ဘဝသင်ခန်းစာ(၉၅)

ဘဝသင်ခန်းစာ(၉၅)

အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် မတွေ့တာကြာပြီဖြစ်သည့် ငယ်သူငယ်ချင်းတစ်ယောက်၏ နေအိမ်သို့ အလည်ရောက်လာသည်။ ရှေးဟောင်းနှောင်းဖြစ်များကို ပြောမကုန်ဖြစ်နေကြပြီး အိမ်ရှင်အမျိုးသမီးမှာ အိမ်ထောင်ကျပြီး နှစ်များစွာကြာသည့်တိုင် ကာယအလှမယ်တစ်ယောက်လို ခန္ဓာကိုယ် မျိုး ပိုင်ဆိုင်ထားသဖြင့် အားကျကြောင်းကိုလည်း အလည်ရောက်လာသည့် အမျိုးသမီးမှ မကြာခဏ ချီးမွမ်းဖြစ်သည်။ တည်ခင်းထားသည့် မုန့်ပဲသားရေစာများကိုလည်း စကားပြတ်သည်နှင့် အားပါးတရစားသည်။ ထို့နောက်
ရေငတ်လာသဖြင့် ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ကောက်ကြောင်းလှလွန်းသဖြင့် နာမည်ကျော်နေသည့် မော်ဒယ်လုလုအောင်၏ ကိုယ်ခန္ဓာအလှဖော်ထားသည့် ဓာတ်ပုံကို ရေခဲသေတ္တာထဲတွင် ကပ်ထားသည်ကို တွေ့လိုက်ရသည်။ ဧည့်သည်အမျိုးသမီးမှာ ပါးစုန့်ကြီးများထွက်နေသည့် သူမမျက်နှာကို မဲ့လိုက်သည်။ သူမ ထိုသို့မဲ့လိုက်သည်ကို အိမ်ရှင်သူငယ်ချင်းက မြင်ဖြစ်အောင် မြင်လိုက်သည်။ ထို့နောက် စကားဆက်ပြောနေရင်း
" သူငယ်ချင်းရယ် ညည်းကလည်း ဒီအသက်အရွယ်ရောက်မှ ရေခဲသေတ္တာထဲ ပေါက်တတ်ကရပုံတွေ ထည့်ထားသေးတယ် "
" အဲဒါ ငါ့ရဲ့ လျှို့ဝှက်ချက်အေ့..."
" ဟေ...ပြောစမ်းပါဦး..."
" ဒီလိုအေ့...ကလေးတစ်ယောက်အမေ လုလုတောင် ဒီလိုထိမ်းသိမ်းပြီး လှသေးရင် ငါလည်းလှရမယ်ဆိုပြီး အစားအသောက်ထိမ်းတယ်အေ၊ လေ့ကျင့်ခန်းတွေလည်း လုပ်တယ်၊ ဒါ့ကြောင့် ငါ လှနေတာပေါ့..."
" ညည်းအမျိုးသားကလည် အားပေးသားပဲလေ..."
" သူကတော့ အားပေးတာပေါ့အေ့၊ ဒါပေမယ့် သူကပိုပြီ ဝိတ်တက်လာတယ်..."
" သူက အားကစား မလုပ်ဘူးလား "
" မလုပ်ဘူးလေ...အပြင်က ပြန်လာရင် ရေခဲသေတ္ထာတန်းဖွင့်တော့တာပဲ၊ ပြီး ဂလုဂလုနဲ့၊ ပြီး တွေ့သမျှ စားတော့ဝါးတော့တာပဲ..."
" ဓာတ်ပုံလေးတစ်ပုံက လူနှစ်ယောက်ကို မတူတဲ့ပုံစံအဖြစ်ပြောင်းလဲသွားစေတာပေါ့နော်..."
" အေးဟဲ့၊ မြင်ပုံချင်းတူပေမယ့် ခံစားချက်ခြင်းကွာတယ်လေ..."
" ဟမ်..."


(ဖတ်ခဲ့ဖူးသည့် ဟာသတိုလေးအား ဆင့်ပွားထားခြင်းသာဖြစ်ပါသည်။)
(မြင်ကွင်းတစ်ခု၊ အဖြစ်အပျက်တစ်ခုကို တစ်ချိန်တည်း မြင်နေ၊ သိနေရပေမယ့် ကျွန်တော်တို့ရဲ့ အတွင်းစိတ်အခံ၊ စိတ်ခံစားချက်ပေါ်မူတည်ပြီး အကျိုးဆက်တွေ၊ ရလဒ်တွေ ကွဲသွားတာ မဟုတ်လား...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://www.facebook.com/authorshintnyolay

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း