ကိုယ့်စာကို အဓိပ္ပါယ်ဖွင့်ကြည့်ခြင်း
ကိုယ့်စာကို
အဓိပ္ပါယ်ဖွင့်ကြည့်ခြင်း
မနေ့က ဒီစာတိုလေးကို ကျွန်တော့်ရဲ့ (Page) မှာ တင်လိုက်တယ်။
အကြောင်းအရာ(၁)
မှားယွင်းမှုတွေကို မုန်းတယ်။
ခံယူချက်(၁)
ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်မလွှတ်ဘူး။
ခံယူချက်(၂)
တပါးသူကိုလည်း ခွင့်မလွှတ်ဘူး။
အသိပေးချက်(၁)
မင်းမှားယွင်းခဲ့တဲ့အမှားက
သိပ်ကိုကြီးတယ် အချစ်ရယ်။
အသိပေးချက်(၂)
ဒါပေမယ့် ကိုယ်ခွင့်လွှတ်ပါတယ်။
ပိုမြတ်နိုးမိပါတယ်။
ဖြေရှင်းချက်(၁)
အကြောင်းက.....
........................
........................
မင်းကိုယ့်ကို ခုချိန်ထိ
စူးစူးနစ်နစ်(လေးလေးနက်နက်) ချစ်နေခဲ့တာ ရတုအဆက်ဆက် တိုင်ခဲ့ပြီလေ...။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၁၈.၁၂.၂၀၁၇ နံနက် ၁၀း၃၈မိနစ်)
ညပိုင်းကျ ကိုယ့်ရဲ့ အရင်းနှီးဆုံး
သူစိမ်းကြီးနဲ့ စကားပြောဖြစ်တော့ သူကမေးတယ်။ အဲဒါကို ဘာကို ရေးတာလဲတဲ့။
အဓိပ္ပါယ်ကောက်မရဘူးတဲ့။ ကိုယ်လည်း လေသွားတယ်။ အဲဒါ မထူးဆန်းတဲ့ အကြောင်းအရာကို
ပုံစံတစ်မျိုးနဲ့ တင်ပြတာလို့။ သူကတော့ ပြောပါတယ်။ ဘာတွေမှန်းလည်း မသိဘူးတဲ့။
ကျွန်တော့် (Fan) တွေထဲမှာလည်း သူလိုခံစားချက်မျိုး၊ အတွေးမျိုး တွေးမိတဲ့သူလည်း
ရှိနိုင်တယ် ထင်မိတော့ ဒီစာလေးကို ရေးဖြစ်တာပါ။ ဘာမဟုတ် ညာမဟုတ်လေးကို
ဇာချဲ့တယ်လည်း မထင်ပါနဲ့။
နံပါတ်တစ် အကြောင်းအရာက
မှားယွင်းမှုတွေကို မုန်းတယ်ဆိုပြီး မကွယ်မဝှက် ပြောပြတာပါ။ ရေးသူရဲ့
စိတ်ခံစားချက်ကို ပြောပြလိုက်တာပါ။ မှားယွင်းမှုတွေကို မုန်းတယ်။
ဘယ်မှားယွင်းမှုကိုမှ သီးမခံနိုင်ဘူး၊ ခွင့်မလွှတ်နိုင်ဘူး။ (Sensitive) ဖြစ်တယ်ပေါ့။
နံပါတ်နှစ်မှာတော့ ခံယူချက်(၁)လို့
ခေါင်းစဉ်တပ်ပြီး ကိုယ့်ခံယူချက်ကို ပြောပြတဲ့ဟန်ပါ။ အဲလိုမှားယွင်းမှုတွေ
ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ်တောင် ခွင့်မလွှတ်ဘူးဆိုပြီး ရေးလိုက်တာပါ။
နံပါတ်သုံးမှာတော့ ခံယူချက်(၂)ဆိုပြီး
ထပ်ဖွင့်တယ်။ အဲဒါကတော့ မှားယွင်းမှုတွေ ကြုံခဲ့ရင်၊ ဖြစ်ခဲ့ရင် တခြားသူ၊
တပါးသူကိုလည်း ခွင့်မလွှတ်ကြောင်း ရေးပြတာပါ။ တချို့က တစ်ခုခုမှားရင် (It's my
fault) ပေါ့။ တချို့ကတော့ အဲဒါ မင်းကြောင့် ဆိုပြီး တခြားသူကို အပြစ်ပုံတတ်တယ်။
