ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၃)
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၃)
ကြူကြူသင်း
သုံးဖက်မြင်၊ လေးဖက် လှစေဖို့
" စာဖတ်သူ အများစုရဲ့စိတ်ထဲမှာ "တက္ကသိုလ်ကြူကြူသင်း" ဆိုတာနဲ့ "ကြူကြူသင်း" ဆိုတာ တစ်ယောက်စီ ပဲလား၊ တစ်ယောက်တည်းပဲလား ဆိုတာ မကွဲပြားဘဲ ဖြစ်နေကြပါတယ်။ ဆရာမ သိတဲ့ အတိုင်း ဒီနေ့ အနုပညာလောကမှာလည်း သိုးကာသီကာ လွဲတဲ့ နာမည်တူတွေ ရှိနေကြတယ် မဟုတ်လား။ တချို့ကလည်း နာမည်တူ စာလုံးပေါင်း ကွဲရုံနဲ့ တစ်ယောက်စီ ဖြစ်သွားတယ်။ တချို့ ကလည်း ရှေ့က "မောင်" တို့၊ "မ"တို့ ထည့်လိုက်တာနဲ့ပဲ တစ်ယောက်စီ ဖြစ်နေတယ်လေ။ ဒါကြောင့် ဆရာမ ပရိသတ် အတွက် ဒီမေးခွန်းက စပြောလိုက်ကြရအောင် "
" ဒီမေးခွန်းကို ကျွန်မ စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေမှာ မကြာခဏ ဖြေရှင်းခဲ့ရပါတယ်။ ခုထိလည်း ဒီကလောင်နာမည် နှစ်ခုနဲ့ ပတ်သက်ပြီး စာဖတ်သူတွေ ဒွိဟဖြစ်နေကြတုန်းပါပဲ။ ပေဖူးလွှာလို စာဖတ်သူ အကြိုက်များတဲ့ မဂ္ဂဇင်းကြီး တစ်စောင်ကနေ ဖြေရှင်းခွင့်ရတာ "မှာထား အလားသင့်" ဆိုသလို ဖြစ် သွားပါ တယ်။ တစ်ယောက် တည်းပါပဲ ကိုဝင်းငြိမ်း။ ၁၉၅၈ ခုနှစ် ရန်ကုန်တက္ကသိုလ်ကို ရောက်တော့ မူလ "ကြူကြူသင်း" ရှေ့မှာ "တက္ကသိုလ်" ထည့်ခဲ့ပါတယ်။ အဲဒီ "တက္ကသိုလ်ကြူကြူသင်း" ဆိုတဲ့ ကလောင်နာမည် နဲ့ ရေးခဲ့တာ ၁၉၇၂ ခုနှစ်အထိပါ။ ခုနောက်ပိုင်းမှာတော့ "ကြူကြူသင်း" ဆိုတဲ့ ကလောင်နာမည် နဲ့ပဲ ဆက်ရေးနေပါတယ် "
" ကလောင်နာမည်အကြောင်း ဖြေရှင်းပြီးတဲ့နောက် ဆရာမ စာပေလောကထဲ ၀င်ရောက်လာပုံကို သိပါရစေ"
" သိပ်တော့ မထူးခြားပါဘူးလေ။ စာပေ မွေ့လျော်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတော့ ငယ်ငယ် ကလေး ဘ၀ကတည်းက စာဖတ်ရတာကို နှစ်သက်တဲ့ ခံစားမှု ရှိခဲ့ပါတယ်။ မိဘတွေကလည်း စာဖတ်တာ ကို အားပေး လမ်းညွှန်မှု ပြုခဲ့ပါတယ်။ စာရေးချင်တဲ့စိတ် ပေါ်လာတာကို ကျွန်မ သတိထားမိတော့ အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်လောက် ရှိနေပါပြီ။ အဲဒီအချိန်မှာ ကျွန်မ စိတ်ဝင်စားတာက ကဗျာပါ။
ကဗျာဆရာကြီးများဖြစ်ကြတဲ့ မင်းသုဝဏ်၊ ဇော်ဂျီ၊ ကြည်အေး၊ နုယဉ် စသူတို့ရဲ့ ကဗျာတွေကို မြတ်မြတ် နိုးနိုး ဖတ်ခဲ့၊ နှစ်နှစ်သက်သက် အလွတ်ကျက်ခဲ့မိပါတယ်။ ကဗျာကို စိတ်ဝင်စားတော့ ကဗျာလေးတွေ စပ်ကြည့် မိပါတယ်။ ဒါပေမဲ့ ခက်တာက စာရေးချင်စိတ်တွေ တားမရ ဆီးမရ ဖြစ်လာတဲ့ အချိန်မှာမှ တစ်ချိန်က စာဖတ်တာကို အားပေးခဲ့တဲ့ မိဘတွေက ပိတ်ပင်ကြတော့တာပါပဲ။ အဲဒီ အချိန်တုန်းက ဘာကြောင့် ပိတ်ပင်ကြတာပါလိမ့်လို့ တွေးမရခဲ့ဘူး။ အခု စာလေး ဘာလေး ရေးပြီး စာရေး ဆရာဘ၀ကို ခံယူလိုက်ချိန် မှာမှ သြော် ... မိဘတွေက သူတို့သမီးလေးကို ချမ်းချမ်းသာသာ ရှိစေချင်လို့ဆို တာ သဘော ပေါက်လာရပါတယ်။
