ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၅)

ကျွန်တော် ဥာဏ်မီသလောက်
ပြောရရင်တော့ ခံစားမှုတွေရှိတယ်။ ဒီခံစားမှုတွေကို အကျယ်ချဲ့ ပြီး လျှောက် ရေးလိုက်ရင်
ပျင်းစရာကောင်းသွားမယ်။ အင်္ဂလိပ်လိုတော့ ရှင်းတယ်။ Describe လုပ်တာ။ အသေးစိတ် ဖော်ပြတာပေါ့။
ဒါမှမဟုတ် Communicate လုပ်လိုက်တာ။ ကို....ဆက်ဖတ်ရန်...
Describe ဆိုတာက အသေးစိတ် ရှင်းလင်းဖော်ပြတာ။ Communicate လုပ်တယ်ဆိုတာက ကိုယ့်နှလုံးသား
ထဲကဟာကို တစ်ပါးသူ နှလုံးသားထဲ ထည့်တဲ့နေရာမှာ ကဗျာသည် အလွန် အစွမ်း ထက်တယ်။ ကဗျာပညာ
နိုင်နင်းလေ၊အဲဒီလို ကဗျာမျိုး စပ်တတ်လေ ဖြစ်လာတာပဲ။ ဒီဥစ္စာကို အင်္ဂလိပ်ကဗျာဆရာကြီးများကတော့
Incantation လို့ခေါ်တယ်။ မန္တန်ပညာ စွမ်းရည်ပေါ့။ မန္တန်တစ်ခုနဲ့ မန်းမှုတ် လိုက်ရင် သေနေတာတွေ
ရှင်သွားမယ်။ ဒီလိုပဲကကြီး၊ ခခွေးလေးတွေက အသက်မရှိတာ။ ကဗျာမှာ ရှိတဲ့ အခုနက ပြောတဲ့
ဘယ်လိုပြောရမှန်းမသိတဲ့ စွမ်းရည်က ဒီကကြီး၊ ခခွေးလေးတွေကို ထိလိုက်တဲ့ အခါ မှာ သေသူရှင်သလို
ဒီ ကကြီး၊ ခခွေးကလေးတွေက အသက်ရှင်လာတာပဲ။ စကားပြော လာတာပဲ။ သူတို့ပြောတဲ့ စကားတွေ က
စကားပြေက ကကြီး၊ ခခွေးတွေ ပြောတဲ့ စကားထက် ထိ ရောက်တယ်။ ပိုပြောနိုင်တယ်။
ယေဘုယျအားဖြင့်တော့ စကားပြောကတော့ အကြောင်းနဲ့ အကျိုးနဲ့ သဒ္ဒါနည်းနဲ့လိုက်ပြီး နားလည် လို့ရတယ်။ ကဗျာမှာလည်း သဒ္ဒါနည်းစွန့်လို့ မရသလို၊ အကြောင်း အကျိုးလည်းစွန့် လို့မရဘူး။ ဒီအပြင် နှလုံးသားနဲ့ပါ ခံစားကြည့်လို့ရတယ်။ အဲဒီတော့မှ အဓိပ္ပယ် ပြည့်ပြည့်စုံစုံ ရလာတယ်။ ဒါကြောင့် ကဗျာကို နားလည်ဖို့ရာ အများကြီး ခက်ပါတယ်။ သို့သော် မခံစား တတ်ဘူးလားဆိုတော့ ခံစားတတ်တယ်။ ပြည်သူ သည် ကဗျာကို အများကြီးခံစား တတ်တယ်။ ဘာကြောင့် ကောင်းမှန်း မသိဘူး။ ဘာကြောင့် ကြိုက်မှန်း မသိဘူး။ သို့သော် ကောင်းမှန်း၊ ကြိုက်မှန်းတော့ သိကြတာချည်းပဲ''
''ဟုတ်ကဲ့ ဆရာ၊ အခုဆိုရင် ကဗျာ လိုက်စားတဲ့သူတွေ တော်တော်များပါတယ်။ ကျွန်တော်တို့ မဂ္ဂဇင်းတိုက် တွေမှာဆိုရင် တစ်နေ့ ကဗျာတွေ ရာဂဏန်းနီးပါး ရောက်ပါတယ်။ ဒီတော့ကဗျာ လေ့လာ လိုက်စားတဲ့ သူတွေ မှတ်သားရအောင် ကဗျာကောင်းတစ်ပုဒ်ဟာ ဘယ်လိုအင်္ဂါရပ်နဲ့ ညီညွတ် သင့်တယ်ဆိုတာ ပြောပြပါဦး ဆရာ''
