ဝင်းငြိမ်းနှင့် စာရေးဆရာများ

ဝင်းငြိမ်းနှင့် စာရေးဆရာများ
စာရေးဆရာများနဲ့ အမှတ်တရ

       ၁၉၈၁ ခုနှစ်မှာ ဆရာဦးမြလှိုင်က ပေဖူးလွှာ မဂ္ဂဇင်းကို ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေရာမှာ ကျွန်တော့် ကိုလည်း တစ်တပ်တစ်အား ပါဝင်စေခဲ့သည်။ အင်တာဗျူးသန်တဲ့ ကျွန်တော့်ကို အင်တာဗျူးများ ရေးဖို့ တာဝန် ပေးခဲ့သည်။ ပထမဆုံး အင်တာဗျူးဖြစ်တာကတော့ စတီရီယိုအဆိုကျော်  ခင်မောင်တိုးပါပဲ။ ဒါပေမဲ့ အဲဒီ ကာလတုန်းက သပြေတေးမဂ္ဂဇင်းမှာ ကွယ်လွန်သူ ဆရာမောင်တည်ငြိမ်က အဆိုကျော် များနဲ့ အင်တာဗျူးနေချိန်ဖြစ်လို့ မဂ္ဂဇင်းတစ်အုပ်တစ်အုပ် ကွဲပြားစေချင်တဲ့ ဆန္ဒကြောင့် ဆရာဦးမြလှိုင်က ကျွန်တော့် ကို စာရေးဆရာများနဲ့ အင်တာဗျူးလုပ်ပါလို့ လိုင်းခွဲပေးခဲ့ပါတယ်။ ပထမဆုံး အင်တာဗျူးဖို့ ရွေးချယ် ပေးခဲ့သူက ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) ဖြစ်ပါတယ်။
     အဲဒီ ကာလတုန်းက ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)က ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ်၊ ခေါက်ထီးကလေး မလုံ့တလုံ ၀တ္ထုများနဲ့စာဖတ်သူများကြားမှာ ရေပန်းစားနေချိန် ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် ကျွန်တော် နဲ့ မတိမ်းမယိမ်းဆိုပေမယ့် စာပေမှာတော့သူ့ဝါက အများကြီး ရင့်ပါတယ်။ ဒါကြောင့် ဆရာမ ကို အင်တာဗျူးနိုင်ဖို့ ကျွန်တော်စာတွေအများကြီး ဖတ်ရပါတယ်။ အခုခေတ်လို ကက်ဆက် သေးသေးကလေး များ မပေါ်သေးတာကြောင့် အိမ်က ကက်ဆက်အကြီးကို မ, သွားပြီး တစ်ထိုင်တည်း မေး၊ တစ်ထိုင်တည်း ဖြေခဲ့ကြတာပါ။ ကျွန်တော့်အမေးများကို ဆရာမက စိတ်ရှည်လက်ရှည် ဖြေကြား ပေးခဲ့ပါတယ်။ ရေးပြီးရင် ပြန်ဖတ်ပါရစေလို့လည်း မတောင်းဆိုခဲ့ပါဘူး။
