စာအုပ် တွေနဲ့ နီးစပ်တယ်။ အစကတော့ ဇိနတ္ထပကာသနီတို့၊ ဇာတ်ကြီးဆယ်ဘွဲ့တို့က စ ဖတ်ဖြစ်တယ်။ ဒီအတွက်လည်း အကျိုးကျေးဇူး ရှိပါတယ်။ ဘယ်လို ပြောရမလဲဆိုရင် ဗုဒ္ဓဘာသာအနေနဲ့ ပြောရရင်တော့ လွယ်ပါတယ်။ ပါရမီ ဆိုတာပေါ့။ ကျန်တဲ့ကလေးတွေက ဆော့ကစားရတာနဲ့ ပျော်တယ်။ ဆရာကတော့ စာပေနြ့ နေရတာပျော်တယ်။ ဘယ်အချိန်က စ ပျော်သလဲ ဆိုတော့ ငါးနှစ်သား၊ ခြောက်နှစ်သားလောက်က စ ပျော် တာပဲ။ ဟိုစာဖတ်၊ ဒီစာဖတ် နေရင်း ထူးဆန်းတာက ဆရာ ရှစ်နှစ်သားလောက်မှာ ကဗျာ စ စပ်တတ် တာပဲ၊ လေးလုံးတစ်ပုဒ်ပေါ့။

ကိုးနှစ်သားလောက်ကျတော့ ၀တ္ထု စရေးတယ်။ ဒီနေရာမှာ ဆန်းတာက ဆရာတစ်ယောက်တည်း မဟုတ်ဘူး။ ဆရာ့အစ်မ၀မ်းကွဲ ယုဝတီခင်ဦးကလည်း ငယ်ငယ်ကတည်းက စ ၀တ္ထုရေးတာပဲ။ ဆရာ့ အဖေ က အားပေးသလို ဦးလေး (ယုဝတီခင်ဦး အဖေ)ကလည်း အားပေးတယ်။ အိမ်မှာ ဒဂုန်မဂ္ဂဇင်းတို့၊ ဘာတို့ အကုန်ရှိတယ်။ ဟိုခေတ်က ၀တ္ထုရေးတယ် ဆိုတာက လူကြီးတွေက အားမပေးတဲ့အပြင် ရှုတ်ချတဲ့ ခေတ်ပဲ။ အထူးသဖြင့် ဒီအရွယ်ကလေးတွေနဲ့ ၀တ္ထုရေးတယ်ဆိုရင် ပိုဆိုးတာပေါ့။ ဒါပေမဲ့ ဆရာ့အဖေနဲ့ ဦးလေး ကတော့ မရှုတ်ချဘူး။ အားပေးတယ်။ မောင်နှမနှစ်ယောက် ကိုးနှစ်သား၊ ကိုးနှစ်သမီးကတည်းက ၀တ္ထု ရေးခဲ့ကြတာပဲ။ အဲဒီတော့ ကြီးလာရင် ဘာဖြစ်မယ်ဆိုတဲ့ ကိုယ့်အိပ်မက်က စာရေးဆရာပဲ။ အဲဒီ အရွယ် ကတည်းက ဆရာတို့မှာ ကလောင်နာမည် ရှိတယ်။ ဆရာ့အစ်မက ရီရီလှ၊ သူက သူ့ကိုယ်သူ "ဒဂုန်ရီရီလှ" လို့ ကလောင်နာမည် ပေးတယ်။ ဆရာ့မူလနာမည်က "ဖေသိန်း" ဆိုတော့ ကလေးနာမည် ကို "ဒဂုန်သိန်း" လို့ပေးတယ်။