အခု စာရေးသူကတော့ အမှားအယွင်း တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ရော၊ တပါးသူကိုရော
ခွင့်မလွှတ်နိုင်သူပါ၊ ခွင့်မလွှတ်တတ်သူပါ၊ အမြင်ကျဉ်းသူပါ၊ (Sensitive) ဖြစ်သူပါ
ဆိုပြီး ရေးထားတာပါ။
နံပါတ်လေးမှာတော့
အသိပေးချက်(၁)ဆိုပြီး ဆက်ရေးတယ်။ အမှားကြီးတစ်ခုကို မင်းကြူးလွန်မိတဲ့အကြောင်း
အသိပးလိုက်တာပါ။ သူသတိပေးလိုက်သူကလည်း တခြားသူ မဟုတ်ပါဘူး။ သူ့ရဲ့ ချစ်သူပါ။
ရေးထားတဲ့အထဲမှာ မင်းမှားယွင်းတဲ့အမှားက သိပ်ကိုကြီးတယ် အချစ်ရယ် ဆိုတဲ့အတွက်
စာရေးသူ(ကာယကံရှင်)ကလည်း သူ့ချစ်သူကို ချစ်ခင်နှစ်သက်ကြောင်း၊
ချစ်မြတ်နိုးကြောင်းကို (အချစ်ရယ်)ဆိုတဲ့ စကားလုံးလေးနဲ့ ဖော်ပြထားပါတယ်။
နံပါတ်ငါးမှာတော့ အသိပေးချက်(၂)ကို
ဆက်ရေးထားပါတယ်။ သူဆက်ရေးထားတာက သူခွင့်လွှတ်ပါတယ်၊ သူပိုပြီး မြတ်နိုးမိပါတယ်တဲ့။
တမျိုးကြီးပဲပေါ့။ အမှားအယွင်းကို မနှစ်သက်သူတစ်ယောက်က သူ့ချစ်သူမှားတဲ့အမှားကိုကျ
ခွင့်လွှတ်ပါတယ်တဲ့၊ ပြီး ပိုတောင် မြတ်နိုးမိပါတယ်တဲ့။ ဘယ်လောက် ဘက်လိုက်
လိုက်သလဲ။ ဘယ်လောက် ရှေ့နောက် မညီလိုက်သလဲ။ စောစောတုန်းက ပြောထားတာက အမှားတစ်ခုခု
လုပ်ခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ရော၊ သူတပါးကိုရော ခွင့်မလွှတ်ဘူးလို့ ရေးထားတာကိုး။
ခုကျ တမျိုးပါလား။ ဘယ်လို အမှားမျိုး သူ့ချစ်သူ ကျူးလွန်မိလို့
ခွင့်လွှတ်တာပါလိမ့်၊ ပိုမြတ်နိုးမိပါလိမ့်။ ခင်ဗျား စိတ်မဝင်စားပေမယ့်
ကျွန်တော်တော့ စိတ်ဝင်စားသလို ဖြစ်လာပြီ(ကိုယ်ရေးထားတာကိုး
စိတ်ဝင်စားရမှာပေါ့...ဟားဟား)။ ဆက်ဖတ်ကြည့်ရအောင်။
နံပါတ်ခြောက်မှာတော့
ဖြေရှင်းချက်(၁)ဆိုပြီး ဖြေရှင်းထားပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့
စာရေးသူရဲ့ချစ်သူက သူ့ပေါ်(စာရေးသူအပေါ်)ကို ချစ်နေလို့ပါတဲ့။ ခုချိန်ထိ
လေးလေးနက်နက်၊ စွဲစွဲမြဲမြဲ၊ စူးစူးနစ်နစ် ချစ်နေတုန်းမို့လို့ပါတဲ့။ စာရေးသူရဲ့
ချစ်သူက အမျိုးသားလည်းဖြစ်နိုင်တယ်၊ အမျိုးသမီးလည်း ဖြစ်နိုင်တယ်။ တစ်ချိန်ကတော့
ကောင်ကလေး၊ ကောင်မလေးပေါ့။ ခုချိန်မှာတော့ အမျိုးသား၊ အမျိုးသမီးပေါ့။ အဖိုးကြီး၊
အဖွားကြီးလည်း ဖြစ်နိုင်ပါတယ်။ စာရေးသူ ရေးထားတဲ့အထဲမှာ
ရတုအဆက်ဆက်တိုင်ခဲ့ပြီလေဆိုတော့ နှစ်ပေါင်းများစွာကြာနေပြီပေါ့။ သူတို့ဟာ