''ကဗျာကောင်းတစ်ပုဒ်ဟာ ဘယ်လိုလဲ ဆိုတာ ပြောဖို့ရာ တော်တော်ကလေး ခက်ပါတယ်။ သူ့သဘာဝ ကိုက ခက်တာကိုး။ ဒါပေမဲ့ ဆရာတို့ အတွေ့အကြုံ၊ တခြား စာရေးဆရာများရဲ့ အတွေ့အကြုံ၊ ကမ္ဘာ့ စာရေးဆရာကြီး များရဲ့ သမိုင်းအရ ပြောမယ်ဆိုရင် ကဗျာတစ်ပုဒ်သည် ကဗျာကောင်းတစ်ပုဒ် ဖြစ်ဖို့ရာ အဆင့်ဆင့် လိုတယ်။ ပထမအဆင့်က မိမိက ဘာခံစားချင် သလဲ။ အဲဒါကို ဖတ်လိုက်တဲ့သူ ခံစားရရင် အဲဒါ အေင်မြင်တာပဲ။ ဥပမာ ကိုယ်က လွမ်းတဲ့ ကဗျာစပ်တယ်။ စာဖတ်ပရိတ်သတ်က မလွမ်းဘူးဆိုရင် အဲဒါ ဆုံးရှုံးတာပဲ။ ကိုယ်က ဇာတိ မာန်နှိုးဆော်တဲ့ ကဗျာစပ်တယ်၊ ဖတ်တဲ့သူ ဇာတိမာန် တက်ကြွ မလာဘူးဆိုရင် မဟုတ် တော့ဘူး။ မိမိ ရည်ရွယ်ချက်၊ ရည်ရွယ်ချက်ဆိုတာ ခံစားမှု ရည်ရွယ်ချက်၊ ဘယ်ခံစားမှု ကို မိမိ ရည်ရွယ်လိုက်သလဲ။ ရည်ရွယ်လိုက်သော ခံစားမှု စာဖတ်ပရိသတ်မှာ ပေါ်သလား၊ ပေါ်ရင် အဲဒါ ကဗျာကောင်းတစ်ပုဒ်ပဲ။ အဲဒါက ပထမအင်္ဂါရပ်ပဲ ရှိသေးတယ်။
နောက် ဒုတိယအင်္ဂါရပ်က ကဗျာသည် အစွမ်းထက်ဖို့၊ အောင်မြင်ဖို့ စကားပြေမဖြစ်ရဘူး။ စကားပြေ ဖြစ်တာနဲ့တစ်ပြိုင်နက် အလိုလိုကို ရှုံးသွားတယ်။ အင်္ဂလိပ်လိုတော့ self defeated man ခေါ်တာပေါ့။ အလိုလို ကို ရှုံးတာ။ အဲဒီတော့ ကဗျာသည် ခုနကပြောတဲ့ ရည်ရွယ် ချက်တွေ၊ ခံစားချက်တွေကို Communicate လုပ်တဲ့နေရာမှာ ကဗျာသုံးဘာသာစကား သုံးရမယ်။ ကဗျာသုံး ဘာသာစကားသည် စကားပြေ သုံး ဘာသာစကားမဟုတ်ဘူး။ ကဗျာသုံး ဘာသာစကားက ဘာတွေလဲ ဆိုရင်တော့ မပြော တတ်ဘူး။ နမူနာလေးတွေတော့ ပြောပြ မယ်။ ဥပမာ ဆရာ ပြောပြလေ့ရှိတဲ့ နတ်သျှင်နောင်ရဲ့ ရတုထဲက 'ရေပန်းမြစ်ဆိပ်၊ ပွင့်မျော ရိပ်မှာ၊ နတ်အိပ်ခဲ့သည်' ဆိုပါတော့။ အဲဒီ ပွင့်မျောရိပ် ဆိုတဲ့ စကားလေးကပဲ ရတု တစ်ပိုဒ် လုံးရဲ့ အလှကို ဆင်သွားတယ်။
ဆရာပြောလေ့ရှိတာ တစ်ခုရှိတယ်။ မိုးမှောင်နေတယ်၊ ဘာမှ မမြင်ရဘူး။ လျှပ်ပြက်လိုက် တယ်။ အဲဒီတဒင်္ဂကလေးမှာ အလှအပတွေ မြင်လိုက်ရတယ်။ အဲဒီလိုပဲ ကဗျာမှာတချို့ စကားလုံးလေးတွေက ကဗျာတစ်ပုဒ်လုံး ကို လျှပ်ပြက်လိုက်သလိုပဲ လင်းထိန်သွားအောင် လုပ်လိုက်နိုင်တဲ့ စွမ်းရည် သတ္တိရှိကြတယ်။ အဲဒါ အင်မတန် အောင်မြင်တဲ့ကဗျာ ဖြစ်သွား တာပဲ။ တိုတိုတုတ်တုတ်နဲ့ လိုရင်းကို ပြောလိုက် နိုင်တာပဲ။