ရှစ်နှစ်။ ကိုးနှစ်သားကတည်းက စာပေ ဖတ်ရင်းကနေ မြတ်နိုးလာတယ်။ မြတ်နိုးရာကနေ ဖန်တီးချင်လာ တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က ဆရာ စာပေဟောပြောပွဲတွေမှာလည်း ဟောပြောလေ့ ရှိပါတယ်။ စာရေးဆရာ ဖြစ်မယ့်လူနဲ့ ကျန်တဲ့သူတွေနဲ့ ဘာကွာတာလဲ။ စာရေးဆရာ ဖြစ်မယ့်သူက တခြား သူတွေထက် ထူးပြီး ဥာဏ်ကောင်းတဲ့သူ မဟုတ်ပါဘူး။ ကျန်တဲ့သူတွေရဲ့ အထက်မှာ ရှိတဲ့ သူလည်း မဟုတ်ပါဘူး။ သူလည်း လူထဲက လူပါပဲ။ ဒါပေမဲ့ ကျန်တဲ့လူနဲ့ ဘာကွာခြားသလဲဆိုတော့ အင်္ဂလိပ်လိုတော့ Sensitivity ခေါ်တယ်။ စာရေးဆရာ ဖြစ်မယ့်သူက Very Sensitive ဖြစ်တယ်။ မြန်မာလို ပြောရရင်တော့ သူ့ရဲ့ အာရုံတရားတွေက တခြားသူတွေထက် ထက်မြက်တတ်တယ်။ သူများ နားမထောင် မိတာကို သူက နားထောင်မိတတ်တယ်။ သူများ မမြင်မိတာကို မြင်မိတတ်တယ်။ သူများ မခံစား တတ်တာကို ခံစားတတ်တယ်။ ဒါကို ဆရာတို့က အာရုံတရား ထက်မြက်တယ်လို့ ခေါ်တယ်။

ဆရာက ငါးနှစ်သား၊ ခြောက်နှစ်သားလောက်ကတည်းက ပန်းကလေးတွေ ပွင့်တာ၊ နေထွက်တာ၊ နေ၀င်တာ၊ နှင်းကလေးတွေ ကျတာ ဂရုစိုက်ကြည့်တတ်တယ်။ လ ဘယ်လို သာလဲ၊ လ ဘယ်လို ၀င်သွား သလဲ၊ သစ်ရွက်ကလေးတွေ ဘယ်လို ကြွေသွားသလဲ။ အဲဒ်လေးတွေကို အဲဒီအရွယ်ကတည်းက မြတ်နိုး တတ် ခဲ့တယ်။ သနားစရာ မြင်ရင်လည်း သိပ်ပြီး သနားတတ်တယ်။ စိတ်ဆိုးစရာ တွေ့ရင်လည်း သိပ်စိတ် ဆိုး တတ်တယ်။ ဒါက ရုပ်ပတ်ဝန်းကျင်ပိုင်းပေါ့။

လူမှုပတ်ဝန်းကျင်ပိုင်းကျပြန်တော့လည်း ဆင်းရဲတဲ့ ကလေးတွေကိုလည်း စိတ်ဝင်စားတာပဲ။ ချမ်းသာတဲ့ ကလေးကိုလည်း စိတ်ဝင်စားတာပဲ။ ဒုက္ခရောက်နေတဲ့ သူကို တွေ့ရင်သနားတယ်၊ ချမ်းသာတဲ့သူကို တွေ့ရင် ၀မ်းသာတယ်၊ အားကျတယ်၊ တော်တဲ့သူတွေ့ရင်လည်း ၀မ်းသာတယ်၊ အားကျတယ်။ အဲဒါကြောင့် ဆရာတို့က တစ်နည်း ပြောရရင် ဘ၀ကို ပြည့်ပြည့်၀၀ ခံစားတတ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစား ကြည့်တော့ ဆရာ ငါးနှစ်သား၊ ခြောက်နှစ်သားလောက်ကတည်းက တချို့ ဆယ့်ခြောက်နှစ် သား၊ ဆယ့်ခုနှစ်သားလောက်မှ ခံစားတတ်တာမျိုး ခံစားတတ်နေတယ်။ အဲဒီကနေပြီးတော့ ကိုယ် ခံစားတတ်တာ တင် မရပ်ပါဘူး။ ကိုယ် ခံစားလို့ရတာကို ပြောပြချင်တယ်။ အဲဒီလို ပြောချင်တာကနေ စာရေးဖြစ်သွားတာပဲ။ ဆရာ ဆယ့်နှစ်နှစ်သားအရွယ်မှာ ဆယ့်ခုနစ်နှစ်သားတွေအတွက် ရည်းစားစာ ရေးပေး နေရပြီ။ စာရေးကောင်းနေတာကိုး။

