ဘဝသင်ခန်းစာ(၉၂)

ဘဝသင်ခန်းစာ(၉၂)

         အိမ်ငှားများ စုဝေးနေထိုင်ကြသည့် အိမ်ယာတစ်ခုတွင် စာရေးဆရာနှင့် အိမ်ခန်းကပ်လျက် နေသူမှာ အရက်သမားဖြစ်သည်။ စာရေးဆရာ၏ ဇနီးသည်မှာ သဘောမဆိုးသော်လည်း စကားတော့ လွန်စွာများသည်။ ထို့အတူ အရက်သမား၏ ဇနီးသည်မှာလည်း နှုတ်အာကြမ်းသည်မှ လွဲ၍ စိတ်ထားမဆိုးသူ ဖြစ်သည်။
တစ်နေ့ ညနေစောင်းတွင် စာရေးဆရာက ဝရန်တာတွင် စားပွဲခုံလေးချကာ စာရေးနေစဉ် သူ့အမျိုးသမီးက အိမ်ထဲဧည့်ခန်းတွင် မီးပူတိုက်နေသည်။ နှုတ်မှလည်း မနက်ခင်းပိုင်းက ဈေးထဲတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ခရားရေလွှတ် တတွတ်တွတ် ပြောနေသည်။ စာရေးဆရာမှာ သူ့အမျိုးသမီးစကားကို အင်းလိုက်ရင်း ရေးနေသည့် ဇာတ်လမ်းမှာ ရှေ့ဆက်မရဖြစ်နေသည်။ ထို့အတူ တစ်ဖက်ခန်းဝရန်တာတွင် အရက်သောက်နေသည့် အရက်သမားမှာလည်း စိတ်တိုနေသည်ရော အရက်သောက်နေသည့် အရှိန်နှင့်ပေါင်းကာ မျက်ထောက်နီကြီးနှင့် ဖြစ်နေသည်။ သူ့အမျိုးသမီးက မီးဖိုခန်းထဲမှ ထမင်းဟင်းချက်ရင်း အသံကျယ်ကြီးဖြင့် စကားလှမ်းပြောပြောနေသောကြောင့် စည်းစိမ်ပျက်သည်ထင်ကာ ဒေါသထွက်နေခြင်း ဖြစ်သည်။ သည်းမခံနိုင်သည့်အဆုံး...
" ဟေ့ မင်းပါးစပ် ပိတ်မလား၊ မပိတ်ဘူးလား၊ ငါထရိုက်လိုက်ရ...တောက်..."
ရုတ်တရက် မီးဖိုခန်းထဲမှ အသံတိတ်သွားသော်လည်း ငရုတ်ဆုံထောင်းသံ၊ ထမင်းအိုးဖုံးလွှတ်ချသံက ပို၍ ကျယ်လာသည်။ သေချာသည် ခဏကြာလျှင် ဒီထက်ဆူညံသော အသံဗလံတို့နှစ်ယောက်စလုံးထံမှ ထွက်လာတော့မည်။ စာရေးဆရာက အရက်သမားအိမ်နီးချင်းအကြောင်းတွေးလိုက်ရင်း ဘောလ်ပင်ကို ချထားလိုက်သည်။ တစ်ဆက်တည်း စကားအမျှင်မပြတ်အောင် ပြောနေသည့် သူ့အမျိုးသမီးကို လှမ်းပြောလိုက်သည်။
" ချစ်သဲရေ မှတ်မိသေးလား..."
" ဘာကိုတုန်း မောင်ရဲ့၊ စကားက အရင်းမရှိ၊ အဖျားမရှိနဲ့..."
" မောင်အခု စာရေးရင်း ကျောင်းတုန်းက မင်းပုံစံလေး ပြန်မြင်မိလို့ကွ..."
" ဟွန်း စိတ်ကူးတော်တော်ယဉ်..."
" ဟုတ်တယ်ကွ၊ ချစ်သဲက သူငယ်ချင်းတွေထဲမှာဆို အသံအတိတ်ဆုံးပဲ၊ နှုတ်ခမ်းလေးစိထားပြီး ပြုံးနေရင် တအားချစ်စရာကောင်းတာကွ..."
" ခုကျတော့ ပုံပျက်ပန်းပျက်မို့ ချစ်စရာ မကောင်းတော့ဘူးပေါ့...အဲလိုလား..."
" မဟုတ်ဘူးကွ၊ မိန်းမတွေ ဘယ်လောက်အသက်ကြီးကြီး ပုံသိပ်မပြောင်းတာ နှုတ်ခမ်းကွ၊ တစ်ခါတစ်လေ ချစ်သဲ နှုတ်ခမ်းလေးစိပြီးပြုံးနေရင် သိပ်အူယားတာပဲ..."
" ဟွန်း...ဟုတ်လည်း ဟုတ်ဘဲနဲ့..."
ထို့နောက် စကားသံများ တိတ်ဆိတ်သွားလေသည်။ တစ်ဖက်ခန်းမှ စကားများသံတို့ကမူ ပိုဆူလာသည်။ ခဏအကြာတွင် စာရေးဆရာရှေ့ရှိစားပွဲပေါ်သို့ စားချင်စဖွယ်သုပ်ထားသည့် လက်ဖက်သုပ်တစ်ပွဲနှင့် အငွေ့တထောင်းထောင်းထနေသည့် ရေနွေးတစ်ခရား ရောက်လာလေတော့သည်။ ရေနွေးခရားလာချစဉ် စာရေးဆရာ၏ အမျိုးသမီးမျက်နှာမှာ ပြုံးယောင်ယောင်လေးဖြစ်နေသည်။ ထို့နောက် နှုတ်မှ မပွင့်တစ်ပွင့်ဖြင့်...
" မောင်... စားလေ..."
တစ်ဖက်ခန်းမှ လင်မယားမှာမူ ဝုန်းဒိုင်းကျဲနေတော့သည်။


(PS:အလှတရားကို ဖော်ထုတ်တတ်ပါစေ။ သို့မဟုတ် အကျိုးရှိသောစကားကို ဆိုတတ်ပါစေ။)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://www.facebook.com/authorshintnyolay

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း