ဒီလိုနဲ့ ကိုယ့်ဘာသာရေးရင်း စာစောင်တွေ၊ မဂ္ဂဇင်းတွေကို ကဗျာလေးတွေ ပို့ပို့ကြည့်ရပါတယ်။ ပထမဦးဆုံး ပုံနှိပ်စာလုံးနဲ့ မြင်ရတာက "တိုင်းရင်းမေ ကဗျာဥယျာဉ်စခန်း"မှာလေ။ အဲဒီတုန်းက ၁၉၅၇ ခုနှစ် ရှစ်တန်း တက်ခါစပေါ့။ အဲဒီ နောက်ပိုင်းမှာတော့ ကဗျာလေးတွေ ရေးရာကနေ ၀တ္ထုတိုလေးတွေပါ ရေးဖို့ အားသန်လာပါတယ်။ စာပေလောကထဲကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်ဝင်လာနိုင်အောင် ကျွန်မကို ဦးစွာ လမ်းညွှန်ဖေးမခဲ့သူတွေကတော့ ကွယ်လွန်သူ ကဗျာဆရာမကြီး ငွေတာရီ၊ တက္ကသိုလ်မင်းမော်၊ ဆရာဒေါင်းနွယ်ဆွေ နဲ့ ဆရာသင်္ခါတို့ပါပဲ"
" ဆရာမတို့ ခေတ်က စာပေလောကထဲ ၀င်ရောက်ဖို့ ကြိုးစားရတာနဲ့ ဒီနေ့ ကြိုးပမ်းရတာ ဘယ်လို ကွာ ခြားမယ်ထင်ပါသလဲ"
" ကျွန်မတို့ ခေတ်က ခုခေတ်လောက်မလွယ်ဘူး ထင်ပါတယ်။ ဒီလိုလေ၊ ကျွန်မတို့ စာရေးစ လွန်ခဲ့တဲ့ နှစ် ပေါင်း အစိတ်ကျော်ကျော်လောက်က ရေးစရာ နေရာ သိပ်မရှိလှဘူး။ လစဉ်ထုတ် မဂ္ဂဇင်းစာစောင် စုစုပေါင်း မှ လေး ငါးစောင်လောက် ရှိတာ။ နောက်ပြီး စာရေးချင်သူ တစ်ယောက်အတွက် စာပေလောက နဲ့ ပတ်သက်တဲ့ အတွေ့အကြုံကလည်း ရဖို့ နည်းပါတယ်။ မဂ္ဂဇင်းတွေကို စာမူ ဘယ်လို ပို့ရမှန်းတောင် တချို့ မသိခဲ့ကြပါဘူး။
စာရေးဆရာ ဆိုတာကို အသိအကျွမ်း ဖြစ်ချင်လွန်းလို့၊ တွေ့ဖူးမြင်ဖူးချင်လွန်းလို့ စုံစမ်းရ၊ အိမ်နား သွားချောင်းကြည့်ရနဲ့ ကျွန်မတို့ လုပ်ခဲ့ရပါတယ်။ စာပေရေးရာ၊ ၀ါဒသဘောထား၊ အဆိုအမိန့်၊ လမ်းညွှန်မှု တွေ ကျွန်မ တို့ မကြားခဲ့ မသိခဲ့ရဘူး။ မဂ္ဂဇင်းထဲပါလာတဲ့ အရေးအသားလောက်နဲ့သာ ကျေနပ် နေခဲ့ကြရပါ တယ်။ ခုခေတ်မှာတော့ စာတမ်းဖတ်ပွဲ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ ဒါတွေ အများကြီး ရှိလာတော့ ကျွန်မတို့ခေတ်နဲ့ စာရင် နား၊ မျက်စိ ပွင့်နိုင်ပါတယ်။
ပြီးတော့ တစ်ခု၊ အခု ဒီဘက်ပိုင်းနဲ့ မတူတာက ဟိုတုန်းက လစဉ်ထုတ် မဂ္ဂဇင်းတွေထဲမှာ ရေးတဲ့ နာမည်ကြီး စာရေးဆရာတွေနဲ့ အပြင် လုံးချင်းဝတ္ထုရေးတဲ့ နာမည်ကြီး စာရေးဆရာတွေဟာ အတူတူပါပဲ။ ဥပမာ- သာဓု၊ တင့်တယ်၊ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ ရန်ကုန်ဘဆွေ၊ ခင်ဆွေဦး စသည်ဖြင့် ပေါ့လေ။ အခု ဒီဘက်ခေတ်မှာတော့ အဲသလို မဟုတ်ဘူး။
မဂ္ဂဇင်းက စာရေးဆရာ နာမည်ကြီးတွေနဲ့ အပြင် လုံးချင်းတွေရေးတဲ့ စူပါစတားတွေ အတူတူ မဟုတ် တော့ဘူး။ ပြီးတော့ ကျွန်မ အမြင်တစ်ခု ပြောရမယ်ဆိုရင် တစ်ဦးချင်း ကြိုးပမ်းရမှုကိုတော့ အတွင်း ကျကျ မသိဘူးပေါ့ ကိုဝင်းငြိမ်း။ ဒါပေမဲ့ စာရေးဆရာလို့ အမည်ခံတဲ့ ပုဂ္ဂိုလ် တော်တော်များများဟာ နေ့ချင်း ညချင်း မှာပဲ တိုးပွား များပြားလာတာကို တွေ့ရပါတယ်။ ရေးစရာ နေရာတွေကလည်း အတော့်ကို များလာပါ တယ်။ လစဉ်ထုတ် စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်း စုစုပေါင်း နှစ်ဆယ်ကျော် ရှိလာတယ်။ ပြီး မြို့နယ် မဂ္ဂဇင်းတွေ အသင်းအဖွဲ့ ကျောင်းမဂ္ဂဇင်းတွေ။ ဒီလိုနေရာတွေ ဖွင့်ပေးထား လို့ပါပဲ ကိုဝင်းငြိမ်း။ နေရာများတော့ တစ်နေရာ မဟုတ် တစ်နေရာ ၀င်ခွင့်ရဖို့ ကြိုးပမ်းရတာ သိပ်မခက်ခဲ လှဘူးပေါ့။