ဆရာ တစ်ခါတုန်းက နတ်သျှင်နောင်ရဲ့ ပွင့်မျောရိပ်ကို အကျယ်ချဲ့ ပြောဖူးတယ်။ ဒါလေးနဲ့ပဲ ပြောချင် တာက ပြီးသွားတယ်။ ဒါမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကဗျာကို ဘာသာပြန်လို့ မရဘူးလို့ ပြောတာပါ။ တချို့ ကဗျာတွေမှာ ကိုယ့်ယဉ်ကျေးမှုအရ အဓိပ္ပယ်ရှိပေမယ့် သူတို့ ယဉ်ကျေးမှုအရ အဓိပ်ပါယ် မရှိတာတွေ ရှိတယ်။ ဆရာကြီး ဒေါက်တာလှဖေက တစ်ခါပြောဖူး တယ်။ ‘သူ့ခြံတွင်းပေမို့၊ လဲ့ဝင်း ကို အယူခက်သည်၊ နီးလျက်နဲ့ဝေး’ တဲ့။ အဲဒါကို အင်္ဂလိပ်တွေ ဘယ်လိုမှ အရသာခံစားလို့ မရဘူး။ ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဒါကမြန်မာ့ယဉ်ကျေးမှုမှာ ရှင်းတယ်။ တစ်ပါးသူရဲ့ ပိုင်နက်အတွင်း ရောက် နေတဲ့ အချစ်မို့ ကိုယ့်ချစ်သူမဖြစ်နိုင်ဘူး။ ဒါ ရှင်းနေတာပဲ။ ဒါကို ကျွန်တော်တို့ နားလည်ပေမယ့် သူတို့ နားမလည်ဘူး။
ဒါကြေင့် ကဗျာမှာ စကားအသုံးအနှုန်းက ကိုယ့်ပတ်ဝန်းကျင် ယဉ်ကျေးမှုလည်း ပါလာတယ်။ ကမ္ဘာကျော် ရေး၊ မကျော်ရေး ဆိုတာက အရေးမကြီးဘူး။ ကိုယ့်စာမှာ ကိုယ့်ယဉ်ကျေးမှုမှာ ဒီလို အသုံးအနှုန်း ကလေးတွေ သုံးတတ်ဖို့ အရေးကြီးပါတယ်။ အဲဒါလေးတွေ သိဖို့ လိုပါတယ်။
ဆရာစပ်တဲ့ ကဗျာတွေ၊ သီးချင်းတွေမှာ အဲဒါမျိုးတွေ အများကြီး ရှိပါတယ်။ ဥပမာ-‘ကမ္ဘာ ကုန် ကျယ် သရွေ့ဝယ်’ သီချင်းမှာ ‘နွယ်ဦးမွန် မို့ ချစ်ထွတ်တင်သည်’ တော်ပြီ။ အချစ်ဦး၊ တစ်သက် မမေ့နိုင်တဲ့ အချစ်ဦး။ ချစ်ချင်တိုင်း ချစ်၊ နွယ်ဦးမွန် မို့ ချစ်ထွတ်တင်သည်။ ဘာနွယ်လဲ၊ စဉ်းစားတော့။ စာရေးဆရာ ကတော့ မပြောတော့ဘူး။ ဘာကြောင့် စဉ်းစားရမယ့် အချက်တွေ။
ဆရာ ရေးပြီး အသံမလွင့်ဖြစ်တဲ့ သီချင်းတစ်ပုဒ် ရှိသေးတယ်။ ‘ဘုံမာယာ ဇာချဲ့၊ ကြမ္မာ ဧည့်သည် ယာယီထွင်’ လို့ရေးလိုက်တယ်။ ဘာကို ဆိုလိုသလဲဆိုတော့ ဘ၀မှာ မတွေ့သင့် မတွေ့ထိုက်၊ မပေါင်းသင့် မပေါင်းထိုက်ပေမယ့် ကံကြမ္မာကြောင့် ခဏလေး တွေ့ကြရတယ်။ တစ်သက်လုံးလည်း ပေါင်းရမှာ မဟုတ်ဘူး။ သက်သက်ဒုက္ခဖြစ်ရုံ ခဏလေး လာတွေ့တာပဲ။ ဒါကို အကျယ်ချဲ့ရင် အများကြီးပဲ။ ဆရာက အကျယ် မချဲ့တော့ဘူး။ ဘုံမာယာဇာချဲ့၊ ကြမ္မာဧည့်သည် ယာယီထွင် ဆိုတာနဲ့ လုံလောက်နေပြီ။