စာရေးတာနဲ့ ဖတ်တာနဲ့က ဆက်နွယ်နေတယ်။ ဖတ်တယ်။ ပြီးတော့ သူတို့လို ရေးတတ်အောင် ကြိုးစား တယ်။ ရတယ်။ အဲဒီတော့ ၁၂ နှစ်၊ ၁၃ နှစ်လောက်ကတည်းက စာရေးကောင်းနေပြီ။ ဒါပေမဲ့ စာအုပ် ထုတ် လိုက်မယ် ဘာညာ ရည်ရွယ်ချက် မရှိသေးပါဘူး။ အဲဒီလိုနေရင်းက ဂျပန်ခေတ် ရောက်လာတော့ ဆရာ့ အတွက် ပိုတိုးတက်လာတယ်လို့ ပြောရမယ်။ အဲဒီခေတ်က ကျောင်းတွေ မရှိတော့ လက်လှမ်း မီသမျှ ကျမ်း တွေ လျှောက်ဖတ်တယ်။ အဲဒီတော့ စောစောက ဆရာ ပြောခဲ့သလို ရှစ်နှစ်သား လောက်ကတည်းက ကဗျာ စပ်တယ်ဆိုပေမယ့် စနစ်ကျတာတော့ မဟုတ်သေးဘူးပေါ့။ ကိုယ့်ပါရမီနဲ့ ကိုယ် စပ်တာပဲ။ ဒါက ရသပဲ၊ ဒါက ဒေါသ၊ ဒါက အလင်္ကာ၊ ဒါတွေ ဘာမှ နားမလည်ဘူး။ ဘယ်တော့မှ နားလည်သလဲဆိုတော့ ဆရာကြီး ဒဂုန်ဦးစန်းငွေတို့၊ ဒဂုန်ဦးမိုးသစ်တို့ တည်းဖြတ်တဲ့ ကဗျာရေးနည်း ကျမ်းတွေ ဖတ်ရတော့မှ စနစ်တကျ တတ်လာတာပဲ။

အဲဒီစာအုပ်တွေက ဖော်ပြထားတဲ့ နည်းစနစ်တွေအတိုင်း ကြိုးစားစပ်တယ်။ ၁၆ နှစ်သားလောက်မှာကျ တော့ ဒွေးချိုး၊ လေးချိုး၊ တေးထပ်တွေ အသာထားလိုက်တော့၊ ပိုဒ်စုံရတုကို ကောင်းကောင်း စပ်တတ် နေပြီ။ စိတ်ထဲမှာ နတ်သျှင်နောင်တို့ ဘယ်သူတို့ရဲ့ ဟန်မျိုးတွေ မရရင် မကျေနပ်ဘူး။ ရှေးရတု ဆရာကြီး တွေ သုံးတဲ့ဟန်ပန်မျိုးတွေ ပါလာအောင် အတော်ကြိုးစားရတယ်။ အဲဒီကနေပြီးတော့ ကျောင်းမဂ္ဂဇင်း မှာတော့ ရေးနေပြီပေါ့လေ။ ရန်ကုန်မှာ မဟုတ်တော့ စာပေနယ်နဲ့လည်း အလှမ်းက ဝေးနေသေးတာပေါ့။
၁၉၄၈ ခုနှစ် တက္ကသိုလ် ရောက်လာတော့ ရှုမ၀မဂ္ဂဇင်းကို "ဒွိဟ" ဆိုတဲ့ ကဗျာကလေး ပို့လိုက်တော့ တစ်ခါပို့ တစ်ခါ စွံသွားတာပဲ"
" ဆရာ အဲဒီတုန်းက ကလောင်နာမည်က ... "
" တက္ကသိုလ်ဘုန်းနိုင်ပဲ ။

