ဘဝသင်ခန်းစာ(၇၂)



ဘဝသင်ခန်းစာ(၇၂)

          ဟိုးရှေးတုန်းက တိုင်းပြည်တစ်ခုတွင် ဥာဏ်စမ်းပဟေဠိတွေ မေးရသည်ကို ဝါသနာထုံသည့် ဘုရင်တစ်ပါးရှိခဲ့ဖူးသည်။ ထိုသို့ ခက်ခဲသည့် ပုစ္ဆာများ မေးနိုင်သည့်အတွက်လည်း ထိုဘုရင်ကြီးက ဂုဏ်ယူသည်။ တစ်ခါတစ်ရံတော့ ကတ်သီးကတ်သတ် မေးခွန်းများကိုလည်း မေးတတ်သေးသည်။ ဘုရင်ကြီး၏ မေးခွန်းများကို ပညာရှိပါသည်ဆိုသော အမတ်ကြီးများပင်လျှင် ချွေးပြန်အောင် စဉ်းစားအဖြေထုတ်ကြရသည်။
ယုတ်စွအဆုံး သေဒဏ်ကျခံနေရသည့် အကျဉ်းသားများသည်ပင် သူမေးသည့် ဥာဏ်စမ်းမေးခွန်းကို ဖြေနိုင်လျှင် သေဒဏ်မှလွတ်ခွင့်ရသည်။ အမှုငယ်လျှင် ပြစ်ဒဏ်မှ ချက်ခြင်းလွှတ်ပေးတတ်သည်။ တစ်ခါတော့ ဘုရင်ကြီးက ရိုးရှင်းလွယ်ကူသည့် မေးခွန်းကို အဖြေခက်သည့်ပုစ္ဆာအဖြစ်မေးသည်။ ထိုမေးခွန်းမှာ…
" သူ၏ မင်းနေပြည်တော်တွင် ကျီးကန်းအဘယ်မျှ ရှိသနည်း…"
ဆိုသော မေးခွန်းဖြစ်သည်။ ကျီးကန်းဆိုသည်မှ သေချာကြည့်ရန် မဆိုထားဘိ မသင်္ကာလျှင်ပင် ထပျံပြေးသည့် သတ္တဝါဖြစ်သည်။ ထိုမေးခွန်းကို ပညာရှိအမတ်များ မဖြေနိုင်သလို တိုင်းသူပြည်သားများလည်း မဖြေနိုင်ကြချေ။ သို့သော် မကြာမီရက်ပိုင်းတွင် ဖြေနိုင်ပါသည်ဆိုသော လူတစ်ယောက် ပေါ်ထွက်လာသည်။ ထိုသူမှာ ဘုရင်ကြီး၏ အကျဉ်းသားများထဲမှ တစ်ယောက်ဖြစ်သည်။ သေဒဏ်မဟုတ်သော်လည်း နှစ်ရှည်ကျခံရမည့်သူဖြစ်သည်။
" မောင်မင်း ဖြေနိုင်တာ သေချာရဲ့လား၊ ဒီတစ်ခါမဖြေနိုင်ရင် နောက်တစ်ခါ ဖြေခွင့်မရှိတော့ဘူးနော်၊ နှစ်စေ့သည်အထိ အကျဉ်းသားအဖြစ်နဲ့ နေသွားရမှာ…"
" မှန်လှပါ အရှင်မင်းကြီး၊ ကျွန်တော်မျိုး ကောင်းစွာဖြေဆိုနိုင်ပါတယ်…"
ဘုရင်ကြီးမှ ဖြေဆိုခွင့်ပြုလိုက်သည်နှင့်…
" အရှင်မင်းကြီး၏ နေပြည်တော်တွင် ကျီးကန်းပေါင်း ငါးသောင်း၊ ငါးရာနဲ့ ရှစ်ဆယ့်ကိုးကောင်တိတိ ရှိပါတယ် အရှင်မင်းကြီး…"
" ဟဲ့ သေချာလှချည်လား…"
" အရှင်မင်းကြီး၏ ရဲမက်တော်တို့ကို စေလွှတ်၍ ရေခိုင်းကြည့်ပါဘုရား၊ ကျွန်တော်မျိုးပြောတဲ့ အရေအတွက်ထက်များနေလျှင် နေပြည်တော်ရှိ အမျိုးများထံသို့ လာရောက်လည်ပတ်နေကြသည့် ကျီးကန်းများ ရောက်ရှိနေ၍ ဖြစ်ပါကြောင်းဘုရား…"
" နည်းနေခဲ့ရင်ရော…"
" တစ်ခြားမြို့ရွာရှိ အမျိုးများထံသို့ နေပြည်တော်မှ ကျီးကန်းများ အလည်သွားနေ၍ ဖြစ်ကြောင်းပါဘုရာ့…"
အကျဉ်းသားဖြေသည့်အဖြေမှာ အမှန်မဟုတ်နိုင်သည်ကို သိသော်လည်း သက်သေပြနိုင်ရန်လည်း ခက်ခဲသည်။ သက်သေပြခဲ့ပြန်လျှင်လည်း ထိုအကျဉ်းသားလမ်းကြောင်းပေးထားသည့်အတိုင်းဖြစ်နေမည်ကို သိသဖြင့် ဘုရင်ကြီးမှာ ထိုအကျဉ်းသားကို လွတ်မြောက်ခွင့် ပေးလိုက်ရလေတော့သည်။

(PS:အင်တာနက်မှ ပုံပြင်တစ်ပုဒ်ကို ထင်ရာပြန်ထားခြင်း ဖြစ်ပါသည်…။ သင်ခန်းစာကိုတော့ စာဖတ်ပရိတ်သတ် ခံစားမိသလို ထုတ်နှုတ်ယူပါ ခင်ဗျား…)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း