တချို့ကတော့ Choice of words စကားလုံး ရွေးသုံးတာလို့ ပြောကြတယ်။ ဒါကစကားလုံး ရွေးသုံး တာထက် မြင့်တယ်။ စကား ရွေးသုံးဆိုတာက လှတာလေးတွေချည်း လျှောက်တွဲသွား တာပဲ။ လှတာလေး တွေချည်း လျှေက်တွဲသွားရုံနဲ့ အဓိပ်ပါယ်မပေါက်နိုင်ဘူး။ ဆိုလိုတဲ့ ခံစားချက် အဓိပ္ပယ်ရောက်အောင် ပညာ နဲ့ စကားလေးတွေ ထွင်ပြီး သုံးတာပဲ။ အဲဒီအတတ် ပညာ တတ်ရင် ကဗျာ အောင်မြင်တာပဲ။ ဒီလို မဟုတ်ရင် စကားပြောထဲ ရောက်သွားမယ်”
“ဒီနေ့ လူငယ်တွေ စမ်းသပ်ရေးနေကြတဲ့ ကာရန်မဲ့ကဗျာမှာတော့ ခု ဆရာပြောတဲ့ ကဗျာ အသုံးအနှုန်း စကား မပါဘူး ဆရာ။ အဲဒီ ကဗျာတွေနဲ့ ပတ်သက်လို့ကော ဆရာဘယ်လို မြင်ပါသလဲ။”
“ကာရန်မဲ့ကဗျာနဲ့ ပက်သက်လို့ ဆရာ့အနေနဲ့ တစ်ဖက်ကတော့ Sympathetic ကိုယ်ချင်းစာ နားလည် ပါတယ်။ မကန့်ကွက်ဘူး။ မရှုတ်ချဘူး။ တစ်ဖက်ကတော့ ဆရာ့အတွက်မလိုဘူး။ ကာရန်မဲ့ကဗျာနဲ့ ရေးကြည့်မယ်ဆိုတော့ ဒီခေတ်မှ ပေါ်တာ မဟုတ်ပါဘူး။ ခေတ်တိုင်းမှာ ရှိခဲ့တာပါ။ ခေတ်ပညာတတ် တွေက အင်္ဂလိပ်ကဗျာတွေ ဘာတွေ ဖတ်ကြည့်လိုက်တဲ့အခါမှာ သူတို့က တော်တော်ဝေးဝေးကျမှ ကာရန် ယူလိုက်တော့ ရှေကပိုင်းမှာ အရှည်ကြီးရေးထားတာ က စကားပြေလို ဖြစ်နေတယ်။ ဒါပေမဲ့ သေသေ ချာချာ ပြန်ကြည့်ရင် သူတို့လိုပ်ထားတာ အရမ်းလုပ်ထားတာ မဟုတ်ဘူး။ ဆရာ စောစောက ပြောခဲ့တဲ့ Incantation ပါတဲ့ စကားတွေ အကုန်ရွေးရွေးပြီး သုံးသွားတာ။
ကြည့်လိုက်တော့ စကားပြေလို ဖြစ်နေပေမယ့် သုံးထားတဲ့ စကားလုံးလေးတွေက အလွန် သတိထားပြီး သုံး ထားတာ တွေ့ရမယ်။ ဗမာကဗျာမှာတော့ ကာရန်က သိပ်စိပ်တယ်။ နောက် နဘေတွေ များတယ်။ ဒီလို ရိုးရိုးရှင်းရှင်းကလေး သူတို့လို ပြောလိုက်ရင် ကွေ့မနေရဘဲ၊ ၀ိုက်မနေရဘဲ ကိုယ် ပြောချင်တာကို ပိုပြောနိုင်မှာပဲလို့ တွေးမိကြတယ်။ ဆရာတို့လည်း ဒီိလို စိတ်ပေါ်ဖူးပါတယ်။ ရေးကြည့်ဖူးတယ်။ စိတ်တိုင်း မကျဘူး။ နေက်တော့မှ ဗမာစကားနဲ့ အင်္ဂလိပ်စကာရဲ့ ကွာခြားမှု၊ ခြားနား ချက်…. အထူးသဖြင့် ဗမာစကား နဲ့ Indo-European စကားရဲ့ ခြားနားမှုကို သွားတွေ့ တယ်။
ဗမာစကားက တစ်လုံးတိုင်း တစ်လုံးတိုင်းမှာ အဓိပ္ပယ်ရှိတယ်။ တစ်လုံးတိုင်းဆိုတာ ထက် တစ်သံတိုင်း တစ်သံတိုင်း မှာ အဓိပ္ပယ်ရှိတယ်။