ရှုမ၀မှာ ကဗျာနဲ့ အောင်မြင်တော့ ရှုမ၀ကလည်း ကဗျာပဲ လက်ခံတယ်။ ၀တ္ထုတိုပို့လည်း ပယ်တာပဲ။ ၀တ္ထု ရှည် ပို့ လည်း ပယ်တာပဲ။ ပယ်ခံရတာ အားလုံး ၇၅ ပုဒ်ရှိတယ်။ တစ်ကြောင်းကတော့ ဆရာ စဉ်းစား ကြည့် တယ်။ ၀တ္ထုတိုဆိုရင် သူတို့ သုံးကောင်းသုံးလိမ့်မ်။ ၀တ္ထုရှည် ဆိုတာတော့ နာမည်မရသေးတဲ့ သူတစ်ယောက် အတွက် နေရာ ဘယ်ပေးနိုင်ပါ့မလဲ။ ၀တ္ထုလိုင်းမှာ မအောင်မြင်ပေမယ့် ဘာသာပြန် ကျတော့ ရှုမ၀က ထည့်ပေးပြန်ရော။
ဆရာက ဘာသာပြန် မရေးချင်ဘူး။ Adaptation တွေ ဘာတွေလည်း မလုပ်ချင်ဘူး။ ကိုယ်ပိုင်ပဲ ရေးချင် တယ်။ ဆိုကြပါစို့။ စာပေနယ်မှာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ တစ်ဖက်က ဘ၀မှာလည်း အရှုံးကြီး ရှုံးနေတယ်။ ဆရာ့ မိဘတွေက ချမ်းသာတာ မဟုတ်ဘူး။ သူတို့က တက္ကသိုလ်ကို ကြိုးစားပို့ပေး တာ။ ပညာသင်၊ ဘွဲ့ရပြီးရင် အလုပ်လုပ်ဖို့ပဲ၊ ဆရာက စာပေနယ်ထဲ လျှောက်မျောနေပြီး ဟိုမရောက် ဒီမရောက် ဖြစ်နေတယ်။ ဒါနဲ့ မအောင်မြင်တဲ့ စာပေလောကကိုတော့ တော်ပြီဆိုပြီး ၁၉၅၂ ခုနှစ် ကဆုန်လ မှာ ထုတ်တဲ့ ရှုမ၀မဂ္ဂဇင်းမှာ (ထင်တယ်) " နောက်ဆုံးဆုတောင်း" ဆိုတဲ့ ကဗျာတစ်ပုဒ် ပို့လိုက်တယ်။ ဒီကဗျာရဲ့ ရည်ရွယ်ချက်ကတော့ လောကကို စိတ်နာတဲ့သလော၊ သံဝေဂယူတဲ့ သဘော ပါတယ်။ ဒီကဗျာ ဟာ ဆရာ့အတွက် စာပေနယ် နောက်ဆုံးပဲလို့ သဘောထားခဲ့မိတယ်။

ဒီကဗျာ ပါပြီးတဲ့နောက် ဆရာ စာထပ်မရေးတော့ဘူး။ စာပဲ ကြိုးစားနေခဲံတယ်။ အသေအလဲ ကြိုးစား လိုက် တော့ ဂုဏ်ထူးတန်းမှာ ပထမတန်းရတယ်။ ဆရာတို့ခေတ်ကတော့ ဂုဏ်ထူးတန်း ရတာ ငါးယောက်ပဲ ရှိတယ်။ စိတ်ပညာဘက် ဖိလိုက်စားခဲ့တယ်။ အဲဒီတုန်းကတော့ စာပေနယ်ဘက်ကို ပြန်ဝင်မယ် ဆိုတဲ့ ရည်ရွယ်ချက် လုံးဝကို မရှိခဲ့ဘူး။ မန္တလေးတက္ကသိုလ်မှာ လက်ထောက်ကထိက ဌာနမှူး လုပ် နေခဲ့တယ်။ စာသာ မရေးတော့တာ၊ စာပေနဲ့မကင်းတဲ့ အလုပ်ဖြစ်တဲ့ စာဖတ်တာကို ပိုလုပ်နိုင် လာတယ်။ ဘွဲ့ဒီဂရီ က ပြည့်စုံသွားတာကလည်း တစ်ကြောင်း၊ ဆရာ တစ်ယောက် ဖြစ်လာတော့ တက္ကသိုလ် စာကြည့်တိုက် ကို ကြိုက်သလို သုံးနိုင်တာကလည်း တစ်ကြောင်းကြောင့် စာပိုဖတ်ဖြစ် လာတယ်။
စာများများ ဖတ်လေလေ ရေးစရာတွေ တွေ့လေလေ ဖြစ်လာတယ်။ စာမရေးတော့ပါဘူးဆိုပေမယ့် ဆရာ့ မှာ ရောဂါလို ဖြစ်နေတာက အချိန် နှစ်ချိန်မှာ စာမရေးဘဲ မနေနိုင်တာဘဲ။ တစ်ကတော့ သစ်ရွက် ကလေး တွေ ကြွေတဲ့ နွေဦး။ ဒီအချိန်မှာ တစ်ခုခုလေးတော့ ရေးလိုက်ရမှ။ နောက် ဆောင်းဦး၊ နှင်း ကလေး တွေ ကျတဲ့အချိန်မှာလည်း တစ်ခုခုလေးတော့ ရေးလိုက်ရမှ။ ၁၉၅၈ ခုနှစ် ဆောင်းဦး၊ နှင်းဦးကလေး တွေ အကျမှာ "နှင်းရွက်ကြွေစော"ကို ရေးလိုက်တယ်။

