ဘဝသင်ခန်းစာ(၈၈)

ဘဝသင်ခန်းစာ(၈၈)    
               
           အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်သည် သူ့ ရင်သွေးကို ပုခက်ထဲထည့်သိပ်ခဲ့ ပြီး
ခြံထဲက ရေဘုံပိုင်မှာ အဝတ်တွေလျှော်နေသည်။
ထိုသို့လျှော်ဖွပ်နေသည်ကို အမေဖြစ်သူ အဖွားအိုက မြင်၍ နေပူထဲ အဝတ်မလျှော်ဖို့ရန် ပြောသည်။
သမီးဖြစ်သူက ဘာမှမဖြစ်ပါဘူး ဟုဆိုကာ လျှော်မြဲလျှော်နေသည်။ အမေဖြစ်သူကလည်း
"ဟဲ့ နေပူထဲမလုပ်ပါနဲ့ နေထိုင်မကောင်းဖြစ်လိမ့်မယ်"
သမီးဖြစ်သူက အမေ့စကားကို မကြားချင်ယောင်ဆောင်ကာ ဆက်လျှော်နေတော့သည်။ သူမမှာ လုပ်စရာ တခြားအိမ်အလုပ်တွေ ရှိသေးသည် မဟုတ်လား။ နောက်ပြီး သူမသမီးလေးအိပ်နေတုန်း လျှော်ရသည် မဟုတ်လား။ သို့သော် ခဏအကြာတွင် သမီးငယ်၏ ငိုသံကိုကြားရတော့သည်။ ငိုသံကြားရာသည် အိမ်ထဲပုခက်ထဲမှ မဟုတ်၍ကြည့်လိုက်မိတော့ နေပူထဲရောက်နေသည့် သမီးငယ်ကို တွေ့လိုက်ရသည်။ အနီးအနားတွင် သူမ၏အမေ အဖွားအိုကို တွေ့လိုက်ရသဖြင့် အပြေးအလွှားသွားကာ ကလေးကို ပွေ့ချီလိုက်သည်။ တဆက်ထဲ သူမအမေကို ရန်လုပ်လိုက်သည်။
" အမေရယ် ရက်စက်လိုက်တာ၊ ဘယ်လိုလုပ်လိုက်တာလဲ ကျွန်မသမီးလေးကို၊ သူ့ခမျာ နေပူထဲ ဘယ်လောက်ပူရှာလိုက်မလဲ…"
စသည်ဖြင့် မချိတင်ကဲ ရေရွတ်သည်။ ထိုအခါတွင်မှ အဖွားအိုက ပြောသည်။
"အေး… အခု ညည်းခံစားရသလိုပဲ။ နေပူထဲအဝတ်လျှော်နေတဲ့ ညည်းကိုမြင်နေရတဲ့ ကျုပ်က စိတ်ချမ်းသာမယ် ထင်လား…"

Credit to Original Uploder
(PS: မိခင်ဆိုတာ ဒီအတိုင်းပါပဲ။ သုံးရက်လောက်ဖျားနေတဲ့ သူ့မြေးကို လာကြည့်တဲ့ ယောက္ခမကြီးကိုမြင်ပြီး ဒီပို့စ်ကို တင်ဖြစ်တာပါ။ တကယ်တော့ သူကိုယ်တိုင်လည်း သိပ်နေကောင်းတာ မဟုတ်ဘူးရယ်။ ဒါပေမယ့် သူ့သမီးက ကလေးအတွက် စိတ်ပူနေမှန်းသိတော့ ရောက်လာတာပါ။)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း