ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄)
ဝင်းငြိမ်း နှင့်
စာရေးဆရာများ အပိုင်း (၄)
အရိပ်၏
အရိပ်
ပေးဖူးလွှာ စာချစ်သူများအတွက် ဒီလ တွေ့ဆုံပေးချင်တဲ့ သူကတော့ 'မစန္ဒာ' ပဲ ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ် အထိ လုံးချင်းဝတ္ထု ဆယ်အုပ် ရေးခဲ့တဲ့အထဲကစာဖတ်ပရိသတ်တွေ အသည်းစွဲခဲ့ကြတဲ့ သူ့ဝတ္ထု ဆယ်အုပ် ရေးခဲ့တဲ့ အထဲက စာဖတ်ပရိသတ်တွေ အသည်းစွဲခဲ့ကြတဲ့ သူ့ဝတ္ထုတွေ ကတော့...
ကွက်လပ်ကလေး ဖြည့်ပေးပါ
ငယ်သူမို့ မသိပါ
နက်ဖြန်ခါ
ပန်းစကား
အရိပ်
...စတဲ့ ၀တ္ထုတွေပါပဲ။ ၁၉၇၈ ခုနှစ်ဆန်းပိုင်း အရိပ် ဒုတိယပိုင်းထွက်ပြီးတဲံ
နောက်ပိုင်းမှာ သူ့ဝတ္ထုတွေကို လုံးချင်း အဖြစ် မတွေ့ကြရဘဲ ကြိုးကြားကြိုးကြားသော
မဂ္ဂဇင်းတွေထဲမှာ ၀တ္ထုတိုကလေးတွေပဲ တွေ့နေကြ ရတာမို့ မစန္ဒာ ပရိသတ်
တော်တော်များများမချက့်မရဲ ဖြစ်ကြ ရပါတယ်။
စာပေမျိုးဆက် ပါလာတဲ့ မစန္ဒာရဲ့ ဖခင်ဟာ စာရေးဆရာကြီး ။(ဦး) မန်းတင် (ဦးထွန်းတင်)
မြန်မာနိုင်ငံ စာပေလုပ်သား အဖွဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက စာအုပ်စာပေကြားမှာ
ပျော်မွေ့ခဲ့ရတာမို့ ဆယ်နှစ်သမီး အရွယ် မရှိတရှိကတည်းက စာရေးချင်တဲ့စိတ် တဖွားဖွား
ပေါ်ပေါက်ခဲ့ပြီး စာစရေးခဲ့ ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆယ်နှစ်အရွယ် သမီးငယ်
ရေးတဲ့စာမို့ အဖေကို မပြရဲဘဲ သိမ်းသိမ်း ထားခဲ့ရာက တက္ကသိုလ်ဝင်တန်း စာမေးပွဲ
အောင်မြင်တဲ့နှစ်မှာတော့ စာပေလောကထဲ ၀င်နိုင် လောက်အောင်၊ စာဖွဲ့နိုင်လောင်အောင်
အတွေ့အကြုံတစ်ခု ရလိုက်ပါတယ်။
အဲဒါကတော့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ တခြား ကျောင်းသူ၊ ကျောင်းသားတွေလို
မစန္ဒာလည်း လုက်အားပေးတာမို့ မြေနီကုန်းမှာရှိတဲ့ 'ရှင်စောပု' ကျောင်းမှာ
လုပ်အားပေး ဆရာမအဖြစ် လုပ်အားပေးခွင့် ရလိုက်ခြင်းပါပဲ။ လုပ်အားပေးအပြီးမှာ
'ကျွန်မ ဆရာမ' ဆိုတဲ့စာတစ်ပုဒ် မစန္ဒာ ရေးဖြစ် သွားပါတယ်။ သူ့ဖေဖေကိုပြတော့
နည်းနည်းပါးပါးပြင်ပြီး ငွေတာရီမဂ္ဂဇင်းကို ပို့ပေးလိုက်ရာကအစ မစန္ဒာ ဆိုတဲ့ ကလောင်သစ်တစ်ချောင်းစာပေလောကမှာ
မွေးဖွားလာခဲ့ပါတယ်။ 'ကျွန်မ ဆရာမ' ငွေတာရီမှာ ဖော်ပြခြင်း ခံရပြီးတဲ့ နောင်
နှစ်လ၊ သုံးလ လောက်အကြာမှာ ငွေတာရီမဂ္ဂဇင်းက တက္ကသိုလ် ကဏ္ဍရယ် လို့ သီးခြားတစ်ကဏ္ဍ
ဖွင့်လာတာမို့ ရန်ကုန် စက်မှုတက္ကသိုလ် ဆက်တက်နေတဲ့ မစန္ဒာအတွက် ရေးဖို့ အခွင့်အလမ်း
ပိုရခဲ့ပါတယ်။
''ဒါဆို ငွေတာရီက တက္ကသိုလ် ကဏ္ဍမျာ မစန္ဒာ တော်တော်ရေးဖြစ်ခဲ့တာပေါ့''
''ဟုတ်ပါတယ်''
''လုံးချင်းဝတ္ထု စ,ရေးဖြစ်တာကကော''
''ငွေတာရီကတစ်ဆင့် စာပေလောက စာအုပ်တိုက်က လုံးချင်းဝတ္ထုတွေ ထုတ်ချင်ပါတယ်လို့
ဆက်သွယ်လာရာကအစ လုံးချင်း စ, ရေးဖြစ်သွားတာပါပဲ''
''ဘယ်နှစ်ခုနှစ်လောက်ကလဲ''
''၁၉၇၂ ခုနှစ်၊ ကျွန်မ B.Arch (ဗိသုကာ) ဘွဲ့ ရပြီးနောက်မှ လုံးချင်းစ,
ရေးဖြစ်ပါတယ်''
''ပထမဆုံး လုံးချင်းက ငယ်သူမို့ မသိပါထင်တယ်''
''ဟုတ်ပါတယ်''
''မစန္ဒာ 'အရိပ်' နောင်ပိုင်းမှာ ဘာဖြစ်လို့ လုံးချင်းမရေးဖြစ်တာလဲ''
''မရေးဖြစ်တာကတော့... ကျွန်မ၁၉၇၉ ခုနှစ်မှာ ကိုစန်းမောင်နဲ့ အိမ်ထောင်ကျပြီး
အိမ်ထောင်သည် ဘ၀နဲ့ အလုပ်များတာက တစ်ကြောင်း၊ တစ်ခါသမီးမွေးလာတော့လည်း သမီး
တာဝန်တွေက ပိုလာတာက တစ်ကြောင်း၊ နောက်ပြီးဖေဖေက ပါကစ္စတန်နိုင်ငံမှာ သံအမတ်
အဖြစ်သွားပြီ တာဝန် ထမ်းဆောင် နေရာက ပြန်လာတော့ နေရာထိုင်ခင်းနေသားတကျ မဖြစ်တာက
တစ်ကြောင်း ကြောင့်ပါပဲ။ နောင် ကျွန်မတို့
နှစ်ယောက်စလုံးဆောက်လုပ်ရေးကော်ပိုရေးရှင်း ဗိသုကာမဖွဲ့(၂) မှာဝန်ထမ်းတွေ
ဖြစ်နေရတာ ကြောင့်ရယ် လို့ ဆိုရမှာပေါ့''
''အခု ကော လုံးချင်းထွက်ဖို့ အစီစဉ် မရှိသေးဘူးလား''
''ဒါဆို မစန္ဒာ ပရိသတ်တွေ ၀မ်းသာစရာပဲပေါ့။ ကျွန်တော်တို့ မစန္ဒာ
နောက်ဆုံးထုတ်ခဲ့တဲ့ 'အရိပ်' က စပြိး ဆွေးနွေး လိုက်ကြရအောင်။ အရိပ်ရဲ့ အဖွင့်
စာမျက်နှာမှာ မစန္ဒာက ဒီလို ရေးထားပါတယ်။...
ကလေး ဆိုတာ အမိဝမ်းက ကျွတ်လာတုန်းက အဖြူခံလေးပါကွယ်။
သူ့နှလုံးသားဟာ အဖြူသက်သက်
ဖွေးလို့ နုလို့ပေါ့။
သူ့ရဲ့ပတ်ဝန်းကျင်
သူ့ရဲ့အသိုင်းအ၀ိုင်း
သူ့ရဲ့မိဘတွေက
သူ့နှလုံးသာကို အရောင်ဆိုးပေးကြတယ်။
ချစ်တတ်တဲ့ အနီရောင်တွေ၊
မုန်းတတ်တဲ့ အနက်ရောင်တွေ၊
ကြင်နာတတ်တဲ့ အပြာရောင်တွေ၊
ဝန်တိုတတ်တဲ့ အ၀ါရောင်တွေနဲ့
မနာလို ငြူစူစိမ်းကားတတ်တဲ့
အစိမ်းရောင်တွေကိုပေါ့။
အဖြူရောင် နှလုံးသားလေးဟာ
အရောင်အမျိုးမျိုး စွန်းထင်လာခဲ့ရတယ်။
လှတဲ့ နှလုံးသားက လှတယ်
အရုပ်ဆိုးတဲ့ နှလုံးသားက အရုပ်ဆိုးတယ်။
သူ့နှလုံးသားရဲ့ အရိပ်ဟာ
သူ့ဘ၀မှာ လာပြီး ထင်ဟပ်တယ်လေ။
တချို့ အရိပ်တွေက သိပ်လှတယ်
တချို့ အရိပ်တွေကျတော့ အရုပ်ဆိုးတယ်ကွယ် ...