ဘယ်တိုက်ကို ပို့ဖို့မှ ရေးတာမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် မရေးဘဲ မနေနိုင်လို့ကို ရေးလိုက်တာ။ အဲဒါကို ဆရာကတော် က ဖတ်ကြည့်ပြီး ကောင်းတယ်တဲ့။ ဆရာက ပြောတယ် မကောင်းဘူးလို့။ ဒါက စိတ်ကူးယဉ် ၀တ္ထု လို့ ဆိုတော့ သူက မဟုတ်ဘူး ကောင်းတယ်တဲ့ ဆိုပြီးတော့ သူ တိုက်တွန်းတာနဲ့ပဲ မြ၀တီ တိုက် ကိုပို့လိုက်တယ်။ ဆရာက စာသာရေးတာ၊ ၀တ္ထုတို ၀တ္ထုရှည် ဘယ်နှမျက်နှာဆိုတာ မတွက်တတ်ဘူး။ အဲဒါက မြ၀တီမှာ မဂ္ဂဇင်းဝတ္ထုရှည်အဖြစ်နဲ့ ပါလာတယ်။ လူကြိုက်များတဲ့ ၀တ္ထုဖြစ်သွား တယ်။

နွေပေါက်ရင် မနေနိုင်တဲ့ ကိုယ့်ရောဂါကြောင့် စ ထားတဲ့ ၀တ္ထုတစ်ပုဒ်ကလည်း ရှိနေတယ်။ "မုန်းရင်လေဦး"။ "နှင်းရွက်ကြွေစော"က ၁၉၅၈ ခုနှစ် ဇန်န၀ါရီလမှာပါလာပြီးတော့ ဖေဖော်ဝါရီလ တစ်လသာ ခြားပြီး မတ်လမှာ "မုန်းရစ်လေဦး" ပါလာတယ်။ ဒီဝတ္ထုမှာ နက်နဲတဲ့ အချက်ကလေးတွေ ပါတော့ ဆရာ တော်တော် နာမည်ကြီးသွားတယ်။ ဒီဝတ္ထုကို ဟင်ဒီဘာသာနဲ့ ပြန်ပြီး အိန္ဒိယမှာ ထုတ်တယ်။ ဘာသာပြန်တဲ့ စာရေးဆရာ နာမည်တော့ ဆရာ မမှတ်မိတော့ဘူး။ သူကပဲ ဆရာ့ဆီ လှမ်းအကြောင်း ကြား ခဲ့တာပါ။

" မုန်းရစ်လေဦး " အောင်မြင်သွားတော့ ဒီအထဲကပါတဲ့ သဘောတရားရေးရာ အချက်အလက်တွေကို အကျယ်ချဲ့ပါဦးလို့ တိုက်တွန်းကြတာနဲ့ ဒီအချက်အလက်တွေကို ချဲ့ရေးတဲ့ "ညီမလေးရယ် စိုးရိမ်မိတယ်" ကို ရေးလိုက်တာပဲ။ အဲဒီမှာတော့ ဆရာ အအောင်မြင်ဆုံးဖြစ်သွားပြီ။ အဲဒီကနေ စာပေနယ်ထဲ ရောက်ခဲ့ တာပဲ "
" ဆရာ့နာမည်ရင်း ဦးခင်မောင်တင့်ကနေ ကလောင်နာမည် တက္ကသိုလ်ဘုန်းနိုင်လို့ ယူတဲ့နေရာမှာ သီးခြား အကြောင်းကလေးတွေများ ရှိပါသလားဆရာ"
" ရှိတယ်ဗျ။ ဆရာ ကျောင်းမှာ စာရေးစဉ်တုန်းကတော့ ကလောင်နာမည်ကို "ဆွေသုမောင်"ဆိုပြီး ရေးတယ်။ ဆွေသုမောင် ဆိုတာက "ဆွေသုမောင် အပွေများကိုလ၊ မေယုတောင် နေရထားတွင်ပ၊ ခွေစကား မှာလိုက်မယ်" အဲဒီတေးထပ်ထဲက "ဆွေသုမောင်" ဆိုတဲ့ စကားလုံးက လှတယ်ဆိုပြီး ယူခဲ့ တာပဲ။ နောက်တော့ "ဆွေ" ဆိုတဲ့စကားက ကလက်တယ်ဆိုပြီး "သုမောင်" ချည်းပဲ ရေးဖူးသေးတယ်။ (အခုလည်း သုမောင် ရှိနေတယ်။) ပေါင်းတည်ကျောင်းမှာတုန်းကတော့ သုမောင် နဲ့ ချည်း ရေးတာပဲ။