ဒါပေမဲ့ ရေးစရာ နေရာတွေ များလာသလို စာရေးဆရာ ဖြစ်ချင်သူတွေကလည်း သိပ်များလာတော့ ဟို ကျွန်မ တို့ ကျောင်းတုန်းက သင်ခဲ့ရသလို Survival of the Fittest ပေါ့။ ဘယ်နှယောက် တင်ကျန်ရစ် မလဲတော့ မသိနိုင်ဘူး "
" ဆရာမက ၀တ္ထုကို အရေးများတဲ့သူ၊ ၀တ္ထုတိုပေါင်းချုပ်နဲ့ ဆုရခဲ့သူ ဆိုတော့ ၀တ္ထုတိုနဲ့ ပတ်သက်တာ လေး တွေ ဆွေးနွေးချင်ပါတယ်။ ၀တ္ထုတို ရေးရတာနဲ့ ၀တ္ထုရှည်ရေးရတာ ဘယ်လို ကွာခြား တယ်လို့ ဆရာမ မြင်ပါသလဲ"
" ဒီမေးခွန်း ကြားရတော့ ကျွန်မ သူငယ်ချင်းတစ်ယောက် ပြောခဲ့တာကို ပြန်သတိရမိပါတယ်။ သူက ၀တ္ထုတို ထက် ၀တ္ထုရှည်ကို ပိုပြီး လူကြိုက်များတယ်၊ ၀တ္ထုတိုထက် ၀တ္ထုရှည်က စာမူခ များများ ရတယ် ဆိုတာ သိတော့ ကျွန်မ ၀တ္ထုတို ရေးတိုင်း ၀တ္ထုရှည်ဖြစ်အောင် ပြင်ရေးစမ်းပါ။ ဒီနားမှာ ဒီလို ဖြည့်လိုက်၊ ရှေ့နားကျ ဟိုလိုချဲ့လိုက်၊ ဘာညာနဲ့ သူ့အပြောနဲ့သူတော့ချောလို့။ ကျွန်မတော့ ၀တ္ထုတိုကို ၀တ္ထုရှည် ဖြစ်အောင် ဘယ်လို ကြိုးစားလို့မှ မရေးတတ်ခဲ့တာ အမှန်ပါပဲ။
ဆိုလိုတာကို ကိုဝင်းငြိမ်း သဘောပေါက်မှာပါနော်။ ၀တ္ထုတိုလို ခံစားရေးရင် ၀တ္ထုတိုပဲရမယ်။ အဲဒီဝတ္ထုကို ၀တ္ထုရှည်ဖြစ်အောင် ဖြည့်စွက်ချဲ့ထွင် ပြုပြင်ပြီး ၀တ္ထုရှည်ဖြစ်အောင် ရေးလို့မရဘူး ဆိုတာပါ။
ဝတ္ထုတို ရေးရတာနဲ့ ၀တ္ထုရှည် ရေးရတာမှာ သိသိသာသာ ကွာခြားတာကတော့ အသေးစိတ် ဖွဲ့နွဲ့ ရေးသား တာမှာပါ။ ၀တ္ထုတိုမှာက တိုတိုနဲ့ လိုရင်းရောက်အောင် ကျစ်ကျစ်လျစ်လျစ် ရေးရတော့ အသေးစိတ် ဖွဲ့နွဲ့ ရေးသားတာမျိုး သိပ်မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ဖတ်တဲ့ လူတွေအတွက် အသေးစိတ် ဆက်လက် ခံစားစေဖို့ကို တော့ ဖန်ဆင်းပေးနိုင်တယ်လို့တော့ ကျွန်မ ယူဆပါတယ်။ ၀တ္ထုရှည် ရေးရာ မှာတော့ အသေးစိတ် ဖွဲ့နွဲ့ရေး သားဖို့ အခွင့်သာပါတယ်။ ဒီတော့ စာရေးဆရာ အရေးကောင်းရင် ကောင်း သလောက် စာဖတ်သူ ရင်ထဲမှာ တိုးစေနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ စာဖတ်ပရိသတ် တွေအနေဲ့ ၀တ္ထုတိုထက် ၀တ္ထုရှည်ကို ပိုပြီး စွဲစွဲလမ်း လမ်း ဖတ်ရှုလေ့ရှိကြတယ်လို့ ကျွန်မ ထင်ပါတယ်"
" ဆရာကြီး တစ်ယောက် က ၀တ္ထုတို ရေးရတာ ၀တ္ထုရှည် ရေးရတာထက် ခက်တယ်လို့ ဆိုပါတယ်။ ဆရာမ လက်ခံပါသလား။ ဘာကြောင့်ပါလဲ"
" ကိုဝင်းငြိမ်း ကတော့ ကျွန်မကို တရားခံရှာပြီထင်ပါရဲ့။ ၀တ္ထုတိုရေးရတာ ၀တ္ထုရှည်ရေးရတာထက် ခက်တယ် လို့ ကျွန်မ မပြောရဲပါဘူး။ ဘယ်ဟာပဲဖြစ်ဖြစ် ကျွမ်းကျင်ရာ လိမ္မာဆိုတဲ့ စကားလေးလည်း ရှိသား ပဲနော်"
" ၀တ္ထုတိုမှာ က တစ်ကွက်၊ နှစ်ကွက်လောက်နဲ့ ဖမ်းရတာဆိုတော့ ၀တ္ထုတိုတစ်ပုဒ်ရနိုင်ဖို့ ဆရာမ ဘယ်လို ဖန်တီး ပါသလဲ"