လို့ ရေးထားတယ် "
" ဟုတ်ပါတယ် "
" ဒါဆိုရင် မစန္ဒာ အယူအဆက လူတစ်ယောက်ရဲ့ အကောင်း အဆိုးဟာ
ပတ်ဝန်းကျင် ကြောင့်သာ မဟုတ်ဘဲ သူ့ရဲ့ ဗီဇ၊ ညဉ်နဲ့ကော သက်ဆိုင်တယ်လို့
မယူဆနိုင်ဘူးလား "
''ဖြစ်နိုင်ပါတယ်။ ကျွန်မ ဒါကိုရေးတာ ဗီဇကို
လက်လွတ်စပယ်ပစ်ပယ်ပြီးတော့ ရေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်မ အတွေ့အကြုံအရ ပြောရ၇င် အခု
သုဝဏ္ဏအိမ်ကိုရောက်တော့ ပန်းပင် ကလေးတွေ စိုက်တယ်။ စိုက်တဲ့အတဲ့အခါမှာ
မျိုးစေ့ချင်းကတော့ အတူတူပါပဲ။ ဒါပေမဲ့ မြေသြဇာ ကျွေးတဲ့ အပင်နဲ့ မြေသြဇာ
မကျွေးတဲ့ အပင်။ ရေမှန်မှန်လောင်းတဲ့ အပင်နဲ့ ရေမှန်မှန်မလောင်းတဲ့ အပင်ဟာ အင်မတန်
ကွာပါတယ်။ ရေမလောင်းတဲ့ အပင်၊ မြေသြဇာမကျွေးတဲ့ အပင်က ညှိုးလှီပြီးတော့ ဘာအပွင့်မှ
ပွင့်မလာ ဘူး။ ဂရုစိုက်တဲ့ အပင်ကျတော့ အပွင့်ကလေးတွေ ပွင့်လာတယ်။
နှစ်ခုယှဉ်ကြည့်ရင် ဗီဇချင်း အတူတူပါပဲ။ ဗီဇက မျိုးစေ့ကို
ကျွန်မယူဆပါတယ်။ ပတ်ဝန်းကျင်ကတော့ ခုနက ပြောတဲ့ မြေ၊ ရေ၊ လေပေါ့။ ဒီအပင်နှစ်ခု
ယှဉ်ကြည့်ရင် ဗီဇချင်းတူပေ မယ့် ပတ်ဝန်းကျင်ချင်း မတူတာ ကြောင့်
ရှင်သန်တာချင်းမတူပါဘူး။
ဗီဇကို အရေးမကြီးဘူးဆိုတဲ့ သဘောမျိုးရေးတာတော့ မဟုတ်ပါဘူး။
တကယ်လို့ မျိုးစေ့ချင်း မတူဘူး ဆိုရင်တော့ အပင်က တစ်ပင်စီ ပေါက်လာမှာပါပဲ။ လုံးဝ
မတူနိုင်ပါဘူး။ "
"အရိပ် မှာပဲ မစန္ဒာ ကဗျာနဲ့ပတ်သက်ပြီး
ပြောသွားသာတစ်ခုတွေ့လိုက်ရတယ်။ ဇာတ်ကောင် တစ်ယောက်ဖြစ်တဲ့ တင်ထွန်းမောင်က
သူ့သူငယ်ချင်း ကဗာဆရာ နွေသူရိန်ကို ဝေဖန်တယ်။ "စပ် ပါလားကွာ၊ စက်ရုံထဲက
အလုပ်သမားကြီးအကြောင်း၊ လယ်သမားကြီး ပိုးထိတဲ့အကြောင်း၊ ပဲပြုတ်သည် ဒေါ်ပု သားလေး
ကျောက်သင်ပုန်း ကျကွဲလို့ ငိုတဲ့ အကြောင်း၊ ပြည်သူးကြားက ကဗျာတွေ ရေးစမ်း ပါကွာ။
ဘတ်စ်ကားစီးတာ ကျပ်တာ၊ တိုးတာ၊ အိုကွာ... အများကြီး၊ ခုတော့ကွာ တစ်ခါလာ ကောင်မလေး
လှတာ၊ နောက်တစ်ခါလာ ကောင်မလေး ချောတာ၊ ဟော နောက်တစ်ခါ သစ်ရွက်ကြွေ၊ လေတိုက်တာ၊
လသာ၊ ကြယ်ရောကင်ဖြား... မင်းစပ်နေတာ ဒါ အကုန်ပဲလားကွ" လို့ပြောတယ်။
ဒီနေ့ မြန်မာစာပေလောကမှာ ကဗျာစာ တသီးတသန့် နေရာယူထားပါတယ်။ မဂ္ဂဇင်းတွေမှာဆို ရင်
ကဗျာကဏ္ဍ တွေ သီးခြားဖော်ပြပေးနေကြပါတယ်။ ဒီတော့ မစန္ဒာအနေနဲ့ ဒီနေ့ မြန်မာကဗျာ
တွေနဲ့ ပတ်သက်ပြီး ဘယ်လိုများ မြင်ပေါသလဲ"
"ကျွန်မ ကဗျာကို ဖတ်ပေမယ့် လုံးဝ မစပ်တတ်ပါဘူး၊ ကာရန်မဲ့
တာတွေ မမဲ့တာတွေလည်း နားမလည် ပါဘူး။ အရိပ်ထဲမှာ ကဗျာဆရာ နွေသူရိန် တစ်ယောက်တည်း
အကြောင်းကို ပြောတာပါ။ ကဗျာလောကကြီး တစ်ခုလုံးကို ပြောတာ မဟုတ်ပါဘူး
ကိုဝင်းငြိမ်း မေးတဲ့ အခုခောတ် ကဗျာတွေကို ဘယ်လို
မြင်သလဲဆိုတာကိုတော့ ကျွန်မ မကျွမ်းကျင်တဲ့ ဘာသာရပ် မို့ မပြောပါရစေနဲ့လို့ပဲ
ပြောချင်ပါတယ်။ ကိုယ်မတတ်ဘဲ နဲ့ မဝေဖန်ချင်လို့ပါ"
" အရိပ် ရဲ့ ဇာတ်ကောင် သုံးယောက်ဖြစ်တဲ့ ညီလင်းညို၊
နွေသူရိန်နဲ့ တင်ထွန်းမောင်တို့ အိမ်ထောင်ရေး နဲ့ ပတ်သက်ပြီး ဆွေးနွေးကြရာမှာ
ချစ်တာနဲ့ ကြိုက်တာကို ခွဲခြားပြီး အရောင် သဘောလေး တွေနဲ့
စိတ်ဝင်စားစရာကောင်းလောက်အောင် ရေးထားတာ ဖတ်လိုက်ရ ပါတယ်။
ဒီဇာတ်ကောင်တွေကို ဖန်တီးခဲ့တဲ့ မစန္ဒာအနေနဲ့လည်း
အခုအိမ်ထောင်သည် ဘဝရောက် နေပြီ ဆိုတော့ အိမ်ထောင်တစ်ခုသာယာဖို့ ဆိုတဲ့ နေရာမှာ
ချစ်တာနဲ့ ကြိုက်တာ ဘယ်ဟာက ပိုပြီး အရေးကြီး တယ်လို့ယူဆပါသလဲ"
"အရိပ် မှာတော့ ကျွန်မက ကျွန်မ သိသမျှ
အရာင်လေးတွေအကြောင်း အနည်း ငယ် ထည့်ပြောထားမိပါတယ်။ ဥပမာ- အဝါကို အဝါနဲ့ပေါင်းတော့
အဝါရောင်ထွက်လာတယ်။ အပြာကို အပြာရောင် နဲ့ပေါင်းတော့လည်း အပြာရောင်ပဲ
ပြန်ထွက်လာတယ်။ အပြာနဲ့ အဝါရောလိုက်တော့ လည်း ထွက် လာတော့ အရောင်က မဆိုးပါဘူး။
အစိမ်းရောင်လေး ရတယ်။ အဲဒီသဘောပါပဲ။ အခြေခံချင်း၊ သဘာဝချင်း တူ တဲ့ အရောင်တွေ
နီးစပ်တဲ့အရောင်တွေကို ပေါင်းလို့စပ်လို့ရတယ်။
ဒါပေမဲ့ အနီနဲ့ အစိမ်းလို ဘယ်လိုမှ မလိုဖက်တဲံ အရောင်နှစ်ခုကို
ပေါင်းစပ်ကြည့်တဲ့ အခါမှာတော့ နှစ်ခုစလုံး က အလှပျက်သွားပါတယ်။ ညစ်ညစ်ပုပ်ပုပ်
အရာင်ကြီးထွက်သွားတယ်။ အဲဒီသဘောပါပဲ။ အခြေခံ သဘာဝချင်း မတူတဲ့ ဘဝနှစ်ခုကို
ပေါင်းစပ်လိုက်ရင် ဘဝနှစ်ခု အလှပျက်ပြီး မသာယာမလှပတဲ့ ဘဝ တစ်ခု ဖြစ်ပေါ်လာတတ်ပါတယ်။
စာရေးဆရာမကြီး ပါလ်ဘတ်ခ်ရဲ့ ဝတ္ထုကို အောင်ကျော်ကျော်က ဘာသာပြန်တာ ဖတ်ဖူးတယ်။
အဲဒီအထဲမှာ အခြေခံ၊ သဘာဝချင်း မတူတဲ့ ဂျပန်မလေးနဲ့ အမေရိကန် စစ်သားလေးဟာ
တစ်ယောက်နဲ့ တစ်ယောက် အသည်းနင့်အောင် ချစ်ပြီး မိဘတွေ သဘောမတူတဲ့ကြားထဲက
လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဂျပန်မလေးကို အမေရိကန် အသိုင်းအဝိုင်းက လက်မခံဘူး။
လူနေမှုမတူ၊ စဉ်းစားတွေခေါ်မှုမတူ၊ ဘာသာ အယူအဆ မတူပေါ့လေ။ အစစ မတူလေတော့ သူတို့ရဲ့
အချစ်စိတ်ဟာ တဖြည်းဖြည်း ပျက်ပြယ် လာပါတယ်။ နောက်ဆုံးတော့ ဒီဂျပန်မလေးဟာ
ဂျပန်ပြည်ကို ပြန်ထွက်ပြေးသွားရတဲ့ ဝတ္ထုလေးပါ။
အဲဒီတော့ ခုနတုန်းက ပြောသလိုပဲပေါ့လေ။ ချစ်ခြင်းဆိုတာ နှလုံးသားရဲ့ စေစားမှု၊
ကြိုက်ခြင်း ဆိုတာ ကတော့ ဦးနှောက်ရဲ့ ဆင်ခြင်မှု။ ဦးနှောက်ကို
ဦးစားပေးရမယ်ဆိုပြီး ချမ်သာတဲ့လူ၊ ဂုဏ်ရှိ တဲ့သူတွေကိုသာ
ရွေးချယ်ရာမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ကြိုက်တယ်ဆိုတာ သူ့ရဲ့ အသိုင်းအဝိုင်း၊ အဆင့်အတန်း၊
ပညာရေး၊ ဘာသာအယူအဆ အတွေးအခေါ်၊ ခံယူခက် ဆိုတာလေးတွေ ပါလာပါတယ်။ အဲဒါတွေ တစ်ဦးနဲ့
တစ်ဦး တူမလား၊ နီးစပ်မလား၊ ညှိနှိုင်းလို့ရမလား ဆိုတာတွေကို စဉ်းစားဖို့ပါ။
ဘဝကို နှလုံသားတစ်ခုတည်နဲ့ တည်ဆာက်လိုက်ရင် ထိုင်သွားမှာပါပဲ။
နှလုံးသား လုံးဝမပါဘဲ ဦးနှောက်ချည်းပဲ တည်ဆောက်လိုက်ပြန်ရင်လည်း ဆာမပါတဲ့ ဟင်းလို
ပေါ့ပြက်ပြက် အေးစက်စက် ဖြစ် သွားမှာပါ။ ဒီလို အိမ်ထောင်ရေးမျိုးကို ဆရာ
ငြိမ်းကျော်သာ ဆိုရင်တော့ မြောက်ဝင်ရိုးစွန်း ဆောင်းရက်များ၏ ဆားမပါသော ဆန်ပြုတ်
သုတေသနစာတမ်း လို့ပြောလိမ့် မယ် ထင်ပါတယ်။"
"မစန္ဒာ အိမ်ထောင်ပြုတော့မယ်လို့ စဉ်းစားတော့ကော
နှလုံးသားနဲ့ ဦးနှောက် ဘယ်ဟာကို ဦးစားပေးခဲ့သလဲ"
" ကိုဝင်းငြိမ်း မေးတာနဲ့ ပတ်သက်ပြီး ကျွန်မ အိမ်ထောင်ရေး
ဆုံးဖြစ်ခဲ့တာကို ဖြေရရင်တော့ ကျွန်မရဲ့ နှလုံးသား က ဦးနှောက်ကို သတင်းပို့ပါတယ်။
ဦးနှောက်က လက်ခံတယ်လေ။ နောက်ပြီး နှလုံးသားကို ပြန်ပြီး အကြောင်းကြားလိုက်တယ်။
"ဖိတ်စာရိုက်လိုက် တော့ တဲ့"
" ဒီအချက်ကတော့ အိမ်ထောင်ပြုဖို့ ရည်ရွယ်နေတဲ့သူတိုင်း
သတိပြုစရာကောင်းတဲ့ အချက်ပါပဲ။ နောက်တစ်ခု ကျွန်တော် ဆွေးနွေးချင်တာကတော့ စိတ်နဲ့
ပတ်သက်တဲ့ ခံစားချက်တစ်ခုပေါ့လေ။ အရိပ်မှာ ဇာတ်ကောင် နှစ်ယောက်ဖြစ်တဲ့
ကျော်ထွန်းညိုနဲ့ သက်သက်တို့ လျှောက်လည်ကြတော့ သက်သက်က "ကိုကို
ပျော်ရဲ့လား" လို့မေးတယ်။ ဒီတော့ ကျော်ထွန်းညိုက "ပျော်တယ်၊
မပျော်ဘူးဆို ကလေးစိတ်ပါ မိသက်ရယ် မတည်ငြိမ်တဲ့ စိတ်၊ လှုပ်ရှားတက်ကြွတဲံ
စိတ်မျိုးပါ။ သက်သက်နဲ့ နေရရင် ကိုကို့ ရင်ထဲမှာ အေးပြီး ချမ်းမြေ့နေတာပဲဆိုရင်
မပြည့်စုံးဘူးလား" လို့ပြောတယ်။
အဲဒီတော့ ပျော်တယ်ဆိုတာ လူကြီးတွေမှာကော မရှိဘူးလား။
ပျော်တယ်လို့ပြောတဲ့ သူ ဟာ စိတ်မတည်ငြိမ်တဲ့ လူလို့ ယူဆမလားလို့သိချင်ပါတယ်။
"
"အဲဒီလိုတော့ မဟုတ်ပါဘူး။ ပျော်တယ်ဆိုတာ လူကြီးတွေမှာလည်း
ရှိနိုင်ပါတယ်။ ဒါပေမဲ့ လူကြီးပိုင်း ရောက်လာတဲ့အခါမှာ ပျော်တယ်ဆိုတာ
သိပ်မရှိတော့ပါဘူး။ အခုဆိုရင် ကျွန်မအသက် ၃၅ နှစ် ရှိပါပြီ။ အရင်တုန်းက လို
ဟေးလေးဝါးလား ပျော်တဲ့စိတ် သိပ်မရှိတော့ဘူး။ ရင်ထဲမှာ ကြည်နူးတာ ချမ်းမြေ့
တာလောက်ပဲ ရှိုတော့တယ်။
အရင်တုန်းက စက်မှုတက္ကသိုလ် ကျောင်းသူဘဝတုန်းကဆိုရင်
သိပ်ဆိုးတာပေါ့။ သူများကို စ ကြ၊ နောက်ကြ ပြောင်ကြတဲ့ နေရာမှာ တစ်ဖက်သား
ခြေလှမ်းမှားလောက်အောင်ကို စကြတယ်။ သူများကို အနေခက် အောင် တဝါးဝါး စ တတ်တယ်။
ပျော်တတ်တယ်ပေါ့လေ။ ဒါပေမဲ့ အခု အသက်ရွယ် ရောက် လာတော့ အဲဒီလို မဟုတ်တော့ဘူး။ တည်ငြိမ်သွာတယ်။
ပျော်တယ်ဆိုတာ လှုပ်ရှားတက်ကြွတဲ့ သဘောမျိုးပါ။
မတည်ငြိမ်တာရယ်လို့တော့ မဟုတ်ပါဘူး။ ဒီအသက်အရွယ် ရောက်လာတော့ ခုနကပြောသလို
လှုပ်ရှားတက်ကြွတာထက် တည်ငြိမ်တာ၊ ကြည်နုးတာ၊ ချမ်းမြေ့တာကို ပိုပြီး လိုလားလာတယ်။
အဲဒီတော့ ပျော်တယ်ဆိုတာ မတည်ငြိမ်တဲ့ သဘောလို့တော့ ကျွန်မ
မဆိုလိုပါဘူး။ ကျွန်မ ခံစားချက်နဲ့ ရေးလိုက် တဲ့ သဘောပဲ ဖြစ်ပါတယ်"
"မစန္ဒာရင်ထဲမှာ မှောင်ခို အဝတ်အစားနဲ့ ပတ်သက်ပြီး
တော်တော်ခံစားခက် ရှိတယ် ထင်ပါတယ်။ အရိပ်မှာ တင်ထွန်းမောင်နဲ့ ညီလင်းညိုတို့
်မှောင်ခို အဝတ်အထည်ကိစ္စ တော်တော်ဆွေးနွေးကြသလို ပုစ္ဆာမှာလည်း ခင်မလတ်တစ်ယောက်
မှောင်ခို အဝတ်အထည် မက်မောမိလို့ ပျက်စီးရပုံ ရေးထားတာ တွေ့ရတယ်"
"အဲဒါကိုတော့ ကျွန်မ တော်တော်ပြောချင်ပါတယ်။ ဒီခေတ်မှာ
အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး တော်တော်လော်လည်လာကြတယ်လို့ ကျွန်မ ထင်တယ်။
ကျွန်မတို့ ငယ်ငယ်တုန်း ကဆိုရင် လုံချည်ဝတ်တယ် ဆိုရင် မာစရိုက်ကလေးတွေ ဝတ်ကြတယ်။