       အဲဒီကအစ အယ်ဒီတာအဖွဲ့ ရွေးချယ်ပေးတဲ့ ဆရာကြီးများကို တစ်လတစ်ယောက် ကျွန်တော် ဆက်တိုက် အင်တာဗျူး ခဲ့ပါတယ်။ မေးသမျှ ဆရာအားလုံးက တစ်ထိုင်တည်း ဖြေပေးကြတာကြောင့် အခုပြန်ဖတ်တဲ့ အခါ ကျွန်တော်တို့ရဲ့ အမေးအဖြေများဟာ သက်ဝင်နေတဲ့အတွက် ရေးဖြေ မဟုတ်ဘူးဆိုတာ သိသာ လှပါတယ်။ ဆရာများနဲ့ အင်တာဗျူးခဲ့တာ မနေ့တစ်နေ့ကလို စိတ်ထဲမှာ ထင်နေဆဲဖြစ်ပေမဲ့တကယ်တော့ နှစ်ပေါင်း (၃၀) ကြာခဲ့ပါပြီ။ အင်တာဗျူးကို ပေါင်းပြီး ၀င်းငြိမ်းနဲ့ စာရေးဆရာဆိုတဲ့ ခေါင်းစဉ်နဲ့ အမှတ်(၁၊ ၂၊ ၃) ထွက်ခဲ့ပါတယ်။ အမှတ်(၄) ကို ပြင်ဆင်ပြီးခါမှ အဆင်မပြေတာကြောင့် မထုတ်ဖြစ်ခဲ့ပါဘူး။ ဒီစာအုပ်တွေအပြင် ဆရာမြသန်းတင့်နဲ့ တွေ့ဆုံခဲ့တဲ့ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့သူနှင့် တွေ့ဆုံခြင်း၊ ဆရာမောင်သာရနဲ့ တွေ့ဆုံခဲ့တဲ့ မောင်သာရရဲ့ ဆရာအောင်သင်းနဲ့ တွေ့ဆုံခဲ့တဲ့ လူကြမ်းမင်းသား နဲ့ တွေ့ဆုံခြင်းတွေခြင်းတွေကတော့ လုံးချင်းများအဖြစ် ထွက်ခဲ့ပါတယ်။ 
        ဒါပေမဲ့ ဒီစာအုပ်တွေက ဒီကနေ့ စာဖတ်ပရိသတ်များလက်မှာ မရှိနိုင်တော့ပါဘူး။ ကျွန်တော် လက်ထဲ မှာလည်း စုံအောင် မရှိတော့ပါဘူး။ ဒါကြောင့် အမှတ် ၁၊၂၊၃ မှာ ပါခဲ့တာတွေရာ ၊လုံးချင်း သီးခြားထွက် တွေရော စုပေါင်းပြီး ကံ့ကော်ဝတ်ရည် စာပေရဲ့ အစီအစဉ်နဲ့ ထုတ်ဝေဖို့ စီစဉ်ခဲ့တာပါ။ စာရေးဆရာ အင်တာဗျူးကို စတင်လမ်းဖောက်ခဲ့ရခြင်း ဖြစ်တာကြောင့် ဆရာများရဲ့ပုံများ ဖော်ပြတဲ့အခါ ပထမပိုင်းမှာ ရုပ်ရှင်မင်းသားများလို ဓါတ်ပုံဆရာ တက္ကသိုလ်အေးမြင့်က ရိုက်ကူးခဲ့ပါတယ်။ ရုပ်ချောတဲ့ ဆရာနွယ်ဂျာသိုင်း ဆိုရင် ရန်ကုန်စက်မှု တက္ကသိုလ်ဝင်းထဲမှာ ပုံစံမျိုးစုံနဲ့ ဓါတ်ပုံအရိုက်ခံခဲ့ရပါတယ်။ ဆရာမဒေါ်ခင်ဆွေဦး အင်တာဗျူးလုပ်တော့ နောက်ခံမှာ ဆရာမနဲ့ ဖခင်ကြီးဖြစ်သူ ဆရာကြီးမဟာဆွေရဲ့ ပန်းချီကားကြီး ပါအောင် ရွေ့ကြ ပြောင်းကြ လုပ်ပြီး ရိုက်ခဲ့ရပြန်ပါတယ်။
    ဆရာမင်းသိင်္ခကို ဗိုလ်ချုပ်အောင်ဆန်းလမ်းက နေအိမ်မှာအင်တာဗျူး သွားလုပ်တော့ ဆရာက ပေဖူးလွှာ မှာ ပြည်ထောင်ဝင် စနေမောင်မောင် ဆိုတဲ့ အခန်းဆက် ၀တ္ထုရှည်ရေးနေတဲ့ကာလ ဖြစ်ပါတယ်။ ဆရာက အင်တာဗျူး မစခင် ကျွန်တော်နဲ့ တက္ကသိုလ်အေးမြင့်ကို ဗေဒင်တွက်ပေးခဲ့ပါတယ်။ ပထမဆုံး ကျွန်တော့် လက်ဝါးပုံ စာရွက်ပေါ်မှာ အလွတ်ချဆွဲလိုက်ပြီး ဒီနေရာမှာ ဒီလမ်းကြောင်းရှိရမယ်စသဖြင့် ကျွန်တော့် လက်ဝါးပြင် ပေါ်မှာရှိမယ့်လက္ခဏာများကို အရင်ရေးဆွဲပါတယ်။