" ဟုတ်ပါတယ်။ ၀တ္ထုတိုမှာက တစ်ကွက်၊ နှစ်ကွက်လောက်နဲ့ အမိဖမ်းရတာပါ။ အဲဒီလို ရင်တွင်းကို ဖျတ်ခနဲ ရိုက်ခတ် တဲ့ ခံစားချက်တစ်ခုကို အရအမိ ဖမ်းပြီး သရုပ်ပေါ်အောင် ရေးရတာဆိုတော့ တစ်ခါ တစ်ခါ အတော့်ကို ပင်ပန်းပါတယ်။ များသောအားဖြင့် ကျွန်မ ရေးခဲ့တဲ့ ၀တ္ထုတိုတွေကို ကျွန်မ ဇွတ် ဖန်တီးယူ ခဲ့တာ မဟုတ်ပါဘူး ကိုဝင်းငြိမ်း။ ရင်တွင်းခံစားချက်ကို သရုပ်ပေါ်အောင် ဖော်ထုတ် ရေးသား ခဲ့တာ တွေသာ ဖြစ်ပါတယ်"
" ဒါဆို ပေဖူးလွှာမှာ ပါခဲ့တဲ့ "အညှာ" ကကော ဆရာမ "
" အညှာ က အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ခံစားချက်ကို ကူးစက်ခံစားပြီး ရေးလိုက်တာပါ။ ကျွန်မတို့ မြန်မာအမျိုးသမီး အိမ်ထောင်ရှင်တွေဟာ အိမ်ထောင်မှုအလုပ်တွေ၊ သားသမီးနဲ့ လင်ယောက်ျား ဝေယျာဝစ္စတွေနဲ့ အချိန်ကုန်လေ့ရှိတာ တစ်ရာမှာ ကိုးဆယ့်ငါးယောက် မဟုတ်လား။ ဒီအလုပ်တွေနဲ့ ကိုယ့် ကျန်းမာရေးလည်း ကိုယ် ဂရုစိုက်ရမှန်းမသိ၊ အိမ်ထောင်မှုထဲပဲ နစ်မွန်းနေကြတာ မဟုတ်လား။ နဂိုကမှ လင်နဲ့မယား သက်တူရွယ်တူ ဆိုရင် မယားက အရွယ်ကျ ရုပ်အိုသွားတတ်ကြတယ်လေ။
အဲဒီအချိန်မှာ လင်တော်မောင်တွေက သဘာဝရဲ့ ဖြစ်မြဲထုံးစံအတိုင်းပေါ့။ အသက်ငါးဆယ်ကျော်ပေမယ့် သန်တုန်း၊ မြန်တုန်း၊ ဖျတ်လတ်တုန်း။ ဒီတော့ "အညှာ" ထဲမှာ ရေးထားသလိုပေါ့လေ။ အိမ်က မိန်းမကို မချစ်တော့ တာလည်း မဟုတ်။ ဒါပေမဲ့ လမ်းလျှောက်ထွက်ရင်း ခင်မင်ခဲ့ရတဲ့ လှလှပပ သွက်သွက် လက်လက် ကောင်မလေး ကေခိုင်လို ဟိုလိုလို သည်လိုလို ဖြစ်လာတယ်လေ။ ကိုဝင်းငြိမ်း ကိုတော့ အားနာပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ ယောက်ျားတွေရဲ့သဘာဝကို တစ်စွန်းတစ်စ ဖော်ထုတ်ပြလိုက်တာပါပဲ။ ဒီဝတ္ထုရဲ့ "အညှာ"က ဒါပါပဲ"
"မူးယစ်၊ အသူရာမဂ္ဂဇင်းတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ၀တ္ထုတိုကလေးတွေ ဆရာမ ရေးတာ ဖတ်လိုက် ရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး မိခင် သားသမီး၊ ပတ်ဝန်းကျင် သုံးဦးအနက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ဆရာမ ယူဆသလဲ "
" ပကတိ ဖြူစင်ပြီး ကြင်နာစရာကောင်းတဲ့ လူငယ်တွေရဲ့ ဘ၀ကို ကျွန်မ စိတ်ဝင်စားပါတယ်။ အထူးသဖြင့် လူငယ်တွေကို အညွန့်တုံးစေရုံသာမက လူဖြစ်ပါရုံ အသက်ဆုံးစေတဲ့အထိ နှိပ်စက်နေတဲ့ မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်တိုက်ဖျက်ရေးမှာ ကျွန်မ တတ်နိုင်တဲ့ဘက်က တာဝန်ယူခဲ့ပါတယ်။ ဒါကြောင့် လည်း ၀တ္ထုလေးတွေ ရေးဖြစ်ခဲ့ပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်ပြီး တာဝန်ရှိတာကတော့ မိဘရော၊ သားသမီးရော၊ ပတ်ဝန်းကျင်ရော သုံးခုစလုံးပါပဲ။ အဲဒီအထဲမှာ အဓိကအကျဆုံးကတော့ ပတ်ဝန်းကျင်ဖြစ်တယ်လို့ ကျွန်မ ယူဆပါတယ်"
" မူးယစ်ဆေးဝါး စွဲတဲ့ လူငယ်တွေကို နိုင်ငံတော်က ကုန်ကျစရိတ် ကျခံပြီး ဆေးဖြတ်ပေးတဲ့ စခန်းတွေ တည်ထောင်ပြီး ဘ၀သစ် ပြန်လည်ထူထောင်နိုင်တဲ့အထိ ပြုစုပျိုးထောင်ပေးနေပါတယ်။ ဒီစခန်းတွေနဲ့ ပတ်သက်ပြီး ဆေးဝါးသုံးစွဲသူတွေဘက်က ဘယ်လို ပူးပေါင်းပါဝင်သင့်တယ်လို့ ဆရာမ မြင်ပါသလဲ"