အဲဒါလေးတွေ ဝတ်ပြီးတော့လည်း တုစရာ ပြိုင်စရာ မရှိကြတော့ သူဟာနဲ့သူ လှနေကြတာပါပဲ။
ဒါပေမဲ့ အခုနောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံက မှောင်ခို
အဝတ်အစားတွေ လှိမ့်ဝင်လာတော့ တက်ထရွန် မဝတ်ရင်၊ လေယာဉ်မောင် မဝတ်ရင် မလှတော့ဘူး
ဖြစ်နေကြတယ်။ လူတိုင်း အမြင်ကိုက ဒီလို မြင်နေကြတယ်။ တက်ထရွန်တွေ၊ လေယာဉ်မောင်တွေ၊
ဖော့တွေ ဝတ်နေကြတဲ့ ကြားမှာ စောစောက ပြောတဲ့ မစရိုက်ကို ဝတ်ပြန်တော့ လူကိုက
မသားနားတော့ဘူး။ စုတ်စုတ်နုပ်နုပ် ဖြစ်သါားတယ်လို့ ထင်ကြတယ်။
ဘာဖြစ်လို့ ဒီလိုဖြစ်သွားသလဲဆိုတော့ မှောင်ခိုအဝတ်အထည်တွေ
လှိမ့်ဝင်လာလို့ပါပဲ။ ဒါတွေသာ တုစရာ ပြိုင်စရာ မရှိဘူးဆိုရင် ရှိသမျှနဲ့
လှနေကြမှာပါပဲ။ ကျွန်မကိုယ်တိုလည်း ဒီမှောင်ခို အဝတ်အထည်နဲ့ မကင်းပါဘူး။
ဝတ်နေရတာပါပဲ။ ဒီလို ဝတ်နေရပေမယ့် စိတ်ထဲမှာ အားမရဘူး။ ကိုယ့်နိုင်ငံက အထည်တွေက
မကောင်းလို့ အရည်အသွေးမမီလို့သာ ဝတ်နေရတယ်လိုတောင် ကျွန်မ အရိပ်ထဲမှာ
မရေးသင့်တာရေးမိပါတယ်။ အဲဒါကတော့ စေတနာစေားပြီး ရေးလိုက်တာပါ။
အမှန်မတော့ ကျွန်မက ပိုကောင်းစေချင်တဲ့ သဘော၊ ကိုယ်ကိုယ်တိုင်
အမြဲ ဝတ်ချင်တဲ့ ဆန္ဒတွေနဲ့ရေးခဲ့တာပါ။
အခုနောက်ပိုင်းမှာ အဝတ်အထည်နဲ့ ပတ်သက်ပြီး တော်တော်ကလေး
လော်လည်လာကြ တာ ကျွန်မတို့ မျက်စိအောက်တင် မြင်နေ၊ တွေ့နေရတယ်။ အဝတ်အစား အသစ်အဆန်း
တပ်မက်ကြလို့ ဘဝပျက်ကြတဲ့သူတွေ အများကြီးပါပဲ။ ဒါကြောင့် အဝတ်အထည်နဲ့ ပတက်သက်ပြီး
မှောင်ခိုထည်တွေ ဘာကြောင့် ဒါလောက်ဝင်နေရတာလဲ ဆိုပြီး အားမလို အားမရ
ဖြစ်မိတာအမှန်ပါပဲ။
အခုနောက်ပိုင်းကျတော့ ပြည်သူ့ကုန်တိုက်တွေ ပေါ်လာတယ်။
မြန်မာဖြစ် အဝတ်အထည်တွေ ပေါ်လာတယ်၊ တော်တော်လေး အဆင့်အတန်းမြင့်ပါတယ်။ ဒါတွေကို
ဝတ်မယ် ဆိုရင် ဝတ်နိုင်ပါတယ်။ မှောင်ခိုထည် ကတော့ ဆက်လက် ရှင်သန်
ကြီးထွားဆဲပဲပေါ့လေ။
မိုးခါးရေလည်း ကျွန်မ အပါအဝင် သောက်နေကြဆဲပါပဲ။ ဒါတော့ စိတ်မကောင်းစရာ
ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ"
"အရိပ် ကို ကျွန်တော်တို့ ပြန်သွားလိုက်က်ြရအောင်။
အဓိကဇာတ်ကောင် ဖြစ်တဲ့ စုလှိုင် အကြောင်း ပြောကြရရင်စုလှိုင်က သာမန်
မိန်ကလေးတစ်ယောက် မဟုတ်ဘူး။ အိမ်ထောင်ရေး အဆင်မပြေကြတဲံ မိဘနှစ်ပါးက
ပေါက်ဖွားလာပြီး လူတွေကို အမြဲတမ်း သံသယ ရှိတယ်။ မေတ္တာတရားကို နားမလည်ဘူး။
ယောက်ျားတွေကို ကစားစရာ အရုပ်လို သဘောထားတယ်။ မေတ္တာတရားမပါဘဲ သွေးသား ဖြေဖျောက်မှု
ကိုလည်း ပြုတတ်တယ်။ စုလှိုင်ကို အဲဒီလိုမျိုး မိန်ကလေးအဖြစ် မစန္ဒာ ဖန်တီးထားတယ်။
စားရေးဆရာတစ်ယောက်အတွက် ဇာတ်ကောင်တစ်ကောင်ကို ဖန်တီးရတာ ရင်ထဲက
သားသမီးတစ်ယောက်ကို မွေးထုတ်လိုက်ရသလိုပဲလို့ မှတ်သားဖူးပါတယ်။ စုလှိုင်လို
ဇာတ်ကောင် မျိုးကို ဖန်တီး ရတဲ့ နေရာမှာ အမျိုးသမီးစာရေးဆရာမတစ်ယောက် ဖြစ်တဲ့
မစန္ဒာရင်ထဲ ဘယ်လို ခံစားရပါသလဲ"
"ကျွန်မ ကိုယ်တိုင်ပဲ ရေးရင်းရေးရင်းနဲ့ စုလှိုင်ကို
သနားလာပါတယ်။ စုလှိုင်မှာ အဘက် ဘက်က ပြည့်စုံနေပေမယ့် သူ့မှာ လိုအပ်နေတာက
မေတ္တာတရားပဲ။ ကျွန်မ မျက်စိရှေ့မှောက်မှာ မြင်နေတွေ့နေရတဲံ လူနှစ်ယောက်၊
သုံးယောက်ကိုပေါင်းပြီး စုလှိုင်ကို ဖန်တီးခဲ့တာပါ.။ စုလှိုင်ကို ဒီလိုပုံစံ
ဖန်တီးပြီးတော့ အရိပ်ရဲ့ ပထမပိုင်း ပြီးတဲ့အထိ စုလှိုင်ကို ဘယ်လို ဇာတ်သိမ်းပေး
ရမယ်လို့ အစီအစဉ် မရှိသေး ပါဘူး။ ပထမတော့ စိတ်ရောဂါဖြစ်ပြီး ဆေးရုံပို့ပစ်
ဇာတ်သိမ်းလိုက်မယ်လို့ ရည်ရွယ် ထားပါတယ်။
ဒါပေမဲ့ ရေးရင်းရေးရင်းနဲ့ သူ့ကို ကျွန်မ စိတ်ရောဂါ
အထူးကုဆေးရုံ မပို့ရက်တော့ဘူး၊ သနား လာတယ်။ သူ့ဇာတ်သိမ်းကလေးကို Happy Ending ကလေး
ဖြစ်စေချင်တယ်။ ကိုယ့်ဇာတ်ကောင်ကို သတ်လည်း မသတ်ရက်တော့ဘူး။ မဟုတ်တာလည်း
လုပ်မပစ်ရက်တော့ ဘူး။ ဒါကြောင့်မို့ နိုင်ငံခြား ကိုတောင် မပိုတော့ဘဲ နောက်ဆုံးမှာ
ညီလင်းညီနဲ့ ပေါင်းပေးလိုက်တာပါ.။ ဝန်ခံရရင်တော့ ရေးရင်း ရေးရးင်းနဲ့
ကျွန်မကိုယ်တိုင် စုလှိုင်နောက်ကို လိုက်သွားမိတယ်လို့ ပြောရမှာပဲ။ ကျွန်မ စဉ်းစား
ထားတာ က တစ်မျိုး၊ တကယ် ရေးလိုက်တာက တစ်မျိုးဖြစ်သွားတာကိုး"
"အရိပ် နဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ ဆွေးနွေးလိုက်တာ
တော်တော်ကလေး ပြည့် စုံသွားပြီး ထင်ပါတယ်။ နောက်တစ်အုပ် ကျွန်တော်
ဆွေးနွေးချင်တာကတော့ ရုပ်ရှင်ရိုက်ဖြစ်သွား တဲ့ ကွက်လပ် ကလေး ဖြည့်ပေးပါ
ဒီဝတ္ထုကလေး ရေးတဲံ အဓိက ရည်ယ်ချက်ကို အရင်သိချင်ပါ တယ်"
"သားသမီးနဲ့ မိဘကြား နားလည်မှု လွဲမှားတတ်ကြတာလေးတွေကို