        ပြီးတော့မှ လက်ဝါးကို ပေါင်ဒါဖြူးလိုက်ပြီး သူဆွဲထားတဲ့ပုံထဲက လက္ခဏာလမ်းကြောင်းများနဲ့ တိုက်ပြ ပါတယ်။ ဆရာ့ပညာကိုလေးစားခဲ့ ရပါတယ်။  ဆရာစိန်ခင်မောင်ရီကတော့ ကျွန်တော်နေတဲ့ အောက်ပုဇွန်တောင်က တိုက်ခန်းမှာလိုက်ပြီး အင်တာဗျူး ဖြေပေးပါတယ်။ အဲဒီကာလတုန်းက ဆရာက ရုပ်ရှင်ဝေဖန်ရေး များ လက်သံပြောင်နေချိန် ဖြစ်ပါတယ်။ အကယ်ဒမီဆုနဲ့ ပတ်သက်ပြီးတော့လည်း ထဲထဲ ၀င်ဝင် ရေးသားသူ ဖြစ်တာကြောင့် အင်တာဗျူးပြီးချိန်မှာ ကျွန်တော်စာအုပ်စင်က လျှို့ဝှက်သည်းဖို စာရေးဆရာ၊ ဒါရိုက်တာကြီး ဟစ်ခ်ျကော့ရဲ့ လက်ရွေးစင်ဝတ္ထုတို စာအုပ်ကို ယူပြီး ၀တ္ထုတစ်ပုဒ်ကို ဆရာ မြည်းကြည့်ပါ လို့ ပေးလိုက်ပါတယ်။ ၀တ္ထုနာမည်က (Death Is A Dream)   ဖြစ်ပါတယ်။ ပထမစာမျက်နှာ ဖတ်ပြီးချိန်မှာပဲ ဆရာက ’’ဟာ....ဒါ ဆောင်းအိပ်မက်ပဲ’’ လို့အသံထွက် လာပါတယ်။ ဟုတ်ပါတယ်။ ဦးဝင်းဦး က ဤသည်မလွဲဝတ္ထုထဲကအတိုင်း ရိုက်သွားတာပါ။ အဲဒီတုန်းက နိုင်ငံခြားရုပ်ရှင်များ မြန်မာမှုပြုပြီး ရိုက်ရင် အကယ်ဒမီ မပေးဘူးဆိုတဲ့မူ ရှိပါတယ်။ ဒါကြောင့် ဆရာ့ကို ကျွန်တော်က ဒီဝတ္ထုပြ လိုက်တာပါ။
      ဆရာကြီးဦးသုခနဲ့ ဆုံခဲ့ရတဲ့ အင်တာဗျူးကတော့ ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အဲဒီနေ့က ကျွန်တော် အင်တာဗျူးသွားတဲ့ ဆရာဦးသုခ အိမ်ကို ကွယ်လွန်သူ ပေဖူးလွှာမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ (နောင်မှာ မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ) ဦးခင်မောင်မြင့်လည်း လိုက်ပါခဲ့တယ်။ ဆရာ ဦးသုခ ဖြေခဲ့တဲ့ အမေအကြောင်းမှာ ကျွန်တော် တို့နှစ်ယောက်စလုံး မျက်ရည်ပေါက်ပေါက် ကျခဲ့ကြရပါတယ်။