Mono-Syllable ဖြစ်နေတယ် ဆိုတော့ ကာရန်ကို ပိုယူနိုင်တယ်။ သူတို့စကားက အဓိပ်ပါယ်တစ်ခု ရဖို့ရာ သုံးလေးသံပါနေရတယ်။ သူတို့ရဲ့ စကားသဘာဝကိုက မြန်မာ ကာရန်ယူသလို ယူလို့ မရဘူး။ အဲဒီတော့ သူတို့က သူတို့စကားသဘာဝအရ ရေးတာပဲ။ မြန်မာက ကာရန်ကို ကြိုက်သလို ယူနိုင်အောင် ပေါများ လျက်သား နဲ့ ဘာကြောင့်လုပ်ရမှာလဲ။ အဓိပ္ပယ်
ပိုပေါက်စေချင်လို့ဆိုရင် ကိုယ် ညံ့တယ်ဆိုတာ ၀န်ခံရာကျမယ်။ အဓိပ်ပါယ်ပေါက် အောင် ကာရန် မယူတတ်ပါဘူးလို့ ပြောတာနဲ့ အတူတူပဲ။
မြန်မာစကားကိုလည်း နိုင်နင်းမယ်၊ မြန်မာကဗျာကိုလည်း နိုင်နင်းမယ်။ နောက်ပြီး တော့ ကိုယ်ကလည်း အတွေးအခေါ် ကောင်းမယ်ဆိုရင်၊ ကာရန်သုံးတဲ့ကြားက ကိုယ်ဆိုလိုတဲ့ အဓိပ်ပါယ်ရောက်အောင် ပြော နိုင်မယ်ဆိုရင် ဆရာ ပြောခဲ့သလို စကားပြေထက် ပိုထိရောက်တဲ့ ကဗျာ ဖြစ်လာမယ်။
ကာရန်မဲ့ကဗျာကတော့ စမ်းနေတာ တစ်ခုပါပဲ။ စမ်းတဲ့သူကိုတော့ မစမ်းနဲ့ဆိုဘယ်လို မှ ပြောလို့ရမှာ မဟုတ်ဘူး။ ဘယ်လောက်ပြောပြော စမ်းနေမှာပဲ။ အချိန်တန်ရင်သူတို့ စွန့်သွားလိမ့်မယ်။ သူတို့ စွန့်သွားရင် သူတို့နေရာ ဆက်ခံမယ့် သူကလည်း ပေါ်လာဦး မှာပဲ။
အထူးသဖြင့် ကာရန်မဲ့ကဗျာမှာ အားနည်းချက် ရှိတယ်။ ကဗျာရဲ့ တန်ခိုးတစ်ခု၊ ဒါကို ဘယ်စကားပြေမှ မလိုက် နိုင်တာက ‘နှုတ်တက်ရွရွ ဆောင်ထား’ ကြတာပဲ။ ၀တ္ထု တစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို ဘယ်သူကမှ အလွတ်မရွတ်နိုင်ပါဘူး။ ကဗျာဆိုရင် အလွန်ရှည်တဲ့ ကဗျာကြီးတွေကိုတောင် ရွတ်နိုင် ကြတယ်။ အဲဒီသတ္တိ ရှိတယ်။ အဲဒီ တော ကာရန်မဲ့ကဗျာကိုပဲ ကြိုးစားနေကြရင် မိမိကဗျာသည် စက္ကူပေါ် မှာပဲ ရှိမယ်။ လူတွေရဲ့ နှလုံးသားထဲမှာ ရောက်မ သွားနိုင်ဘူး။
ကာရန်နဲ့ စာမှာကတော့ လူတွေရဲ့ နှလုံးသားနဲ့ နှုတ်ဖျားကို ဖြန့်ချီလို့ရတယ်။ ဗမာ့တောရွာတွေမှာ စာမတတ် ပေမတတ် တဲ့ လူကြီးတွေ ရွှေမန်းတင်မောင်တို့၊ ဖိုးစိန်တို့ သီချင်းတွေ အကုန်ရတယ်။ နောက် စာပြော(ကွက်စိပ်လို့လည်း ခေါ်ကြတယ်) စာတွေ ရွတ်သွားတာပဲ။ စာမတတ်တဲ့ တောသူ တောင်သားကြီး တွေ အားလုံး Appreciate လုပ်နိုင် ကြတယ်။ အကုန် အရသာ ခံတတ်ကြတာပဲ။ စာတတ်တာ ၊ မတတ် တာက တစ်ကဏ္ဍ၊ ကဗျာကို အရသာခံတတ် တာက တစ်ကဏ္ဍ။ စာပြောဆိုတာ မြို့မှာတောင် မသုံးဘူး။ ကျေးလက်တောရွာမှာပဲ သုံးတယ်။ အဓိပ္ပယ် မြို့မှာတောင် မသုံးဘူး။ ကျေးလက်တောရွာမှာပဲ သုံးတယ်။ အဓိပ္ပာယ် က သူတို့ ကဗျာနားလည်လို့ပဲ။ အဲဒီလို့နားလည်တဲ့ အကြောင်း တစ်ကြောင်းက နှုတ်တိုက်ရွရွ ဆောင်လို့ရလို့ပဲ။ ကာရန်မဲ့ကဗျာမှာ အဲဒီအားသေးတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာတွေဟာ လုပ်ခဲရင်ဘယ်ကျန်တော့မလဲ။ ဆရာကြီး ကဗျာတွေရဲ့ အလှဟာ ကာရန်ပေါ်မှာ ရှိတယ်။ စကားပြေနဲ့မှသာ လိုရာကို ပြောနိုင်မယ်ဆိုရင် မဟုတ်တော့ဘူး။ ဆရာကြီးက အမျိုးသားရေး၊ နိုင်ငံရေးဒါတွေကို ကဗျာနဲ့ ပြောသွားတယ်။ ထိတယ်၊ မိတယ်၊ နုတ်လို့ မရဘူး၊ ဖြည့်လို့မရဘူး။ ဒါလောက်ပဲ ပြောပါရစေတော့”
“ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ဆိုတာ စည်းရုံးမှုရှိသော ခန္ဒာကိုယ်တစ်ခု ဖြစ်သည်ဆိုတဲ့ ဆရာ့ ယူဆချက် တစ်ခု ကို ဖတ်ရဖူးပါတယ်။ အဲဒီအယူအဆနဲ့ ပတ်သတ်ပြီး ရှင်းပြစေချင်ပါတယ် ဆရာ”
“စိတ်ပညာ ပါ ပါလာပါတယ်။
ကျွန်တော်တို့ စာပေအနုပညာတင်မကပါဘူး။ ပန်းချီ ပန်းပု အနုပညာပါ ပါပါတယ်။ အဲဒါတွေကို ကြည့်ရင် Analytical Method ခေါ်တဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းနဲ့ ကြည့်တတ်ကြတယ်။ အဲဒါဆိုရင် အနုပညာရဲ့ သဘောကို အကုန် နားမလည်နိုင် တော့ဘူး။ ဘာကြေင့်လဲဆိုတော့ ဆိုရိုးစကားတစ်ခု ရှိတယ်။ ‘A whole is more than the summation of parts’ ( ပြည့်ဝသော အရာဝတ္ထုဆိုသည်မှာ သူ့ကို တည်ဆောက် ထားသော အခြေခံ ပစ္စည်းတို့၏ ပေါင်းမှုသက်သက်ထက် လွန်သည်) တဲ့။ ဆိုလိုတာက တိုက်ဆိုင်တာ အုန်ခဲတွေနဲ့ ဆောက်ထားတာပဲ။ အုတ်ခဲ တစ်ထောင်သည် သူ့ဟာသူ ထားရင် အုတ်ခဲ တစ်ထောင်ပဲ။ ဒါပေမဲ့ တိုက်ဆောက်လိုက်တဲ့အခါမှာ အုတ်ခဲတစ်ထောင်ဘ၀က ကြွေပြီးတော့ တိုက်ဆိုတာ ဖြစ် လာတယ်။ တိုက်သည် အုတ်ခဲတစ်ထောင်မဟုတ်တော့ဘူး။ သို့သော် တိုက်သည် အုတ်ခဲတစ်ထောက်နဲ့ ကင်းသလား ဆိုတော့ မကင်းဘူး။ အဲဒီ သဘောမျိုးပဲ။
အဲဒီလို ပန်းချီတစ်ချပ်ကို ကြည့်လိုက်ရင် ဆေးပါမယ်၊ အရောင်ပါမယ်၊ အလင်းပါမယ်၊ အဖြူပါမယ်၊ အမည်း ပါမယ်။ အဲဒီအရောင်တွေကို နားလည်ရုံနဲ့ ဒီပန်းချီကို နားမလည်နိုင်ဘူး။ ပန်းချီတစ်ခုလုံးကို နားလည် နိုင်ရမယ်။ တစ်ခုလုံး သဘောကို ဆ၇ာက ခန္ဓာလို့ ပြောလိုက် တာ။ တစ်ခုလုံးရဲ့ သဘောမှာ အစိတ်အပိုင်း တွေ ပါတာကိုး။