ဖော်ထုတ်ချင်တာ အဓိက ရည်ရွယ်ချက်ပါပဲ။ မိဘဆိုတာသားသမီးကို ချစ်ကြတာချည်းပါဘဲလေ။
ဒါပေမဲ့ တချို့ မိဘတွေက သားသမီး ဆို လုံးဝ အရောမဝင်ဘူး။ တည်တည်ကြီးနေတယ်။
အရေးမပေးဘူး။ ဒီတော့ သားသမိးနဲ့ မိဘ ကြားမှာ နားလည်မှု မရှိဘူး။ တချို့ မိဘကျတော့
သားသမီးနဲ့ ရင်းရင်း နှီးနှီး နေပါတယ် ။ အဲဒီတော့ တစ်ယောက် နဲ့တစ်ယောက်
နားလည်လွယ်တာပေါ့။
မိဘနဲ့ သားသမီးကြားမှာ နားလည်မှု မလွဲမှားစေချင်ဘူး ကျွန်မ
ကိုင်တိုင်လည်း အလတ်ဆိုတော့ ငယ်ငယ်တုန်း က ဆိုရင် မေမေက ငါ့ကို မချစ်ဘူးလားလို့
ခဏခဏ တွေးမိပါတယ်။ ဒါမျိုးတွေ မဖြစ်စေချင်တာက ကွက်လပ် ရဲ့ အဓိက
ရည်ရွယ်ချက်ပါပဲ။"
"ဒါဆိုရင် ကွက်လပ်ထဲကလို ပြဿနာမျိုးတွေ
မပေါ်ပေါက်ရအောင်လို့ သားသမိးနဲ့ မိဘရဲ့ ဆက်ဆံရေးဟာ ဘယ်လို ဖြစ်သင့်တယ်လို့
မစန္ဒာထင်ပါသလဲ"
"မိဘနဲ့ သားသမီးကြားမှာ အထင်အမြင်လွဲမှားမှု
မဖြစ်စေဖို့ကတော့ နှစ်ဦးစလုံးမျာ နားလည်မှု ရှိဖို့ လိုပါတယ်။ ဒါပေမဲ့ ကျွန်မ
ဝတ္ထုထဲကလို ကလေးတွေဟာ ဆယ်နှစ်ဝန်းကျင် ငယ်ငယ်ရွယ်ရွယ်တွေပဲ ဆိုရင်တော့ မိဘမှာပဲ အပြည့်အဝ
တာဝန်ရှိပါတယ်။
ဒီအရွယ်လေးတွေက ငါ့မိဘက ငါကိုချစ်မှာပဲ။ဂရုမစိုက်ဘဲ နေပေမယ့်
မေတ္တာတရားက တော့ မြင့်မိုရ်တောင်လောက် ရှိမှာပဲ။ ငါ့ကို အော်တာ ချစ်လို့ပဲ
ဆိုတာမျိုးပေါ့လေ။ ဒါမျိုးတွေ တွေးတော နားလည်ပြီး ခွင့်လွတ်နိုင်တဲ့အထိ
မရင့်ကျက်သေးပါဘူး။
အဲဒီလို မရင်ကျက်သေးတဲ့ ကလေးတွေနဲ့ ရင်ကျက်ပြည့်ဝပြ၊ီး ဖြစ်တဲ့
မိဘတို့ အကြားမှာ အစ်ကိုကြီး၊ အစ်မကြီးတွေက တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု ရှိအောင်
ဆောင်ရွက်သွားနိုင်ရင် တော့ ဒီလို အသေး အဖွဲ ပြဿနာလေးတွေက ပျောက်သွားမှာပါ။"
"ကွက်လပ်မှာ လူကောင်းလူတော်ကိစ္စ ရေးထားတာ တွေ့ရပါတယ်။
မစန္ဒာ အမြင်မျာ သားသမီးတစ်ယောက်ကို လူကောင်းလူတော် ဖြစ်လာအောင် မိဘက
လေ့ကျင့်ပုံသွင်း ပေးလို့ရနိုင်ပါသလား"
"ဒါကို ပြောရရင် ခုနတုန်းက ဗီဇနဲ့ ပတ်ဝန်းကျင် ပြဿနာကို
ပြန်စ ရလိမ့်မယ် ထင်တယ်။ ခုနတုန်းက ကျွန်မ ပြောခဲ့သလိုပါပဲ။ ဗီဇရော ပတ်ဝန်းကျင်ပါ
နှစ်ခုစလုံးကို ပစ်ပယ်လို့ မရပါဘူး။ နှစ်ခုစလုံး အရေးကြီးပါတယ်။ မျိုးစေ့ချင်း
တူရင် ပတ်ဝန်းကျင်ကောင်းတဲ့ မျိုးစေ့က ပိုပြီး ကြီးထွား မယ်။ ချိုမြိန် မယ်ပေါ့။
ဒါပေမဲ့ လူကောင်း လူတော် ပြဿနာမှာ ကျတော့ မျိုးစေ့ချင်း မတူတဲ့
အပင်နျစ်ပင် သဘော ဖြစ်နေပါပြီ။ ကောင်းတာက ဗီဇစိတ်ပါ။ တော်တာက ကြိုးစား
မွမ်းမံချက်ပါ။ ကျီးအာပင်လေးကို ကျွန်မတို့ ရေတွေလောင်း၊ မြေသြဇာတွေကျွေးပြီး
သရက်သီး သီးခိုင်းလို့ ရမှာ မဟုတ်ပါဘူး။ ကျီးအာသီး သီးလာ မှာပါ။ မူလကိုက
သရက်မျိုးစေ့ ဖြစ်မှသာ သရက်သီး ဖြစ်လာ နိုင်ပါတယ်။
ဒါကြောင့် လူတောကို လူကောင်းဖြစ်အောင် လုပ်ဖို့ဆိုတာက
ကျီးအာပင်ကို သရက်သီး သီးခိုင်းသလို အတော်လေး ခက်ခဲမယ့် ထင်ပါတယ်။ နဂိုစိတ်ရင်းက
မကောင်းတဲ့ ဒေဝဒတ်ကို မြတ်စွာဘုရားတောင် စိတ်ကောင်း ဝင်လာအောင်
မချွတ်နိုင်ခဲ့ပါဘူး။
လူကောင်းတစ်ယောက်ကို လူတော်ဖြစ်အောင် လုပ်ဖို့ဆိုတာကတော့
လူကောင်းဖြစ်တဲ့ အပင်လေးကို မြေဆွ၊ ရေလောင်း၊ မြေသြဇာ အံတာနဲ့ တူတယ်လို့ ထင်ပါတယ်။
ကြိုးစားရင် ကြိုးစားသလို အသီးအပွင့်လေးတွေ ဝေဆာလာမျာပါပဲ။ ဒါက ကျွန်မ
မြင်သလောက်ပြောတာပါ။ ဗီဇနဲ့ ပတ်ဝန်းကျင် ပြဿနာ ဟာ အင်မတန် ကျယ်ဝန်းပါတယ်။
ပညာရှင်ကြီးတွေတောင် ငြင်းကြ ခုံကြတုန်း ရှိပါသေးတယ်။"
"ကွက်လပ်က မစန္ဒာရဲ့ ကိုယ်ပိုင်ဇာတ်လမ်းလား"
"ကိုယ်ပိုင် ဇာတ်လမ်းလို့ပဲ ပြောရပါလိမ့်မယ်။ တစ်လောက
ကွက်လပ် ရုပ်ရှင်ကားနဲ့ ပတ် သက်ပြီး ဆရာစိန်ခင်မောင်ရီ က ဝေဖန်ရာမှာ Misunderstood
ဆိုတဲ့ ဇာတ်ကားနဲ့ ခပ်ဆင်ဆင်ဖြစ် နေတယ်လို့ ရေးသွားပါတယ်။ အမှန်မ ကျွန်မ အဲဒီကားကို
မှီးတာ မဟုတ်ပါဘူး။ အဲဒီကားကို ကြည့်ပြီး Inspiration ရတာပဲ ရှိပါတယ်။
အာရုံရတယ်လို့ ခေါ်မလားပဲ။
Misunderstood မှာက အမေ သေသွားတော့ သားကလေး နှစ်ယောက်
ကျန်ရစ်ခဲ့ရာမှာ အငယ် ကိုသာ ဂရုစိုက်ကြတော့ အကြီးလေးက မေတ္တာငတ်ပြီးတော့
ခံစားရတာကို ပြထားတယ်။ အဲဒါကို ကြည့်ပြီး (ကျွန်မကိုယ်တိုင်ကလည်း အလတ် ဆိုတော့)
ငါတို့ဆီမှာလည်း အလတ်တွေက လပ်နေတယ်။ အလတ် တွေ အကြောင်း ရေးရင် ကောင်းမယ်လို့
အတွေးဝင်ခဲ့ပါတယ်။
နောက်တစ်ခါ ခီလိုနား ဆိုတဲ့ ရုပ်ရှင်သွားကြည့်တော့ အဲဒီမှာ
စိတ်မနှံ့တဲံ လူတစ်ယောက် အကြောင်း ပါတယ်။ အဲဒီမှာတော့ သူ့မိန်မ ဆုံးသွားတာကို