      ပေဖူးလွှာအတွက် ဆရာမကြီးဒေါ်ခင်နှင်းယု ကို အင်တာဗျူးပါဆိုတော့ ကျွန်တော် တော်တော် ပျော် သွားပါတယ်။ ဆရာမကြီးရဲ့ စာများကို တရှိုက်ရှိုက်မက်မက် ဖတ်ခဲ့သူဖြစ်တာကြောင့် မေးမယ်ဆိုရင် မေးစရာတွေ အများကြီးပါပဲ။ အဲဒီကာလတုန်းက ဆရာမကြီးက  ပြည်ထောင်စုလမ်း (ကုက္ကိုင်းရေကူးကန် အနီး) မှာ တိုက်ကြီးတစ်လုံးထဲ ခွေးတစ်ကောင်နဲ့ တစ်ယောက်တည်း နေတဲ့ကာလ ဖြစ်ပါတယ်။ ကျန်းမာရေး ကလည်း မကောင်းတာကြောင့် စာမရေးဘဲ စိတ်ဓါတ်တွေလည်း ကျဆင်းနေပါတယ်။ ကျွန်တော်နဲ့ အင်တာဗျူးပြီးတဲ့ နောက်ပိုင်းမှာတော့ စာရေးဖို့ စိတ်အားထက်သန်လာပြီး ပေဖူးလွှာ အတွက် (၁၅၀၀ ညများ၏ အိပ်မက်များ) ဆိုတဲ့ မဂ္ဂဇင်းဝတ္ထုရှည်ကို ပထမဆုံး ပြန်ရေးဖြစ်ပါတယ်။ ဒေါ်ခင်နှင်းယု နဲ့ ကျွန်တော် သားအမိ လို ခင်တွယ်သွားခဲ့ကြတာ စုမေ ရဲ့ နောက်ဆုံးထွက်သက် အထိပါပဲ။
      မှတ်မှတ်ရရ နောက်တစ်ယောက်ကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပါ။ ဆရာမကြီးကို အင်တာဗျူး ရမယ်ဆိုတော့ ဆရာမ ပင်တိုင်ရေးနေတဲ့ သောင်းပြောင်းထွေလာက ဆောင်းပါးတွေကို အများဆုံး ဖတ်ခဲ့ပါတယ်။ ဆောင်းပါးတိုင်းမှာ အင်္ဂလိပ်ဝေါဟာရများရဲ့ အဓိပ္ပာယ်ကြွယ်ဝပုံကို ရေးသားပြီး မြန်မာလို မပြန်ရက်ကြောင်း ရေးသားခြင်းက ကျွန်တော့် စိတ်ထဲမှာ စလုံးစခု ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် အင်တာဗျူး ကြချိန် နောက်ဆုံးမေးခွန်းအနေနဲ့ အဲဒီလိုရေးသားခြင်းဟာ မြန်မာဝေါဟာရများက အင်္ဂလိပ် ဝေါဟာရများလို မပီပြင်လို့လားဆိုတဲ့ သဘောမျိုး ကျွန်တော် မေးချလိုက်ပါတယ်။ ဆရာမကြီး ဒေါသဖြစ်ပြီး ဆွေ့ဆွေ့ခုန်ပါတော့တယ်။
’’မင်းနဲ့ငါ ဘယ်ရတု ကို ပြိုင်ရွတ်မလဲ’’
လို့ စိန်ခေါ်တဲ့အဆင့်ကို ရောက်သွား ပါတယ်။
       ကျွန်တော်ကတော့ ဒီမေးခွန်းကို မေးလိုက်ရင် ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ တွက်ထားပြီးသား ဖြစ်လို့ မတုန်လှုပ်ခဲ့ပါဘူး။ မဂ္ဂဇင်း ထွက်လာပြန်တော့လည်း အယ်ဒီတာအဖွဲ့က အဖြည့်ပုံများအဖြစ် ပန်းချီ မုတ်သုန် ကို ကယ်ရီကေးချာ ဆွဲခိုင်းပြီး ထည့်ခဲ့တာကို ဆရာမကြီးတွေ့တော စာအုပ်သွားပေးတဲ့ ကျွန်တော်ကို
