ဘဝသင်ခန်းစာ(၇၅)
ဘဝသင်ခန်းစာ(၇၅)
တစ်ခါက ရွာအဝင်နားမှာရှိတဲ့
သစ်ပင်အိုကြီးတစ်ပင်မှာ ဇီးကွက်အိုကြီးတစ်ကောင် နေထိုင်သတဲ့။ သူဟာ ရွာအဝင်နားမှာ
နေသူမို့ ရွာအနီးသူ့ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို နေ့တိုင်း
တွေ့မြင်နေရသူပေါ့။
မနေ့ကပဲ အဘွားအိုကြီးတစ်ဦး မနိုင်မနင်းသယ်လာတဲ့ တောင်းကြီးကို လူငယ်လေးတစ်ဦးက
ကူသယ်ပေးတာကို မြင်ခဲ့ရတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး သူကျေနပ်သွားတယ်။
ဒီနေ့မှာတော့ မိန်းမကြီးတစ်ဦးကို သူ့သမီးဖြစ်သူက ကက်ကက်လန် ရန်တွေ့နေတာကို
မြင်လိုက်ရတော့ သူစိတ်ရှုပ်သွားတယ်။ သူမြင်သမျှကို နှစ်သက်သည်ဖြစ်စေ၊
မနှစ်သက်သည်ဖြစ်စေ ဘာမှမပြော မညည်းတွားပေမယ့် မှတ်သားထားလိုက်မိတယ်။ ဒီလိုနဲ့ သူဟာ
စကားနည်းသည်ထက် နည်းလာတယ်။ စကားနည်းလာတာနဲ့အမျှ သူ့ဝန်းကျင်က အကြောင်းအရာတွေကို
ပိုသတိပြုမိတယ်။ ပိုကြားလာတယ်။ တချို့သူတွေက ယုတ္တိမရှိ၊ အရေမရ အဖတ်မရတွေပြောပြီး မြေကြီးတုတ်ခြစ်ရင်း အချိန်ကုန်တယ်။ တချို့တွေက အလုပ်မရှိတော့ အိမ်မှာရှိတဲ့ ကြောင်ကို ရေးချိုးပေးတယ်။ သန်းရှာပေးတယ်။ တချို့တချို့တွေကတော့ အစည်းအဝေးပွဲတွေ တွင်တွင်လုပ်ပြီး ချခင်းတဲ့မုန့်မှန်သမျှ အကုန်စားတယ်။ သူတို့လုပ်တဲ့ အစည်းအဝေးဆိုတာလဲ ရွာဓမ္မာရုံတက်တဲ့ လှေကားသုံးဆင့်မှာ တစ်ဆင့်မကောင်းလို့ ပြင်ရေး၊ မပြင်ရေး၊ အဲဒီလှေကားလေးကိုပဲ ရှေးတုန်းကလို ဘာလှေကား၊ ညာလှေကား အမည်တပ်ဖို့ စသည်ဖြင့် စည်းဝေးကြတာများတယ်။ သူခိုး၊ ဓာပြရန် လုံခြုံအောင် ရွာစည်းရိုးကာဖို့အတွက်ကြ ရွာလူကြီးတွေ အကုန်လုံး ဘယ်သူမှ အားမစိုက်ချင်ကြဘူး။ ရွာပီပီ ဆူးခက်လေးချ ကာထားလိုက်ရင် ရပြီဆိုပြီး နေကြချင်သူတွေပေါ့။
အဲဒီအကြောင်းတွေ၊ အဖြစ်အပျက်တွေကို မြင်နေ၊ ကြားနေ၊ သိနေတဲ့ ဇီးကွက်အိုကြီးက နောင်လာနောင်သားတွေ အဲလိုအမှားတွေ မလုပ်ကြအောင်၊ သိထားအောင်ဆိုပြီး ဇီးကွက်ငယ်လေးတွေ သူ့ဆီလာတိုင်း ပြောဆိုဆုံးမပေးသတဲ့။ အချိန်ကြာလာတာနဲ့အမျှ ဇီးကွက်အိုကြီးကို ပညာရှိဇီးကွက်ကြီးလို့ ခေါ်လာကြသတဲ့ကွယ်…။
(PS: မြင်သမျှ၊ ကြားသမျှကို
လေ့လာမှတ်သားပါ။ အသိပညာဗဟုသုတကို ပြန်လည်ဝေမျှပါ။)
သင့်ရဲ့
ရှဥ့်ညိုလေး
Comments
Post a Comment