စွဲလမ်းပြီး စိတ်မနှံ့ ဖြစ်သွားတာပါ။ ဒါကို ကျွန်မက သားသေ လို့ စိတ်မနှံ့တဲ့
ဦးဘသွင် အဖြစ် ဖန်တီးပြီးတော့ ကွက်လပ်ကို ရေးခဲ့တာပါ။
ဒီနေရာမှာ Inspiration ရတယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး
နည်းနည်းပြောချင်တယ်။ အခု ကျွန်မ ဝတ္ထု နောက်တစ်ပုဒ် ရုပ်ရှင် ရိုက်နေတာ ရှိတယ်။
နက်ဖြန်ခါ လေ။ အဲဒါကို ကျွန်မ ဘယ်မျာ အာရုံရဥလဲဆိုတော့ To kill a mocking
bird ကနေရတာပါ။ ဒါက ရုပ်ရှင်လည်း ရှိတယ်။ စာအုပ်လည်း ရှိပါတယ်။ ကျွန်မကတော့
စာအုပ်ဖတ်ရင်းကနေ အာရုံရခဲ့တာပဲ။ နှင်းဆီ ဆိုရင်လည်း The Visit ရုပ်ရှင် ကနေ အာရုံ
ရခဲ့တာပါ။
Inspiration ရလို့ ရေးတယ်ဆိုတာက သတ်သတ်မွေးတဲ့
ကလေးတွေလိုပါပဲ။ ဟိုကလေး နဲ့ မတူပါဘူး။ ဟိုကလေးကို မြင်ပြီး ငါ ကလေး
လိုချင်လိုက်တာ ဆိုပြီး မွေးလိုက်တဲ့ သဘောပဲ ရှိပါ တယ် ကိုယ်မွေး တဲ့ ကလေး က
ဟိုကလေး မဟုတ်ပါဘူး။ အဲဒီသဘောမျိုးပါပဲ။
ကွက်လပ်က စောစောကပြောတဲ့ Misunderstood ကိုကြည်ပြီး
Inspiration ရလို့ ရေးတာဆိုတော့ မှီးလိုက်တဲ့ သဘော ၊ ကူးချလိုက်တဲ့သဘော
ဖြစ်သွားတယ် ထင်ပါရဲ့ ။ ဒါပေမဲ့ မေတ္တာငတ်တာချင်း တူတာက လွဲရင် ကွဲပြားပါတယ်။
Inspiration ဆိုတာ တစ်စုံတစ်ခုကို မြင်လိုက်ရတာနဲ့
နောက်တစ်ခုကို ဖျတ်ခနဲ သတိရလိုက်တဲ့ သဘောပါ။ ကျွန်မ အရိပ်ကို စရေးမယ်လို့
ကြံတုန်းမလည်း ပြောရရင် ရယ်စရာတောင် ကောင်းမယ်။ အဲဒီတုန်း က ကျွန်မ စမ်းချောင်းမှာ
နေတော့ ရုံးကအပြန်မှာ နံပါတ် ၁၂ ကားစီးလားတယ်။ အနော်ရထာလမ်းပေါ်မျာ ၃၃ လမ်းနား
ရောက်တော့ Shadow အပ်ချုပ် ဆိုင်ရှိတယ်။ ကျွန်မ အဲဒါကို လှမ်းကြည့်
လိုက်မိတယ်။ ကြည့်နေရင်းက ရှဲဒိုး ဆို မြန်မာလို ပြန်ရင် ဘာပါလိမ့်။ မြန်မာလို
ပြန်ရင် အရိပ်ပေါ့၊ အရိပ်ဆိုရင် အင်း... ငါ ဖြတ်သန်းခဲ့ရတဲ့ ခောတ်တွေက အရိပ်တွေကို
ပြန်ရေးရင် ကောင်းမှာပဲ ဆိုပြီးတော့ စပြီးတော့ စိတ်ကူးရတာ။ အဲဒီတော့ ကျွန်မ
အရိပ်ကို ဘယ်ကစပြီး Inspiration ရတာလဲဆိုရင် ရှဲဒိုး
အပ်ချုပ်ဆိုင်လို့ပြောရလိမ့်မယ်။
အဲဒီသဘောမျိုးပါ။ ဒါကြေင့် ကွက်လပ်စာ ကျွန်မ ကိုယ်ပိုင်
ဇာတ်လမ်းပါလို့ပဲ ပြောချင် ပါတယ်"
"ပုစ္ဆာထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဇော်လှိုင်မ်ြင့လိုပဲ
ကျွန်တော်တို့ နိုင်ငံက ခေတ်ပညာ တတ် အချို့ဟာ နိုင်ငံခြားကို အလုပ်လုပ်ဖို့
ထွက်ခွာသွားကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံလိုပဲ ဖွံ့ဖြိုးဆဲ
တခြားနိုင်ငံတွေမှာလည်း ဒီပြဿနာ ရှိနေပါတယ်။ မစန္ဒာအနေနဲ့ ဒီလို ခေတ်ပညာတတ်တွေ၊
အတတ်ပညာရှင်တွေက ကိုယ်နိုင်ငံကနေ တခြားနိုင်ငံကို ထွက်ခွာ သွားကြတာနဲ့ ပတ်သက်ပြီး ဘယ်လို
မြင်မိပါသလဲ"
"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ အမြင် ပြောရရင်
နှစ်မျိုးမြင်ပါတယ်။ ပထမ တစ်မျိုးက ငွေကြေးများများ ရလိုတဲ့စိတ်နဲ့
နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တာ၊ ဒုတိယ တစ်မျိုးက မြန်မာ့မြေ ကို နင်းပြီး သက်သက်
အမြတ်ထုတ် သွားတာ။
ကျွန်မရဲ့ အသိတွေ မိတ်ဆွေတွေထဲမှာ တစ်ချို့
ရိုးရိုးကုပ်ကုပ်နဲ့ ပညာရှာတယ်။ နိုင်ငံတော်က ခန့်ထားတဲ့ အလုပ်ကိုလည်း စိတ်ပါလက်ပါ
ဝင်လုပ်တယ်။ တာဝန်ကျေအောင် ထမ်းဆောင်တယ်။ ဒါပေမဲ့ လောဘသား တို့ ထုံးစံအရ
ကိုယ်ပိုင်အိမ်လေး ဆောက်ချင်တယ်။ ကား စီးချင်တယ်။ ရေခဲသေတ္တာ၊ တီဗွီ လိုချင်တယ်။
ဒီတော့ ပိုက်ဆံ မြိုးမြိုးမြက်မြက်ရတဲ့ နိုင်ငံခြားမှာ သွားအလုပ်လုပ်တယ်။ စုမိ၊
ဆောင်းမိရင် ပြန်လာတယ်။ ဒီမှာ အခြေချတယ်။
နောက်တစ်မျိုးကတော့ ပညာသင်နေကတည်းကိုက ဒီဂရီရရင်
နိုင်ငံခြားထွက်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ သင်တာပါ။ နိုင်ငံခြားမှာ ဒီလို
ဒီဂရီတစ်ခုကို ဒီမှာလောက် ငွေကြေး သက်သက် သာသာ နဲ့ လွယ်လွယ်ကူကူ
မရနိုင်ပါဘူး။ ဒီဂရီလေးကိုလည်း ပိုက်မိရော၊ မြန်မာပြည်ကြီးဟာ အလကားပဲ။
မတိုးတက်ဘူး၊ ဘာဘူး ညာဘူးနဲ့ ခြေစုံကန်ပြီးပြေးကုန်တာပါပဲ။ လျော်ရတဲ့နွေ
တစ်သောင်းခွဲ နှစ်သောင်း ဆိုတာလည်း သူတို့အတွက် မှုစရာ မဟုတ်ပါဘူး။ အဲဒီလူတွေထဲမှာ
ပြန်လာတဲ့သူ အင်မတန်ရှားပါတယ်။
အဆိုးဆုံးကတော့ နိုင်ငံတော်ငွေ၊ နိုင်ငံတော်မျက်နှာနဲ့ပေါ့လေ၊
ပညာတော့သင်သွားပြီး ဟိုမှာ ပညာလည်း ရ၊ နှစ်လည်းစေ့ရော ခြေရာဖျောက်
လစ်တဲ့သူတွေပါပဲ။ အဲဒီ လူတွေအတွက်တော့ နိုင်ငံတော် က သတ်မှတ်ထားတဲ့ လျော်ကြေးငွေ
ငါးသောင်းဆိုတာ နည်းတောင်နည်းပါသေးတယ်။
လောလောဆယ်တော့ နိုင်ငံခြားက ပြန်မလာတဲ့ သူတွေ