          ’’မင်းတို့က ငါ့ကို စုန်းမလို့ ဆိုလိုချင်တာလား’’
လို့ ငေါက်ပြီး မဂ္ဂဇင်းကို ပစ်လိုက်တာကြောင့် ကျွန်တော် လစ်ခဲ့ရပါတယ်။ အခုနေ ပြန်စဉ်းစားကြည့်တော့ ကိုယ့်အဘွားအရွယ်လောက်ကို ဒေါသ ဖြစ်အောင် ဖန်တီးခဲ့တာအပြစ်ရှိသလို ခံစားရပါတယ်။ (၂၀၀၁) အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ ဆန်ဖရန်စစ္စကိုမှာ နေထိုင်တဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့မြေး ကိုမောင်မောင်ဝင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း ပြောတော့ ကိုဝင်းက အင်တာဗျူးမေးနေစဉ်က အနားမှာ သူရှိတယ်လို့ ဆိုပါတယ်။
      ဆရာကြီးဇော်ဂျီနဲ့ ဆရာကြီးမင်းသုဝဏ်တို့ကို မေးရမယ့် အလှည့်မှာတော့ ဘယ်သူ့ကို အရင် ဦးစားပေးမလဲ စဉ်းစားရခက်ခဲ့ပါတယ်။ ဒါကြောင့် ဆရာကြီးနှစ်ယောက်ကို တစ်နေရာတည်းမှာ ဆုံပြီး မေးခွန်းတစ်ခုကို ကိုယ့်အမြင်နဲ့ ကိုယ်နှစ်ယောက်ဖြေတဲ့အင်တာဗျူး လုပ်ခဲ့ပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ဦးထွန်းလင်းလမ်း နေအိမ်မှာ လုပ်ခဲ့တာပါ။ ကျွန်တော် ရည်ရွယ်ချက် ကတော့ မေးခွန်းတစ်ခုပေါ်မှာ ခြားနားတဲ့ အမြင် နှစ်ခုပေါ်လာရင် စာဖတ်ပရိသတ်အတွက် အမြတ်ထွက်မယ်လို့ တွက်ခဲ့တာပါ။
        ဒါပေမဲ့ အဖြေအများစုက တစ်သဘောတည်း ထွက်ခဲ့ပါတယ်။ ဒီအင်တားဗျူးဟာ ကျွန်တော်အတွက် ထူးခြားတဲ့ အင်တာဗျူးတစ်ခုပါပဲ။ ဆရာကြီးဦးတက်တိုး အလှည့်မှာတော့ ရိုက်သွားတဲ့ ဓါတ်ပုံကို အယ်ဒီတာအဖွဲ့က ပန်းချီဆရာကြီး ဦးစံတိုးထံမှာ ပုံတူရေးဆွဲဖို့ တာဝန်ပေးခဲ့ပြီး ဖော်ပြပါတယ်။ ပုံက တူလွန်း ကောင်းလွန်းတဲ့အတွက် ဆရာကြီး အမှတ်တရ သိမ်းနိုင်အောင် မေတ္တာလက်ဆောင် စာအုပ်နဲ့ အတူ ပန်းချီပုံကို လက်ဆောင်ပေးတော့ ဆရာကြီးက စိတ်ဆိုးပါတယ်။
        " ဒီမှာကြည့်စမ်း ၊ငါ့သွားတစ်ချောင်း မှ မကျိုးဘူး၊ မင်းတို့ပုံမှာ သွားကျိုးနေတယ်"
လို့ ဆိုပါတယ်။ အမှန်ကတော့ ဆရာကြီး ရဲ့ ရှေ့သွားတစ်ချောင်းမှာ စိုက်ထားတဲ့ ငွေသွားက ဖလက်ရှ် ထိပြီးကပ်ရက်ကသွား မည်းသွားပါတယ်။ ဆရာစံတိုး ကလည်းဓါတ်ပုံအတိုင်း ရေးသားတာကြောင့် သွားကျိုးသလို ဖြစ်သွားတာပါ။ ပန်းချီကားကို ဆွဲဆုတ်မယ် လုပ်လို့ တောင်းတောင်းပန်ပန်နဲ့ ကျွန်တော် ပြန်ယူခဲ့တာပါ။