" ဆေးစွဲသူ ကိုယ်တိုင်က မှန်ကန်တဲ့ အသိတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ကိုယ်တိုင် လာရောက် ဆေးကုသ ခံရင် အကောင်းဆုံးပေါ့။ နစ်နေတဲ့ ရွှံ့ညွန်ပုပ်ကြီးထဲက ရုန်းထွက်ဖို့ ကိုယ်ပိုင်အားမရှိရင် ဘေးက "အား" အကူအညီကို ယူရပါလိမ့်မယ်။ ဆေးစွဲသူတွေ ပတ်ဝန်းကျင်ကောင်းမှာ ပျော်မွေ့စွာ နေထိုင် တတ်အောင် ဆေးဖြတ်စေရုံသာမက ဘ၀သစ် ပြန်လည်ထူထောင်ပေးတဲ့ စခန်းတွေဟာ အားကိုး ရာပဲပေါ့ ကိုဝင်းငြိမ်း "
" ဆရာမ ၀တ္ထု တော်တော်များများမှာ ဒေသန္တရ ဗဟုသုတနဲ့ ပတ်သက်တာတွေ ထည့်ရေးသွားတာတွေ တွေ့ရပါတယ်။ ဥပမာ - "မူးမြစ်ကမ်းသာမှာ"၊ "တကဏန်းက မရှမ်း"၊ "သရက်ခြံက မခင်လှ" စသည်ဖြင့် ပေါ့လေ။ ဒီဝတ္ထုတွေက ဆရာမ သွားရင်းလာရင်း တွေ့ကြုံရတာလေးတွေပေါ်မှာ ဖန်တီးသွားတာလား"
" ဟုတ်ပါတယ်။ ဒေသန္တရ ဗဟုသုတနဲ့ ဘ၀သရုပ်ဖော်လေးတွေ ကျွန်မ ရေးခဲ့ပါတယ်။ ရေးတဲ့နေရာမှာ သွားရင်း လာရင်း ခရီးကြုံကြိုက်လို့ အချက်အလက်တွေကို မှတ်စုစာအုပ်ထဲ ရေးမှတ်ပြီး ရေးခဲ့တာမျိုး မဟုတ်ပါဘူး။ တတ်နိုင်သရွေ့ ကျွန်မ ဇာတ်ကောင်တွေရဲ့ ဘ၀တွေထဲမှာ ကျွန်မပါ စိမ့်ဝင်ခံစားပြီး ရေးခဲ့တာ များပါတယ်။ ဆိုလိုတာက သူတို့ ဘ၀လေးတွေကို အပေါ်ယံရှပ်မြင်တဲ့ အမြင်ကို မရေးဘဲ အတွင်း ကျကျ မြင်နိုင်အောင် ကြိုးစားကြည့်ပြီး ကျွန်မ ရေးခဲ့ပါတယ်။
" တကဏန်း က မရှမ်း" ဆိုပါတော့။ အပေါ်ယံကြည့်တဲ့ အမြင်ဆိုရင် ကောက်စိုက်သမားတွေ တစ်ဖွဲ့ကြီး သီချင်းတကြော်ကြော်နဲ့ ပျော်စရာကြီး၊ ကောင်းကင်ကြီး၊ ကောင်းကင်ကြီးကလည်း ပြာလဲ့လို့၊ လယ်ကွင်းကြီးကလည်း စိမ်းလို့၊ ကောက်ပင်တွေကလည်း ယိမ်းလို့ ဆိုတာမျိုးပေါ့ ကိုဝင်းငြိမ်း။ တကယ် လက်တွေ့ သူတို့ဘ၀ထဲ စိမ့်ဝင်သွားတော့ ရေရှားတဲ့ ဒေသမှာ မူးတွေထဲ (မူးဆိုတာ တူးမြောင်းကို သူတို့ ခေါ်တာပါ) ရေခိုးချိုးကြတာ၊ အပန်းဆီ တက် လို့ ပုဆိုးကြမ်းတွေ (ပုဆိုးကြမ်းကို ထဘီအဖြစ် သူတို့ ၀တ်ကြ ပါတယ်) နတ်ပြီကုန်တာ။ အဲဒီလို ရသ သဘောလေးတွေ အလိုလို ပါလာတော့တယ်။ ဒါက ကျွန်မ ၀တ္ထုတို ရေးတဲ့ ပုံစံပြောမလား၊ ရေးပုံရေးနည်း ပြောမလား၊ မပြောတတ်ဘူး"
" ဆရာမ ၁၉၈၁ ခုနှစ်အတွက် ၀တ္ထုတိုပေါင်းချုပ်ဆု ရတာ "စံပယ်တစ်ကုံး၊ ဂမုန်းတစ်ပွင့်"နဲ့နော်"
" ဟုတ်ပါတယ် "
" အဲဒီဝတ္ထုတိုလေးတွေထဲက အချို့ကို ဆွေးနွေးချင်ပါတယ် "
" ဆေါးနွေးပါ ကိုဝင်းငြိမ်း၊ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သူတွေ အတော်များပါတယ်။ အင်းတော်မြို့က တက်ထွန်းစာပေ အဖွဲ့သားများကဆို ဆွေးနွေး မေးမြန်းချက်တွေကို စာရေးပြီးတောင် ပို့ ပါတယ်။ အင်မတန် အဖတ်နည်းတဲ့၊ လူကြိုက်နည်းတဲ့ ၀တ္ထုတိုပေါင်းချုပ်လို စာအုပ်မျိုးကို စိတ်ဝင်တစား ဖတ်ကြ၊ ဆွေးနွေးကြဆိုတော့ ကျွန်မ သိပ်ဝမ်းသာရပါတယ် "
" တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်လို့ ခေါင်းစဉ်ပေးထားတဲ့ ၀တ္ထုကလေးမှာ အိမ်မှာ မွေးစားထားတဲ့ သိန်းသိန်း ဆိုတဲ့ အပျိုပေါက်ကလေး တစ်ယောက် ရေစည်လှည်း တိုက်ရတဲ့ ရေသည်ကောင်လေးနဲ့ ကြိုက်ကြတာ ကို မွေးစားတဲ့ အပျိုကြီးက သိသွားတော့ နည်းမျိုးစုံနဲ့ ဆုံးမတယ်။ ကောင်လေးမှာ ၀င်ငွေ နည်းပုံ၊ မိသားစုတာဝန်ကြီးပုံ စသဖြင့်ပေါ့လေ။ ဒါပေမဲ့ သိန်းသိန်းက ခြင်ထောင်လေး တစ်လုံးတည်း ယူပြီး ကောင်လေးနောက် လိုက်ပြေးသွားတယ်။
ဒီနေရာမှာ ဆုံးမတာနဲ့ ပတ်သက်ပြီး နှစ်မျိုး ရေးသွားတာ တွေ့ရတယ်။ အပျိုကြီးရဲ့ ညီမ အိမ်ထောင်သည်က သိန်းသိန်းကို တစ်နည်းနဲ့ ဆုံးမပြီး အပျိုကြီးက တစ်နည်း ဆုံးမတယ်။ လူငယ်ရဲ့ စိတ်ဓာတ် ကလည်း အခက်သားပဲ။ တစ်ခါတလေ ကိုယ်က ဆုံးမတာပေမယ့် ဆုံးမတဲ့ စကားကိုက လမ်းဖွင့် ပေးလိုက်သလို ဖြစ်သွားတတ်တယ်။ ဒီဝတ္ထုမှာ သိန်းသိန်းကို ကိုင်တွယ်နည်း မှားသွားလို့ အမြန်ဆုံး လိုက်ဖြစ်သွားတယ်လို့ ကျွန်တော် ထင်ပါတယ်။
အဲဒီတော့ ဆရာမအနေနဲ့ ရည်းစားထားတဲ့ အပျိုပေါက်၊ လူပျိုပေါက် အထူးသဖြင့် မိန်းကလေးတွေကိုပေါ့ လေ၊ ဆုံးမတဲ့နေရာမှာ ဘယ်လို ကိုင်တွယ်သင့်တယ်လို့ ယူဆပါသလဲ"
" တစ်ကမ္ဘာလုံး နဲ့ တစ်ယောက်ရဲ့ ဆိုလိုချက်ကို ကိုဝင်းငြိမ်း နားလည်လိုက်တာနဲ့ ကျွန်မ ပြောချင်တာ နည်းနည်း လွဲ သွားတယ် ထင်ပါတယ်။ ကျွန်မ ပြောချင်တာ ကောင်မလေး သိန်းသိန်းရဲ့ မေတ္တာစစ်ကို ဖော် ချင်တာပါ။
သိန်းသိန်း ကြိုက်နေတဲ့ ကောင်လေးက သိပ်ဆင်းရဲတယ်။ ရေစည်တိုက်ပြီး သူညီ သူ့ညီမလေးတွေကို ကျွေး မွေးရတယ်။ ဒီတော့ သိန်းသိန်းကို မွေးစားထားတဲ့ အိမ်က ဒီကောင်လေးနဲ့ သဘောမတူဘူး။ သူတို့ ကလည်း သိန်းသိန်းကို တူမလေးလို၊ ညီမလေးလို ရွှေနဲ့ ငွေနဲ့ တန်းတူရည်တူ ထားတာကိုး။ ကောင်လေးနဲ့ ယူရင် ဆင်းရဲမှာ စိုးလို့ အမျိုးမျိုး တားကြတယ်။ ဒါပေမဲ့ ကောင်လေးကို ပြန်ချစ်နေမိတဲ့ သိန်းသိန်းက ခြင် ထောင် တစ်ခုတောင် မရှိဘဲ သူ့ညီလေးနဲ့အတူ ခြင်ကိုက်ခံပြီး အိပ်ရရှာတဲ့ ကောင်လေးအတွက် ခြင်ထောင် လေး တစ်ခုတည်းကိုပဲ ယူပြီး ခိုးရာလိုက်သွားတယ်။ ကျန်တဲ့ ရွှေ ငွေ တွေထားခဲ့တယ်။
ဒါကြောင့် ဒီဝတ္ထု မှာ ကျွန်မ သရုပ်ဖော်ချင်တာက မေတ္တာရေးပါ။ ကြင်နာချစ်နဲ့ ချစ်တဲ့ သိန်းသိန်းရဲ့ အဖြေပါ။ ခုခေတ်လူငယ်တွေရဲ့ အလွန်ပွင့်လင်းရဲတင်းတဲ့ ရည်းစားထားတမ်း ကစားတတ်ကြတဲ့ ပြဿနာ ကိုလည်း ကျွန်မ ဘယ်လို ကိုင်တွယ်ရမယ် မပြောတတ်သေးပါဘူး "
" ကျေးဇူးတင်ပါတယ် ဆရာမ။ "အရောင်မဲ့ အရိပ်"ကို ဆက်လိုက်ကြရအောင်။ ဒီဝတ္ထုမှာ ခင်ပွန်းသည်ရဲ့ အရိပ် ကို ခိုနေခဲ့တဲ့ အရာရှိကတော်ကြီးတစ်ယောက် ခင်ပွန်းသည် ပင်စင်ယူလိုက်ချိန်မှာ မနေတတ် မထိုင် တတ် ဖြစ်ရပုံနဲ့ သူ့သူငယ်ချင်း ဆရာမတစ်ယောက်နဲ့ တွေ့တော့မှ ကိုယ်တိုင် အလုပ်လုပ်ခြင်းရဲ့ တန်ဖိုး ကို နားလည်လာရကြောင်း ဖော်ပြထားတယ်။
မြန်မာ အမျိုးသမီး အများစုဟာ ခင်ပွန်းသည်ရဲ့ အရိပ်ကို မှီခိုနေတတ်ကြပါတယ်။ လင်သား ပြုစုခြင်း သည်သာ သူတို့တာဝန်လို့ ယူဆကြပါတယ်။ အိမ်ထောင်သည် တစ်ယောက်ဖြစ်တဲ့ ဆရာမအနေနဲ့ ဒီအယူအဆ အပေါ် ဘယ်လို မြင်ပါသလဲ "