အကြောင်းတွေးမိရင်း လကုန်ခါနိး ပြတ်ကြ လပ်ကြ တဲ့ ဘဝတူတွေအကြောင်းတွေးမိရင် ၊
နောက်ပြီး ကျွန်မတို့နဲ့ အတူတူ ကျောင်းဆင်းပြီး ခုထက်ထိ အလုပ်မရသေးဘဲ ကျပန်း
လုပ်စားနေသူတွေ အကြောင်း တွေးမိရင် ရင်ထဲမှာ မသက်မသာ ဖြစ်မိတာ တော့
အမှန်ပါပဲ"
"အနုပညာမြောက်တဲ့ ဝတ္ထုနဲ့ အပျော်ဖတ် ဝတ္ထုတွေရဲ့
ခြားနားချက် ဘယ်လို ရှိပါသလဲ မစန္ဒာ"
ဒီအချက်ကို ကိုဝင်းငြိမ်း အရိပ် ဒုတိယတွဲကျောဖုံးမှာ
တွေ့လိုက်တယ် ထင်ပါတယ်။ အဲဒီတုန်းက ရေးလိုက်တာက စာပေလောက စာတည်းအဖွဲ့ရဲ့ အာဘော်ပါ။
ကျွန်မအနေနဲ့ပြောရ ရင်တော့ အနုပညာမြောက် ဝတ္ထုဆိုတာက ဖတ်တဲ့သူကို
ရသတစ်ခုခုပေးပါတယ်။ ကြည်နူးတာ၊ ပျော်တာ၊ အံ့သြတာ၊ နှစ်သိမ့်သာ၊ မကျေနပ်တာ၊
ဘာပဲဖြစ်ဖြစ်ပေါ့လေ ဖတ်ပြီးလို့ရှိရင် ရင်ထဲမှာ တစ်ခုခုတော့ စွဲငြိပြီး
ကျန်ရစ်ခဲ့ပါတယ်။
အပျော်ဖတ်ဝတ္ထု ဆိုတာကတော့ ဘယ်လိုပြောရမလဲ မသိဘူး၊
မျင်းလို့ကောက်ဖတ်တယ်၊ ဖတ်တုန်း တော့ အချိန်ကုန်ပြီး အပျင်းပြေသွားတယ်။
ဖတ်ပြီးလို့ စာအုပ်လည်း ချလိုက်ရောအထဲ က ဇာတ်ကောင် တွေရော ဇာတ်လမ်းတွေပါ ရင်ထဲမှာ
ဘာမှစွဲစွဲငြိငြိ မကျန်ရစ်ခဲ့တာကို ပြောတာပဲထင်ပါတယ်။
ကျွန်မ အတွေ့အကြုံအနေနဲ့ ကျွန်မတို့ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့
ဝတ္ထုလေးတွေမှာ အနုပညာစ်ံအားဖြင့် တော်တော်လေး မြင်တယ်လို့ထင်ပါတယ်။
အခုခေတ်ဝတ္ထုတွေဟာ အဲဒီတုန်းကလောက် လူတွေကို လွှမ်းမိုးမှ လွှမ်းမိုးနိုင်ရဲ့လားလို့
တစ်ခါတစ်လေ သံသယဖြစ်မိပါ တယ်။
အောင်လင်း ရဲ့" အရိုင်းစံပယ်"၊ သိန်းသန်းထွန်းရဲ့
"မပန်ပါနဲ့ ကြွေချင်တယ်"၊ ဝင်းဦးရဲ့ "ချစ်မိသူ
တစ်ယောက်အကြောင်း"၊ ဂျာနယ်ကျော်မမလေးရဲ့"သွေး"၊
ခင်နှင်းယုရဲ့"မွှေး"၊ မောင်ထင် ရဲ့ "ငဘ"၊ ခင်ဆွေဦးရဲ့
"တို့တိုင်းဌာနီ"၊ နတ်နွယ်ရဲ့ "မြန်မာပြည်မြောက်ပိုင်း"၊
နန္ဒရဲ့ "သံနဲ့သွေး"၊ နောက်ပြီး ရန်ကုန်ဘဆွေရဲ့"မြန်မာပြည်သား"၊
တက္ကသိုလ်ဘုန်းနိုင်ရဲ့ "ညီမလေးရယ် စိုးရိမ်မိ တယ်"... ဒါ့အပြင်
အများကြီးရှိပါသေးတယ်။ ကျွန်မတို့ အသည်းစွဲ ကြိုက်ခဲ့ရတယ်။ အခုအချိန် အသက်အရွယ်
ကြီးလာပြီ မို့ နြပ်ဖတ်ကြည့်တော့လည်း မကြိုကိ မရှိပါဘူး၊ ကြိုက်နေတာပါပဲ။
အသက်အရွယ် ပြောင်းလာသလို အယူအဆလည်း ပြောင်းလာလို့ စာရေးဆရာနဲ့
သဘောချင်း မတိုက် ဆိုတာ၊ အယအဆချင်း မတူတာတွေ ရှိလာပေမယ့်၊ ဝတ္ထုရေးသူရဲ့ ဝတ္ထု
တည်ဆောက်ပုံ၊ ဖွဲ့စည်းပုံ၊ စာဖတ်သူကို သူနဲ့ အတူ ဆွဲခေါ်သွားပုံကတော့ ယနေ့ထိတိုင်
အနုပညာမြောက်နေတယ်လို့ ထင်ပါတယ်။
တစ်နေ့ကပဲ ရုံးမှာ စကားစပ်မိလို့ ကျွန်မတို့ ဆယ်ကျော်သက်
အရွယ်တုန်းက ဖတ်ခဲ့ရတဲ့ ဝတ္ထုတွေအကြောင်း ပြောမိကြသေးတယ်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့
"သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်" ဝတ္ထု အကြောင်း ရောက်သွားတော့
ကျွန်မနဲ့ ရွယ်တူကျွန်မ သူငယ်ချင်းတွေ ဟာ အဲဒီထဲက စာသား တချို့ကို ခုထိ အလွတ်ရပြီး
ရွတ်ပြနိုင်ကြပါသေးတယ်။ နှစ်လွှာပေါင်းမှ တစ်ရွက်တည်း ဖြစ်တဲ့ စွယ်တော်ရွက် ကို
မခူးဖူးတဲ့သူ၊ စာအုပ်ကြား မညှပ်ဖူးတဲ့သူ အတော်ရှားပါတယ်။ အဲဒီခေတ်က လူငယ် အများစု
ကို အဲဒီ ဝတ္ထုရဲ့ အနုပညာအင်းအားက ဘယ်လောက် လွှမ်းမိုးခဲ့သလဲဆိုရင် ကလေးအဖေ တွေ၊
ကလေး အမေတွေ ဖြစ်နေပြီ ဖြစ်တာတောင် တချို့တစ်ဝက် အလွတ်ရနေသေးတာ ကြည့်ရင် သိနိုင်
ပါတယ်။
တစ်ခုတော့ ရှိပါတယ်။ အနုပညာမြောက် ဝတ္ထုဆိုတာနဲ့ အကျိုးပြု
ဝတ္ထုဆိုတာနဲ့တော့ မတူပါဘူး။ အနုပညာ မြောက်တိုင်းလည်း အကျိုးမပြုပါဘူး။
အကျိုးပြုစပေတိုင်းဟာလည်း အနုပညာမြောက်တယ် လို့ သတ်မှတ်လို့ မရပါဘူး"
"မစန္ဒာအနေနဲ့ ဇာတ်ကောင်စရိုက် အသားပေူးတဲ့
ဇာတ်လမ်းမျိုးနဲ့ ဇာတ်လမ်းကို ဦးစားပေးတဲ့ ဝတ္ထု၊ဘယဟြာ ရေးရတာ ပိုပြီး
အရးကြီးတယ်လို့ ထင်ပါသလဲ"
"ဒီနေရာမှာ နှစ်ခုစလုံးက အရေးကြီးပါတယ်။ ဇာတ်ကောင်စရိုက်
အသားပေးတဲ့ ဝတ္ထုက အဆင့်အတန်း ရှိတယ်၊ ဇာတ်လမ်း အသားပေးရင် အဆင့်မရှိဘူးလို့
ပြောလို့မရပါဘူး။ စာဖတ်သူ ကို အစ က အဆုံး အထိ ဆွဲဆောင်သွားတာက ဇာတ်လမ်းပါ။
ဝတ္ထုဖတ်ရင် ရှေ့ဘာဖြစ်မလဲ၊ နောက်ဆုံး ဘာဖြစ် သွားမလဲ ဆိုတာကို စိတ်စောပြီး
ဖတ်ကြတာပါ။
ဝတ္ထုကောင်းတစ်အုပ် ဆိုတာ ခိုင်မာတဲ့ ဇာတ်လမ်း ကျောရိုးပေါ်မှာ
စရိုက်ပိပြင်တဲ့ ဇာတ်ကောင်တွေ လှုပ်ရှား လျှောက်သွားကြတာ ဖြစ်ပါတယ်။ War and
Peace လို၊ gone with the wind လို၊ Carpet Bagger လို ဝတ္ထုကြီးမျိုးတွေမျာ
ဝတ္ထုကျောရိုးဇာတ်လမ်းရော ဇာတ်ကောင် စရိုက်ပါ အင်အား ကောင်း နေကြတာပါ"