အဲဒီတုန်းမှာ ဗန်းမော်တင်အောင်ရဲ့ "ဘုန်းမောင့် တစ်ယောက်တည်းရယ်" ၀တ္ထုထွက်လာတယ်။ ထွက်လာ တော့ သူငယ်ချင်းတွေက နောက်တယ်။ ဗန်းမော်တင်အောင်ရေးတာက ဆင်းရဲသော မိဘရဲ့ စာတော်သော သား။ ဆရာ့မိဘတွေကလည်း ဆင်းရဲတယ်။ ဆရာကလည်း စာတော်တယ်။ အဲဒီတော့ သူငယ်ချင်း တွေက (ကိုအုန်းကျော်၊ မြ၀တီက မောင်ကျော်သာတို့ပေါ့) သူတို့က နောက်ကြတယ်။ ဆရာ ကလည်း ဆင်းရဲသော မိဘရဲ့ စာတော်သောသား ဖြစ်ရတာ ဂုဏ်ယူတယ်။ ဆရာဗန်းမော်တင်အောင်ရဲ့ ၀တ္ထု ကိုလည်း ကြိုက်တော့ ရှုမ၀ကို ကဗျာပို့တဲ့အချိန်မှာ "တက္ကသိုလ်ဘုန်းနိုင်"လို့ ကလောင်နာမည် တပ်လိုက် တာပဲ။

တစ်နည်းအားဖြင့် ပြောရရင်တော့ ဆရာဗန်းမော်တင်အောင်ရဲ့ Influence ပါတာပေါ့။ ဆရာ ဗန်းမော်တင်အောင် ကတော့ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ ဆုနဲ့ ပြည့်စုံတဲ့သူဆိုတော့ ဆရာ သူ့ကို ပုဂ္ဂိုလ်ရေး အရလည်း ခင်တယ်။ ကွယ်လွန်သွားတဲ့အထိ ဆရာတို့နှစ်ယောက်က သိပ်ချစ်ကြတယ်၊ သိပ်ခင် ကြတယ်"
" ဆရာက ကဗျာက စ ခဲ့တဲ့သူဆိုတော့ ကဗျာနဲ့ ပတ်သက်တာလေးတွေက စပြီး ဆွေးနွေးချင်ပါတယ် ဆူရာ။ "ပိတောက်ပွင့်ဆဲ လသာဆဲ" ၀တ္ထုမှာ မမဝေက မောင်လေးလှိုင်ကို ပြောပြတယ်။ ကဗျာဆိုတာက နှလုံးသား ကို ပြောတာ၊ စကားပြေက ဦးနှောက်ကို ပြောတာတဲ့။ နှလုံးသားက နားလည်တဲ့ စကားတိုင်းကို ဦးနှောက် က နားမလည်နိုင်သလို ဦးနှာက်က နားလည်တဲ့ စကားတိုင်းကိုလည်း နှလုံးသားက နားမလည် နိုင်ဘူး တဲ့။ ဒီစကားလေးကို ပိုပြီး ပြည့်စုံအောင် ရှင်းပြစေချင်ပါတယ် ဆရာ"