ခန္ဓာတစ်ခုသည် အစိတ်အပိုင်းကို ပေါင်းတာထက် လွန်သည်။ အစိတ်အပိုင်းတွေ ပေါင်းပြီး ပြည့်စုံ ပြောင်မြောက်လာသော ခန္ဓာကို ဂျာမန်လိုတော့ Gestalt လို့ ခေါ်တယ်။ အပြည့်အ၀ပေါ့။ ဒါကြောင့် ခွဲခြမ်းစိတ်ဖြာတတ်တိုင်း အနုပညာကို နားမလည်နိုင်ဘူး။ ပေါင်းပြီး ကြည့်တတ်ရ တယ်။ တစ်ခုလုံးကို ကြည့် တတ် ရတယ်။
အဲဒါနဲ့ ပက်သက်ပြီး အကောင်းဆုံးစကား ဆရာကြီးဇေယျ ပြောခဲ့ဖူးတယ်။ ပပ၀တီဘာလှ တာလဲ သိချင်တာ နဲ့ မျက်လုံးလေး ဖောက်ကြည့်လိုက်၊ နားရွက်ကလေး ဖြတ်ကြည့်လိုက်၊ လက်ကလေး ဖြတ် ကြည့်လိုက် လုပ်ရင် ပပ၀တီ အလှတွေ ကုန်သွားပြီး အသုဘ ဖြစ်သွား မယ်တဲ့။ ဒါ ဆရာကြီးဇေယျက Gestalt အကြောင်း ပြောခဲ့တာပဲ။ ပပ၀တီ ဘာလှလဲသိချင်ရင် အကုန်ခြုံကြည့်တတ်ရမယ်။ မျက်လုံး တစ်ခုတည်း ဖောက်၊ နားတစ်ခုတည်း ဖြတ်ကြည့်လို့ မရဘူး။ အဲဒါကြောင့် Gestalt ကို ဆရာက ခန္ဓာလို့ ပြန် လိုက်တာပါပဲ”
“ကမ္ဘာ့ စာေ၇းဆ၇ာကြီးတွေနဲ့ ပတ်သက်ပြီး ကန့်သတ်သိမြင်မှု ရှိသူနဲ့ ကန့်သတ်မဲ့ သိမြင်မှု ရှိသူလို့ ဆရာ နှစ်မျိုး ခွဲခြားပြောခဲ့ဖူးပါတယ်။ စာဖတ်ပရိတ်သတ်အတွက် ဒီနှစ်ခုကို နှိုင်းယှဉ် ခွဲခြားပြပေးပါဦး ဆရာ”
“ကန့်သတ်သိမြင်မှု ရှိတဲ့ စာရေးဆရာ ဆိုတာ အင်္ဂလိပ်လိုတော့ Limited Vision လို့ ခေါ်ပါ တယ်။ ကန့်သတ်မဲ့ အမြင် ရှိသူကတော့ Absolute Vision ပေါ့။ စာရေးဆ၇ာက ယေဘုယျ အားဖြင့် လူအကြောင်းရေးတယ်။ ဘယ်သူ့ အကြောင်းလဲ။ ဤမည်သောနေရာ၊ ဤမည်သော အချိန်က ဤလူတွေ အကြောင်း ရေးသလား။ သို့မဟုတ် လူ့လောကတစ်ခုလုံးမှာ ရှိတဲ့ လူတွေ အကြောင်း ရေးသလား။ လူ့စရိုက် ဆိုပါတော့၊ အုပ်စုတစ်ခုထဲက လူ့စရိုက်အကြောင်း ရေးတာလား။ လူ့ဘောင်ကြီးတစ်ခုလုံးထဲက လူ့စရိုက် ရေးတာလား။
နောက်တစ်ခါ လူ့စရိုက်ကို ရေးတဲ့နေရာမှာ အခုခေတ်က လူ့စရိုက်ကို ရေးတာလား။ သို့တည်း မဟုတ် ဟိုတုန်းက လူ့စရိုက်၊ အခု လူ့စရိုက်၊ နောင်လာမယ့် လူ့စရိုက်အားလုံးကို ခြုံပြီးရေးတာ လား။ ရှင်းရှင်းပြောရရင်တော့ Time Space ပေါ့။ လူ့အကြောင်း ပြောရင် Time Space နဲ့ ပြောရလိမ့်မယ်။ ဘယ်အချိန်၊ ဘယ်ကာလက စသဖြင့်ပေါ့။ တချို့စာရေးဆရာက အချိန် တစ်ချိန်က လူတွေအကြေင်း နားလည်ပြီး ကျန်တဲ့အချိန်က လူတွေအကြောင်း နားမလည်ဘူး။