"စာပေဟောပြောပွဲနဲ့ ပတ်သက်လို့ ဘယ်လို သဘောထားပါသလဲ"
" ရှင်းရှင်း ပြောရရင် ကျွန်မက စကားပြောပညာမှာ
တော်တော်လေး ချို့တဲ့ပါတယ်။ စကားပြောလည်း မြန်တယ်။ စင်ပေါ်ရောက်ရင် ပရိတ်သတ်ကို
လန့်ပြီး အမှားမှာ အယွင်းယွင်း၊ အိုးနင်းခွက်နင်း ဖြစ်မှာ ကိုလည်း ကြောကတယ်။
ဒီတော့ မနိုင်ရင်ကန်လာပြီး ဆွဲခေါ်ရင်သာ ကန့် လန့်ကန့်လန့် ပါသွားရတာပါ။
တော်ရုံတန်ရုံရှောင်နိုင်ရင်တော့ စင်ပေါ် မတက်ချင်ပါဘူး။
နောက်ပြီးကိုယ့်ကိုယ်ကိုယ်လည်း ရှက်သလိုပဲ။ ဘဝ အတွေ့အကြုံအရရော
စာပေအတွေ့ အကြုံအရပါ ကျွန်မက ဘာမှ မရင်ကျက်သေးဘူး၊ မပြည့်ဝသေးဘူးလို့ဘဲမြင်တယ်။
အဲဒီလို မပြည့်ဝ မရင့်ကျက် သေးဘဲနဲ့ စင်ပေါ်တက်ပြီး လူတတ်လုပ်ရမှာကို
ရှင်းရှင်းပြောရရင် ရှက်ပါတယ်။ ပရိသတ်အတွက်လည်း "မစန္ဒာဆိုတာ သူကိုး"လို့
မြင်ဖူးရုံကလွဲပြီး ဘာမှ အကျိုးရှိမှာ မဟုတ်ပါဘူး။ ကိုယ်က စင်ပေါ်တက်ပြီး
ဟောနေတဲ့အချိန်မှာ ပရိသတ်ထဲမှာ ကိုယ်ထက် အဆပေါင်းများစွာ သိတဲ့ သူတွေ၊ တတ်တဲ့သူတွေ
ရှိနေလိမ့်မယ် ဆိုတာကို စဉ်းစားမိတော့ အတော်လေးမျက်နှာပူပါတယ်"
"ဒါဖြင့် စာပေဆွေးနွေးပွဲကော"
"ဆွေးနွေးပွဲပုံစံကိုတော့ ပိုကြို့်တယ်။ အဲဒါ ကျွန်မက
နာေးထာင်သူ အနေနဲ့ ပြောတာပါ။ ဆွေးနွေးပွဲ ဆိုတာ ကိုယ်သိချင်တာ မေးချင်တာတွေ
မေးလို့ရပါတယ်။ ဟိုအရင်က ဝိုင်-အမ်-စီ-အေ မှာ လုပ်သွားတဲ့ ဆွေးနွေးပွဲေ တွမှာ
မေးတဲ့သူကလည်း အသေအချာမေး၊ ဖြေတဲ့သူလည်း အသေအချာဖြေနဲ့ နားထောင်ရ၊ လေ့လာရ၊
မှတ်သားရတာ သိပ်ကောင်းပါတယ်။ အဲဒီတုန်းက ဆရာမောင်ထင်တို့၊ ဒေါ်ခင်ဆွေဦး တို့၊
ဒေါ်ခင်နှင်းယု တို့ ဆွေးနွေးသွားကြပါတယ်။
ဒါပေမဲ့ နောက်ပိုင်း အချို့ ဆွေးနွေးပွဲတွေစာ
ဆွေးနွေးပွဲပုံဏ္ဍာန်မျိုး မဟုတ်တော့ဘဲ စာရေးဆရာကို ဆော်ကြ၊ နှက်တြဲ့ ပွဲမျိုး
သဘောသက်ရောက်သွားတယ်။
ဒီလို သဘောလေတွေ ပါလာတော့ ဆွေးနွေးပွဲတက် နားထောင်ရတာ မှတ်စရာ၊
သားစရာ သိပ်ရမလာဘဲ စာရေးဆရာကို အလယ်ကောင်မှာ ချပြီး တစ်ယောက် တစ်ဖက်
ဝိုင်းဆိတ်နေ၊ ဆွနေ ကြတာ ကို ကြည့်နေရတာနဲ့ တူပါတယ်။
ဒါကြောင့် ကျွန်မ တစ်ယောက်တည်းအနေနဲ့ ပြောရရင် ဟောပြောပွဲကို
လန့်ပါတယ်။ ဆွေးနွေးပွဲကို ကြောက်ပါတယ်လို့ပဲ သတ္တိနည်းစွာနဲ့ ဝန်ခံရမှာပဲ။ ရေးသူ၊
ဖတ်သူ ဆွေးနွေးပွဲမျိုးမှာ ကျွန်မကို ခုနက ပြောသလို ဝိုင်းပြီး မေးကြ၊
စမ်းကြရင်လည်း ကျွန်မရဲ့ ခံယူချက်ကို ကျွန်မ ကြောက်ဒူးတုန်းပြီး
အိုးနင်းခွက်နင်းဖြစ်မှာ အမှန်ပါပဲ။
ကျွန်မရဲ့ ပရိသတ်ကို ကျွန်မ လေးစားပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့
စာဖတ်ပရိသတ်ကို ကျွန်မ စာထဲကနေတစ်ဆင့်ပဲ တွေ့ချင်ပါတယ်။ စားရေးသူတစ်ယောက်ရဲ့
တာဝန်ဟာ စာရေးဖို့ပါ စကားပြောဖို့ မဟုတ်ပါဘူး လို့ပဲ ခံယူမိပါတယ်။ ကျွန်မရဲ့အတွေး၊
ကျွန်မရဲ့ ခံယူချက်ကို ကျွန်မ စာထဲကပဲ တစ်ဆင့်  ပြောချင်ပါတယ်။"
"ကျေးဇူးတင်ပါတယ် မစန္ဒာ၊ ကျွန်တော်တို့
ဆွေးနွေးခဲ့တာတွေလည်း တော်တော်လေး ပြည့်စုံသွားပါပြီ။ ကျွန်တော်တို့
ပေဖူးလွှာမဂ္ဂဇင်းရဲ့ တစ်နှစ်ပြည့်မြောက်တဲ့ မွေးနေ့မှာ အထူးအစီ အစဉ်အဖြစ်နဲက
ပရိသတ်နဲ့ ကင်းကွာနေတဲ့ မစန္ဒာနဲ့ ခုလို အားပါးတရ ဆွေးနွေးခွင့်ရတဲ့အတွက်
စာချစ်သူများ ကိုယ်စား ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ မစန္ဒာ ပရိသတ်အတွက် ပြောချငတာ
ကလေးများ ရှိရင် ... "
"အရိပ် ဒုတိယပိုင်း ထွက်ပြီးကတည်းက ကျွန်မ လုံးချင်းဝတ္ထု
ဆက်မရေးဖြစ်ဘဲ အကြောင်း အမျိုးမျိုး ကြောင့် ရပ်သွားခဲ့ရပါတယ်။ ဒီအတွက် ကျွန်မရဲ့
စာဖတ်ပရိတ်သတ်ကို ပေဖူးလွှာ က တစ်ဆင့်ပဲ တောင်းပန် လိုက်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်မဟာ ကျွန်မ မြင်တာ၊
ကျွန်မတွေ့တာ၊ ကျွန်မ ခံစားရတာ တွေကို ရေးတဲ့ သာမန် စာရေးသူတစ်ယောက်ပါ။
ပညာရှင်ကြီး မဟုတ်ပါဘူး။ ကျွန်မ ရေးခဲ့တာ တွေထဲမှာ အမှားတွေ ပါမှာပါပဲ။ သူများကို
ထိခိုက်ပါစေလို့ မရည်ရွယ်ပေမယ့် ထိခိုက်သွားတာလည်း ရှိကောင်းရှိမှာပါပဲ။ အဲဒီလို
ရှိခဲ့ရင်လည်း တောင်းပန်ဖို့ ဝန်မလေးပါဘူး။ ကျွန်မ တစ်စုံတစ်ခု မှားတယ်ဆိုရင်
အဲဒီအမှားကို သိတဲ့ အချိန်၊ သိတဲ့ အရွယ်မှာ ပြင်မှာပါပဲဆိုတဲ့ အကြောင်း ကိုပဲ
ပြောချင်ပါတယ်"
"ကျေးဇူးပါပဲ၊ နောက်ထပ် လုံးချင်းတွေလည်း အဆက်မပြတ်
ရေးနိုင်ဖို့ ဆန္ဒပြုပါတယ် ဗျာ.... "
ပေဖူးလွှာမဂ္ဂဇင်း၊
အမှတ်-၁၃
ဇွန်လ၊ ၁၉၈၂ ခုနှစ်
ဆက်ရန်
Credit:Shwezinu.blogspot.com
Credit:Shwezinu.blogspot.com
Comments
Post a Comment