" ဟား ဟား ... ဒီစကား ရှင်းရရင်တော့ ကဗျာကျမ်းတစ်အုပ် ရေးရမလို ဖြစ်နေပြီ။ တတ်နိုင်သလောက် တော့ အတိုချုပ်ပြီး ရှင်းပြပါ့မယ်။ ကျွန်တော်တို့ ကမ္ဘာ့ဘာသာစကားပညာရှင်ကြီးတွေ ပြောလေ့ရှိတဲ့ စကား တစ်ခုရှိတယ်။ စကားပြေကို ဘာသာပြန်လို့ ရတယ်တဲ့။ ကဗျာကို ဘာသာပြန်လို့ မရဘူးတဲ့။ အဲဒါ အလွန် မှန်တဲ့ စကားပဲ။ ဘယ်လူမျိုးရဲ့ ဘာသာစကားနဲ့ပဲဖြစ်ဖြစ် ရေးထားတဲ့ ၀တ္ထု၊ ဆောင်းပါး၊ ကျမ်းဖြစ်ဖြစ် ဘာသာပြန်ရင် တော်တော်တိတိကျကျ ဘာသာပြန်လို့ရတယ်။
ဒါပေမဲ့ ကဗျာတစ်ပုဒ်ကို ဟိုဘာသာကနေ ဒီဘာသာပြန်ရင် မရနိုင်ဘူး။ အဲဒါက ဘာကို ပြနေသလဲဆို တော့ ကကြီး၊ ခခွေး ရေးထားတာချင်း တူပေမယ့် ကဗျာနဲ့ စကားပြေကြားမှာ ကွာခြားမှုတွေ အများကြီးရှိ တယ် ဆိုတာပဲ။ ဒါကို ပညာရှင်တွေက လက်ခံတယ်။ လက်တွေ့ကြိုးစားဖူးတဲ့ သူတွေလည်းသိပါတယ်။

နိုင်ငံခြား တိုင်းပြည်တစ်ပြည်က ကျွန်တော့် မိတ်ဆွေတစ်ဦးက ဘာပြောသလဲဆိုတော့ ကျွန်တော်တို့ဆီက ကဗျာဆရာကြီး တစ်ယောက်ရဲ့ ကဗျာတွေကို သူတို့ ဘာသာပြန်ပြီး ဂုဏ်ပြုပါတယ်တဲ့။ ဒီပုဂ္ဂိုလ်ကြီးကို သူတို့ ကြည်လည်းကြည်ညို ပါတယ်။ လေးလည်း လေးစားပါတယ်တဲ့။ ဒါပေမဲ့ အမှန်ကို ၀န်ခံရရင် သူတို့ ဘယ်လိုမှ အရသာခံလို့ မရပါဘူးတဲ့။ ဒီလို ပြောဖူးတယ်။ ဒီတော့ ကျွန်တော်က " အေး ... မင်းတို့က ဗမာ မှ မဟုတ်ဘဲကိုး၊ တို့ဗမာတွေကတော့ ဒီကဗျာဆရာကြီး ရဲ့ စာတွေကို ရွတ်လိုက်ရတယ်၊ ဖတ်လိုက်ရတယ် ဆို ရင် တစ်ခါတည်း ပီတိတွေ တဖြန်းဖြန်းထသွားတာပဲ။ တို့ ငယ်ငယ်တုန်းကလည်း ကြိုက်တယ်။ အခု အသက်ကြီးလာတော့လည်း ကြိုက်တာပဲ" လို့ ပြောလိုက်ရတယ်။ တကယ်တော့ ဆရာကြီး ရဲ့ ကဗျာထဲမှာ ပါတဲ့ အလှ မှန်သမျှကို သူတို့ ဘာသာစကား နဲ့ ပြန်လို့မှ မရနိုင်ဘဲ။ အင်္ဂလိပ် လိုလည်း ပြန်လို့ မရပါဘူး။ အဲဒီလိုပဲ ကဗျာမှာ စကားပြေနဲ့ ကွာခြားချက်တွေရှိတယ်။ ဘာရယ်လို့ ဆိုတာ ကတော့ တိတိကျကျတော့ ဘယ်သူမှ မပြောနိုင်ကြသေးဘူး။ ကွာခြားမှု ရှိတယ်ဆိုတာပဲ ပြောနိုင်ကြ သေးတယ်။

ကျွန်တော် ဥာဏ်မီသလောက် ပြောရရင်တော့ ခံစားမှုတွေရှိတယ်။ ဒီခံစားမှုတွေကို အကျယ်ချဲ့ပြီး လျှောက် ရေးလိုက်ရင် ပျင်းစရာကောင်းသွားမယ်။ အင်္ဂလိပ်လိုတော့ ရှင်းတယ်။

ဆက်ရန်
Credit:shwezinu.blogspot.com
 


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း