        ပေဖူးလွှာ အင်တာဗျူးမှာ ဆရာသာဓုနဲ့အတူ သုံးယောက်လည်း ပါဝင်ခဲ့ပါတယ်။ အယ်ဒီတာအဖွဲ့ရဲ့ သတ်မှတ်ချက် က ဘယ်စာရေးဆရာကိုမှ လဆက် မဖော်ပြဘဲလပြတ် ဖြစ်စေရမယ်လို့ သတ်မှတ်ချက် ထားပါတယ်။ ဒါပေမဲ့ ဆရာသာဓုအလှည့်မှာ စာပေရော၊ ရုပ်ရှင်ပါ မေးမြန်းတာဖြစ်တဲ့အတွက် တစ်လ တည်း နဲ့ မပြတ်နိုင်ခဲ့ပါတယ်။ အမျိုးသားစာပေဆုကို နောက်တိုးဝတ္ထုနဲ့ ဆွတ်ခူးခဲ့တဲ့ ဆရာမ တက္ကသိုလ်မြစိမ်း နဲ့ အင်တာဗျူးမှာလည်း အမှတ်တရပါပဲ။
       ကျွန်တော် ပြင်ဆင်ထားတဲ့ မေးခွန်းတချို့ကို ဆရာမက
      ’’ဒီမေးခွန်းကို ကျွန်မ မဖြေနိုင်ဘူး’’
လို့ ငြင်း ပါတယ်။ ဒီအခါ ကျွန်တော်ကလည်း ပြန်ချရေးတဲ့အခါ မေးခွန်းကို ရေးပြီး ဆရာမ အဖြေကိုလည်း ခွင့်ပြု တာကြောင့် အဲဒီအတိုင်း ပါခဲ့ပါတယ်။ နောက်တိုး ၀တ္တုမှာ စိန်ဗေဒါကြီးနဲ့ပတ်သက်ပြီး ရေးသားထားတာ ပါပါတယ်။ စိန်ဗေဒါ ရဲ့ ဇာတိက လူထုဒေါ်အမာ ရေးတဲ့ စိန်ဗေဒါအကြောင်း စာအုပ်ထဲက ဇာတိနဲ့ ကွဲပြား နေပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး နောင်မှာအမေမာက
 ’’မင်းအင်တာဗျူးတွေမှာ အဲဒီလို တိုက် မေးတာတွေ မမေးသင့်ဘူး။’’
လို့ဆိုခဲ့ဖူး ပါတယ်။


       ဆရာသော်တာဆွေ ရဲ့ အင်တာဗျူးကတော့ ခပ်မြူးမြူး၊ ခပ်ရွှင်ရွှင် ဖြစ်တာကြောင့် ပျော်စရာ ကောင်းခဲ့ပါတယ်။ ကျွန်တော် အမေးချင်ဆုံး ဆရာ တက္ကသိုလ်ဘုန်းနိုင်ကို မေးရမယ့် အလှည့်မှာတော့ ဆရာဦးမြလှိုင် က  သူနေထိုင်ရာ ရန်ကင်းတိုက်ခန်းကို ချိန်းပါတယ်။ ဆရာဘုန်းနိုင်က အဲဒီတိုက် အောက်ဆုံးထပ် မှာ တည်းခိုလို့ပါပဲ။ နောက်တစ်ကြောင်းကတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်လို ပုဂ္ဂိုလ်မျိုး ကို ကျွန်တော် ပေါက်ကရမေးလိုက်မှာ စိုးရိမ်တာလည်း ပါပါတယ်။