" အရောင်မဲ့ အရိပ် ၀တ္ထုကို ရေးဖြစ်တဲ့ ကျွန်မရဲ့ စေတနာက အမျိုးသမီးတွေဟာ သူတို့ ခင်ပွန်းသည် တွေရဲ့ အရိပ်သာ ဖြစ်မနေသင့်ဘူး။ သူတို့ ကိုယ်တိုင်ကလည်း အလင်းရောင် ဖြန့်ဝေနိုင်တဲ့သူ တွေသာ ဖြစ်သင့်တယ် ဆိုတဲ့ စေတနာပါပဲ ကိုဝင်းငြိမ်း။
ကျွန်မတို့ မြန်မာ အမျိုးသမီးအများစုဟာ ခင်ပွန်းသည်ရဲ့ အရိပ်ကို မှီခိုပြီး အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ ကိစ္စတွေနဲ့သာ နစ်မြှုပ်နေကြတာ အမှန်ပဲ။ အထူးသဖြင့် အိမ်ထောင်ကျသွားပြီဆိုရင် လင်သား ပြုစုခြင်းကို အဓိကထားပြီး အိမ်ထောင်ရေးကမ္ဘာ ကျဉ်းကျဉ်းလေးထဲမှာပဲ ၀ဲလည် နေကြတော့တာပါပဲ။ ဒီလိုနဲ့ပဲ သူတို့မှာ ရှိတဲ့ စွမ်းအားတွေဟာ မှေးမှိန်ကုန်ကြရတာ များပါတယ်။
အမှန် မှာ လင်ရယ်၊ မယားရယ် ဆိုတာ နှစ်ယောက်စလုံးဟာ တစ်ယောက်စီအတွက် တစ်သက်တာ လက်တွဲရမယ့် အဖော်တွေချည်း ဖြစ်ပါတယ်။ " အဖော် " ဆိုတာနဲ့ "အလုပ်အကျွေး" ဆိုတာ အများကြီး ခြားနားတယ်ဆိုတာ ကိုဝင်းငြိမ်းလည်း သိပြီးသားပါနော်။ ခံစားစရာရှိလည်း အတူတူ၊ စံစားစရာရှိလည်း အတူတူ၊ ဘယ်သူမှ သခင်မဟုတ်သလို ဘယ်သူမှလဲ အခိုင်းအစေ မဟုတ်ဘူး။ ကျွန်မ ပြောချင်တာက အဲဒါပါ"
" ဒီနေ့ မဂ္ဂဇင်းတွေမှာ ပါဝင်နေကြတဲ့ ၀တ္ထုတိုတွေနဲ့ ဆရာမတို့ စာရေးစချိန်က ၀တ္ထုတိုတွေရဲ့ ခြားနားချက် ကို ဘယ်လို မြင်ပါသလဲ "
" ဟုတ်တယ်၊ နှစ်ပေါင်း အစိတ် သုံးဆယ်လောက်အတွင်းမှာ အတော်ကြီးကို ခြားနားခဲ့ပါပြီ။ ကျွန်မတို့ စာရေးစ အချိန်တုန်းက ၀တ္ထုတိုလေးတွေဟာ ပြည်သူကို ကိုယ်စားပြုတဲ့ ဇာတ်လမ်းဇာတ်ကွက် အလွန် နည်း ပါးပါတယ်။ ပုဂ္ဂလိက ခံစားချက် အချစ်ဝတ္ထုတွေများပါတယ်။ ဒါပေမဲ့ အရေးအဖွဲ့ စေ့စပ် သိပ်သည်းပြီး စွဲငြိ စေပါတယ်။
အဲဒီ အချစ်ဝတ္ထုတွေထဲကနေ ထူးထူးခြားခြား ထွန်းပေါက်လာတဲ့ ဆရာကြယ်နီတို့၊ ဆရာမင်းရှင်တို့၊ ဆရာ သာဓု တို့၊ ဂျာနယ်ကျော်မမလေးတို့ရဲ့ ဘ၀သရုပ်ဖော် ၀တ္ထုတိုမျိုးလေးတွေကတော့ "ရှိတော့ ရှိတယ်၊ ရှား တယ်" ဆိုတာမျိုးလိုပေါ့လေ။
အခု ဒီဘက်ခေတ်မှာတော့ ပြည်သူ့ကိုယ်စားပြု ဘ၀သရုပ်ဖော် ၀တ္ထုတိုလေးတွေ၊ အတွေးအခေါ် ရင့်သန် စေတဲ့ ၀တ္ထုတိုလေးတွေ၊ အသိတရား ပွားစေတဲ့ အကျိုးပြု ၀တ္ထုတိုလေးတွေ အများကြီး တွေ့လာရလို့ ကျေနပ် ရပါတယ်။ အရေးအသားဟန်ကလည်း စကားလုံး နုနုလှလှနဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးကြရာကနေ ရှင်းရှင်း လင်းလင်း သွက်သွက်လက်လက် မြူးလာကြတယ်လို့ ကျွန်မ မြင်ပါတယ်"
" အမျိုးသားစာပေဆု ရပြီးတဲ့ စာရေးဆရာမတစ်ယောက်အနေနဲ့ ဒီနေ့ မြန်မာစာပေလောကကို ဘယ်လို မြင်ပါသလဲလို့ "