တချို့ စာရေးဆရာကျပြန်တော့လည်း အဲဒီအချိန်တစ်ချိန်မှာပဲ တစ်နေရာက လူတွေ အကြောင်း နားလည်ပြီး တခြားနေရာက လူတွေအကြောင်း နားမလည် ပြန်ဘူး။ တစ်နည်း အားဖြင့် သူတို့မှာ အချိန်ရဲ့ ကန့်သတ်မှုနဲ့ ပထ၀ီရဲ့ ကန့်သတ်မှု ရှိတယ်။ ဒါကြေင့် ဒီလို စာရေးဆရာတွေ ရေးလိုက်တဲ့ဥစ္စာကို တစ်ချိန် က လူတွေက ကြိုက်ကြပြီး နောက်တစ်ချိန်က လူတွေကျတော့ မကြိုက်ကြတော့ဘူး။ ဒါမျိုးက မြန်မာ့ စာပေသမိုင်းမှာ ရှိသလို ကမ္ဘာ့စာပေ သမိုင်းမှာလည်း ရှိပါတယ်။ တစ်ချိန်တုန်းကတော့ ဟုန်းဟုန်းတောက်နေတာပဲ။ ဒါပေမဲ့ နောက် ၁၀ နှစ်၊ ၁၅ နှစ်ကြာတော့ သူ့စာအုပ်ကို အလကား ပေးတောင် ဘယ်သူမှ မဖတ်တော့ဘူး။ သူက အချိန်ဘောင်ကို မလွန်နိုင်တဲ့သူကိုး။ တချို့ကျတော့ ဒီနေရာက သူတွေတော့ ကြိုက် ပါရဲ့။ ဟိုနေရာက လူတွေ မကြိုက်ကြပြန်ဘူး။
အချိန်ဘောင်ကိုလည်း လွန်တယ်၊ ပထ၀ီဘောင်ကိုလည်းလွန်တယ်။ ဘယ်ခေတ်မှာ၊ ဘယ်နေ ရာမှာ ဖြစ်ဖြစ် ဘယ်လိုလူမျိုးတွေပဲ ဖတ်ဖတ် ကောင်းပါတယ်လို့ အသိအမှတ်ပြုခံရတဲ့သူ Absolute Vision ရှိတဲ့ စာရေးဆရာကြီး တွေ အင်မတန် ရှားပါတယ်တဲ့။ ဒီရှားပါးတဲ့ အထဲမှာ ဘယ်သူတွေ ပါသလဲဆိုတော့ စာရေးဆရာကြီး အင်မတန်ရှားပါတယ်တဲ့။ ဒီရှားပါးတဲ့အထဲမှာ ဘယ်သူတွေ ပါသလဲဆိုတော့ စာရေးဆရာကြီး ရှိတ်(ခ)စပီးယား၊ ဂျာမန်စာရေးဆရာကြီး ဂိုထဲ၊ နောက် အင်္ဂလိပ် ရှေးဟောင်း ကဗျာ ဆရာကြီး (ဆရာ နာမည်မေ့နေတယ်) အဲသူတို့ ပါတယ်။ သူတို့ ပြောတဲ့ စကားတွေက ဘယ်ခေတ် ဘယ်အချိန် အခါမှာပဲဖြစ်ဖြစ် မှန်နေတယ်။
မြန်မာစာပေက ဆရာ နမူနာယူပြီး ပြောရရင် ရှေးတုန်းကလည်း ကောင်းတယ်။ ခုလည်း ကောင်းတယ်။ နောင်လည်း ကောင်းနေဦးမယ်။ ဆရာ့မြေးတွေထိလည်း ကောင်းနေဦးမှာပဲ။ ကြာလည်း ကြာပြီ။ အနန္တသူရိယအမတ်ကြီးရဲ့ သူတည်း တစ်ယောက် ကောင်းဖို့ရောက်မူ ကဗျာ။ ဘယ်တော့မှ မရိုးဘူး။ သူက နရသီဟပတေ့ ကိုလည်း မကြည့်၊ ပုဂံကိုလည်း မကြည့် ဘူး။ သူကြည့်လိုက်တာက လောက တင်မကဘူး၊ သံသရာ တစ်ခုလုံးကို ကြည့်တာ။
ဆက်ရန်
Credit:shwezinu.blogspot.com

Comments
Post a Comment