       ဆရာ နဲ့ ကျွန်တော် အမေးအဖြေ လုပ်နေကြချိန်မှာ ဆရာကြီးဦးမြလှိုင်က ပတ်လက်ကုလားထိုင် တစ်ခုမှာ ထိုင်ရင်း ပုတီးစိပ်နေပါတယ်။ တစ်ခုမှ ၀င်မပြောပါဘူး။ ကျွန်တော်ကလည်း သူ့ရှေ့မှာ မေးနေရတော့ ခါတိုင်း လို မလွတ်လပ်ဘူး။ စိတ်ကျဉ်းကျပ်နေတယ်။ စာရေးဆရာတစ်ယောက်ကို တစ်ကြိမ်သာ ဆုံခွင့် ရမှာ ဖြစ်တဲ့အတွက် ရင်ထဲမှာ ကလိကလိနဲ့ မေးချင်နေတဲ့ မေးခွန်းတစ်ခုကို ချိန်ဆနေရပါတယ်။ နောက်ဆုံး မှာတော့ ဖြစ်ချင်တာဖြစ်ဆိုပြီး မေးပစ်လိုက်ပါတယ်။ ကျွန်တော်မေးခွန်း ကြားတော့ ဆရာဦးမြလှိုင် က မျက်လုံးတစ်ချက် လှန်ကြည့်လိုကပြီး လက်ထဲက ပုတီးကို ကုလားထိုင်လက်တန်းမှာ စွပ်ကာ ဘုရားခန်းထဲ ၀င်သွားလိုက်တာ ဆရာဘုန်းနိုင် ပြန်ဆင်းသွားတဲ့အထိ ထွက်မလာတော့ပါဘူး။ ကျွန်တော် မေးခွန်း ကို ဆရာတက္ကသိုလ်ဘုန်းနိုင်နဲ့ အင်တာဗျူးမှာ ဖတ်ကြည့်ပါ။

      အမှန်ကတော့ ကံ့ကော်ဝတ်ရည်စာပေနဲ့ ကျွန်တော် မူလရည်ရွယ်ထားတဲ့အတိုင်း တစ်စုတစ်ပေါင်းတည်း  ထုတ်ဖို့ပါပဲ။ ဒါပေမဲ့ စာမျက်နှာများပြီး တန်ဖိုးကြီးသွားရင် စာဖတ် ပရိသတ်လက်ထဲ လွယ်လွယ်ကူကူ မရောက်မှာ စိုးတာကြောင့် နှစ်ပိုင်း ပိုင်းလိုက်ကြပါတယ်။

    ပေဖူးလွှာမှာ မေးခဲ့တဲ့ အစီအစဉ်အတိုင်း ဖော်ပြထားပါတယ်။ ဒီစာအုပ်မှာ ဖော်ပြတဲ့ အမေးအဖြေများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀) လောက်က အမေးအဖြေတွေ ဖြစ်ပါတယ်။ ၀င်းငြိမ်းနှင့် စာရေးဆရာများ-(၁) ထုတ်ဝေစဉ် ကာလတုန်းက ဆရာချစ်ဦးညိုက အင်တာဗျူး အဟောင်းကို ဖော်ပြတဲ့အတွက် စိတ်မကြည်မလင် စကားဆိုခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် စုစည်းရာမှာ ဆရာချစ်ဦးညို ရဲ့ အင်တာဗျူး ကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

      စာပေလောကမှာ လမ်းသစ်တစ်ခုကို ဖောက်ပေးခဲ့တဲ့ ဆရာဦးမြလှိုင်နဲ့ ကျွန်တော်မေးသမျှ ဖြေကြား ပေးခဲ့ကြ တဲ့ စာရေးဆရာကြီးများ၊ လစဉ်စောင့်ဆိုင်း ဖတ်ရှုအား ပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်များ အားလုံးကို ကျေးဇူးတင်ပါတယ်။


ဝင်းငြိမ်း

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း