" ဒီမေးခွန်းကတော့ ကျွန်မအတွက် အတော့်ကို အဖြေရခက်စေတဲ့ မေးခွန်းပါပဲ ကိုဝင်းငြိမ်းရေ၊ ဒီနေ့ မြန်မာ စာပေလောကအပေါ် ကျွန်မ အမြင်ဆိုတော့ ပထမတန်း တက်ခါစကလေးကို ဆယ်တန်းစာမေးပွဲ ဖြေခိုင်း သလို ဖြစ်နေပြီ။ မေးခွန်းက အဆင့်မြင့်လွန်းပါတယ်။ ဒီမေးခွန်းကို ကျွန်မထက် ပိုဝါရင့်ပြီး မြန်မာစာ ပေလောကကို ပိုကျွမ်းကျင်တဲ့ စာရေးဆရာကြီးတွေ ဖြေဖို့ ချန်ခဲ့ပါရစေ"
" ဒါဆို ဒီနေ့ စာပေလောကထဲ ၀င်ရောက်ဖို့ ကြိုးပမ်းနေကြတဲ့ စာရေးချင်သူတွေအတွက် ဘယ်လိုများ အဘကံပေးချင်ပါသလဲ "
" စာရေးချင်သူတွေဟာ စာကို များများ ဖတ်ရပါမယ်။ များများ လေ့လာရပါမယ်။ ကျယ်ပြန့်လှတဲ့ ဘ၀အထွေထွေကို နှိုက်နှိုက်နဲနဲ ကြည့်ခံစား၊ ပြီးတော့ စေတနာမှန်မှန်နဲ့ ရေးတတ်ဖို့ ကြိုးစားရမယ်။ ပြီးတော့ ဇွဲ၊ စာရေးချင်သူ တစ်ယောက်ဟာ ဇွဲလည်း ရှိရပါမယ်။ အမှန်မှာတော့ တကယ် စာရေးချင်သူတွေ ဟာ ဘယ်လောက်ပဲ အပယ်ခံရပါစေ ရေးနေမှာပါပဲ။
စာရေးချင်စိတ်ဟာ အသည်းနှလုံးပေါ်မှာ ပေါက်လာတဲ့ ယားနာတစ်မျိုးပါပဲ။ ရေးကို ရေးရမှ၊ ရေးနေရမှ ယားနာ သက်သာပါတယ်။ နောက်တစ်ခုက စာရေးတဲ့ အတတ်ပညာမှာ "ပုံသေနည်း" မရှိပါဘူး။ ဒါပေမဲ့ စည်းကမ်းသိက္ကခာတော့ ရှိရပါမယ်။ စည်းကမ်းဆိုတာက မြန်မာစာ ရေးထုံး စည်းစနစ် မှန်ကန်ဖို့ပါပဲ။ အဲဒီ အထဲမှာ ၀ါကျ မှန်ကန်စွာ တည်ဆောက်တတ်ဖို့နဲ့ ဝေါဟာရ အသုံးအနှုန်းတွေ မလွဲမှားစေဖို့ ဆိုတာ တွေလည်း အကျုံးဝင်ပါတယ်။
သိကခာဆိုတာကတော့ စာပေသိက္ခာပါ။ စာရေးချင်သူဘက်က စောင့်ထိန်းရမယ့် အကျင့်တရားပါ။ ဘာ တွေ စောင့်ထိန်းရမယ်၊ ဘယ်လို ဆိုတာတွေကတော့ အများသဘောပေါက်နားလည်ပြီးသားလို့ ကျွန်မ ထင်ပါတယ် ကိုဝင်းငြိမ်း။
ဝတ္ထုတစ်ပုဒ်ဟာ မြန်မာစာ အရေးအသားလည်း မှန်ကန်မယ်၊ အကြောင်းအရာအချက်အလက်လည်း မလွဲဘူး၊ ဇာတ်လမ်း ဇာတ်ကွက် အချိတ်အဆက် မိအောင်လည်း ရေးသားနိုင်တယ်ဆိုရင် ဒီဝတ္ထုဟာ အောင်မြင်တာပါပဲ။ များသောအားဖြင့် ၀တ္ထုတစ်ပုဒ် အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာကို အဲဒီ ထောင့်သုံးထောင့်က ကြည့်ပြီး မြင်တဲ့အမြင်နဲ့ အကဲဖြတ်လေ့ရှိပါတယ်။ သုံးဖက်မြင် ဆိုပါတော့ ကိုဝင်းငြိမ်း။ ဒါပေမဲ့ ကြာရှည်ခိုင်ခံ့ကျန်ရစ်တဲ့စာမျိုး ဖြစ်ဖို့ကတော့ သုံးဖက်က ကြည့်လို့ မြင်ရတဲ့ အလှ သာမက မမြင်ရတဲ့ အလှတစ်မျိုးပါ ရှိဖို့ လိုအပ်ပါဦးမယ်။
အဲဒီ မမြင်ရတဲ့ ခံစားရုံသာ ခံစားနိုင်တဲ့ အလှကတော့ စာရေးသူရဲ့ စေတနာအလှပါပဲ။ တစ်နည်း ပြောရမယ်ဆိုရင်တော့ ရည်ရွယ်ချက်ကောင်းပေါ့လေ။ စေတနာအလှကိုပါ ထည့်သွင်းရေးသားနိုင်တဲ့ စာရေးဆရာရဲ့ စာပေမျိုးဟာ ထာဝရ တင်ကျန်ရစ်မှာပါ။ "သုံးဖက်မြင်၊ လေးဖက်လှ" စာမျိုး ရေးသားနိုင် အောင် ကြိုးစားကြပါလို့ အကြံပေးချင်ပါတယ် "
" ကျေးဇူးပါပဲ ဆရာမ၊ တွေ့ဆုံပေးခြင်း ကဏ္ဍအတွက် အချိန်ပေးခဲ့တဲ့အတွက် ပေဖူးလွှာ စာချစ်သူများနဲ့ အတူ ကျေးဇူးတင်ပါတယ် "
ပေဖူးလွှာ မဂ္ဂဇင်း၊ အမှတ်-၃၀၊ နိုဝင်ဘာလ၊ ၁၉၈၃ ခုနှစ်။
Credit:shwezinu.blogspot.com
Comments
Popular posts from this blog
မြန်မာစာ ဆင်းရဲကြပုံများ
ကျွန်တော်နှင့် OG Ward
အက်ဆေး (သို့) ရသစာတမ်းအကြောင်း