ဖူးစာဆုံချင်လည်း ဆုံပါမယ်။ ဖူးစာ မဆုံဖြစ်ခဲ့ရင်လည်း တစ်ဦးကို တစ်ဦး သတိရနေ၊
အမှတ်ရနေကြတဲ့အကြောင်းလေးပါ။ ပြောချင်တာက အချစ်မှာ သာတယ်၊ နာတယ် မရှိပေမယ့် သူက
မချစ်ထိုက်၊ မချစ်သင့်သူတစ်ယောက်လို့တောင် သူချစ်သူနဲ့ပတ်သက်ပြီး ဆုံးဖြတ်မိတယ်၊
တွေးမိစေတယ်။ သူ့ချစ်သူကို ချစ်လွန်းလို့ စာရေးသူက သူနဲ့မထိုက်တန်ပါဘူး။
သူ့ကိုချစ်တဲ့ ချစ်သူဟာ အမှားကြီးတစ်ခုကျူးလွန်မိတာပါဆိုပြီး နောင်တရဟန်နဲ့
ရေးဖွဲ့ချင်တာပါ။ နောက်ပြီး လူဆိုတာ အသိအမှတ်ပြုခံချင်၊ အချစ်ခံချင်တယ်မဟုတ်လား။
ကျွန်တော်တို့ ကလေးဘဝကတောင် မတ်တပ်စမ်းရပ်တဲ့အခါ ရပ်နိုင်ပေ့၊ ရပ်နိုင်ပေ့ဆိုပြီး
မိဘဆွေမျိုးတွေက အားပေးခဲ့ကြ အသိအမှတ်ပြုခဲ့ကြတာပဲလေ။ အဲဒါကြောင့် စာရေးသူက
အမှားတွေကို ခွင့်မလွှတ်တတ်သူ တစ်ဦးပေမယ့် သူ့ကိုချစ်တဲ့ အမှားကိုတော့
ခွင့်လွှတ်တယ်၊ ပိုမြတ်နိုးမိပါတယ်ဆိုပြီး လူသားဆန်ဆန် ရေးဖွဲ့ထားတာပါ။
စာဖတ်သူ နားမလည်ရင်၊ နားထွေးရင်
ရေးသူမှာ ပြန်ရှင်းပြဖို့ တာဝန်ရှိပါတယ်။ အဓိပ္ပါယ်တွေ အများကြီးရှိနေရင်၊
လေးနက်နေရင် လွတ်လပ်စွာ ခံစားနိုင်ပါသည်ဆိုပြီး ဖွင့်ပေးရပါတယ်။ ခု
ကျွန်တော်ရေးတဲ့ ကဗျာ(ကိုယ့်ဘာသာတော့ ကဗျာလို့ပဲ ထင်မိပါတယ်)က
ရိုးစင်းရှင်းလင်းစွာရေးထားပေမယ့် ပုံသဏ္ဍာန်ကြောင့်၊ ခေါင်းစဉ်ကြောင့်
ရှုပ်ထွေးသယောင် ထင်သွားရတာပါ။ အငြိမ့်မှာ၊ ဇာတ်ပွဲတွေမှာတော့ ဘယ်သူဘယ်ဝါက
ဘယ်သီချင်းတောင်းလို့ပါဆိုပြီး လူရွှင်တော်တွေက စာရွက်တိုလေးဖတ်ပြတော့ မင်းသမီးက
သူကချင်တဲ့သီချင်းနဲ့ ကပြရော။ ကျွန်တော်ကတော့ လူရွှင်တော်တွေ၊ စာရွက်တိုတွေ
မလိုပါဘူး။ အရင်းနှီးဆုံးသူစိမ်းဆိုတာကြီး တိုင်တည်ပြီး ကိုယ်ပြောချင်တာတွေ
ချရေးပစ်လိုက်တာပဲ။ အဲဒါကြောင့် ထင်ပါတယ်။ ကျွန်တော့် (Page) မှာ တင်တဲ့စာတွေဆို
စာဖတ်ဖြစ်သူက လက်တစ်ဖက်တောင် မရှိဘူး။ အများဆုံးဖတ်ဖြစ်ကြရင် ငါးယောက်ပဲ။
ခြောက်ယောက်လောက်များ ဖတ်ဖြစ်ရင် လမ်းလျှောက်ရတာကိုက ခုန်ဆွ ခုန်ဆွနဲ့…။ အားနာ
ပါးနာ (Comment) လေးများရေးတာ ဖတ်ရရင် ထမင်းတောင် စားမဝင်တော့ဘူး။
ဝမ်းသာလွန်းလို့။ တောင်းပန်ပါတယ်…ကျွန်တော် ဒီနေ့ ထမင်းမစားပါရစေနဲ့နော်…။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၁၉.၁၂.၂၀၁၇ နံနက် ၁၀း၅၃ မိနစ်)
Comments
Post a Comment