ဘဝသင်ခန်းစာ(၇၄)



ဘဝသင်ခန်းစာ(၇၄)

         တစ်နေ့ မုဆိုးတစ်ယောက်ဟာ သူ့ထောင်ခြောက်မှာ မိထားတဲ့ သားကောင်တွေကို ကောက်ဖို့အတွက် တောထဲထွက်လာခဲ့တယ်။ ဒါပေမယ့် ဒီနေ့ကျမှ ငှက်ထောင်ခြောက်တစ်ခုက လွဲလို့ ဘယ်ထောင်ခြောက်မှာမှ သားကောင်တွေ မိမနေခဲ့ဘူး။

ကံဆိုးချင်တော့ မိနေတဲ့ ငှက်ကလည်း နှံပြည်စုတ်ငှက်လေး ဖြစ်နေတယ်။ မုဆိုးလည်း စိတ်ပျက်ပျက်နဲ့ နောက်ဆုံး နှံပြည်စုတ်ကိုပဲ ယူပြီး ပြန်မယ်လုပ်တော့ နှံပြည်စုတ်က စကားစပြောတယ်။
"အသင်မုဆိုး . . ကျွန်ုပ်လို ငှက်ငယ်က အသင့်အတွက် တစ်နှပ်စာမပြောနဲ့။ တစ်လုပ်စာတောင် ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အသင် ကျွန်ုပ်ကို လွှတ်ပေးမယ်ဆိုရင် အသင့်ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ စကားသုံးခွန်း ပြောပြပါ့မယ်" လို့ တောင်းဆိုတယ်။ မုဆိုးလည်း ခဏစဉ်းစားပြီး နှံပြည်စုတ်ပြောနေတာ မှန်နေတော့ သဘောတူလိုက်တယ်။
နှံပြည်စုတ်ငှက်ငယ်က "ကျွန်ုပ် ပထမတစ်ခွန်းကို အသင့်လက်မှာ ရှိနေတဲ့ အချိန်ပြောပါ့မယ်။ ဒုတိယ တစ်ခွန်းကို အသင့်လက်က လွှတ်ပြီးပြီးချင်း ပြောပါ့မယ်။ တတိယ တစ်ခွန်းကို သစ်ကိုင်းပေါ်မှာ ခဏနားပြီး ပြောပါ့မယ်"
ဒါနဲ့ မုဆိုးလည်း သူ့တောင်းဆိုချက်ကို သဘောတူလိုက်တယ်။ ပထမဆုံးတစ်ခွန်းကို ငှက်ငယ်က စပြောတယ်။
"အသင်မုဆိုး လောကမယ် ဖြစ်မလာသေးတဲ့ ဖြစ်ရပ်တွေကို ဖြစ်ကိုဖြစ်လာမယ်လို့ မထင်မြင်ပါနဲ့"
ပထမတစ်ခွန်းလည်း ပြောပြီးတော့ မုဆိုးက ငှက်ငယ်ကို လွှတ်ပေးလိုက်တယ်။ လွှတ်ပြီးပြီးချင်းမှာ ငှက်ငယ်က ပျံသန်းနေရင်းနဲ့ ဒုတိယ တစ်ခွန်းကို ပြောလိုက်တယ်။
"ဖြစ်ပြီးသား ကိစ္စတွေ အပေါ်မှာလည်း ဝမ်းနည်းကြေကွဲမှု မဖြစ်ပါနဲ့"
ဒုတိယ တစ်ခွန်းလည်း ပြောပြီးရော ငှက်ငယ်က အနီးမှာရှိတဲ့ သစ်ကိုင်းပေါ်မှာခဏနားတယ်။ ခဏနားပြီးတော့ ဆက်ပြောတယ်။
"တတိယ စကားမပြောခင် ကျွနှ်ပ် အသိပေးစရာတစ်ခုရှိတယ်။ တကယ်တော့ ကျွန်ုပ် စားလုပ်ထဲမှာ (၅)ကျပ်သားခန့်ရှိတဲ့ ပတ္တမြားတစ်လုံးရှိတယ်။ အကယ်လို့ အသင်မုဆိုးသာ ကျွန်ုပ်ကို သတ်စားလိုက်မယ်ဆိုရင် ကျွန်ုပ်စားလုတ်ထဲက ပတ္တမြားကို မုချတွေ့ပြီး အသင်မုဆိုး ကြွယ်ဝချမ်းသာသွားမှာ အမှန်ပါပဲ"
ဒီစကားကို ကြားတော့ မုဆိုးက ဆုံးရှုံးလေခြင်း၊ မှားယွင်းလေခြင်း ဆိုပြီး ဝမ်းနည်းကြေကွဲကာ ဒူးထောက်ထိုင်ချလိုက်တယ်။ အတော်ကြာ နှုတ်ဆိတ်ပြီးမှ မုဆိုးက
"မင်းကတိအတိုင်းတတိယ တစ်ခွန်းကို ပြောပါတော့"လို့ တုန်ရီကြေကွဲသံနဲ့ တောင်းဆိုလိုက်တယ်။
အဲဒီအချိန်မှာ နှံပြည်စုတ် ငှက်ငယ်က "အသင်မုဆိုးက တတိယတစ်ခွန်းကို ပြောဖို့သာ တောင်းဆိုနေတယ်။ ဒါပေမယ့် ကျွန်ုပ် အခုနကပဲ ပြောခဲ့တဲ့ စကား(၂)ခွန်းကိုကျတော့ ချက်ချင်း မေ့သွားခဲ့ပြီလေ။ အသင်မုဆိုး စဉ်းစားကြည့်ပါ။ ကျွန်ုပ် တစ်ကိုယ်လုံးပေါင်းရင်တောင် (၅) ကျပ်သား မရှိတာ။ ကျွန်ုပ် စားလုတ်မှာ ဘယ်လိုလုပ် (၅)ကျပ်သားခန့် ပတ္တမြား ရှိပါ့မလဲ။ နောက်ဆုံး ကျွန်ုပ် ကတိအတိုင်း တတိယတစ်ခွန်းကိုတော့ ပြောခဲ့ပါ့မယ်"
"လောကမှာ ဘယ်အရာကိုမှ မစူးစမ်း မချင့်ချိန်ပဲ မယုံကြည်ပါနဲ့"
လို့ပြောပြီး အဝေးကို ပျံသန်းသွားပါတယ်။

Credit:ကိုဘီအေ

(PS:ပြန်စဉ်းစားကြည့်ရင် ကျွန်တော်တို့တတွေက သူများ ပါးစပ်ဖျားမှာ လမ်းဆုံးနေကြတာ များတယ်။ သူ့စိတ်နဲ့ ကိုယ့်ကိုယ်ပေါ့။ စိတ်ဆိုးစေချင်ရင်၊ ပျော်စေချင်ရင် တစ်ခါတစ်လေ စိတ်ဆိုးစေချင်လို့ ခနဲ့မှန်းသိရက်နဲ့တောင် စိတ်ဆိုးပြတတ်ကြသေးတာ မဟုတ်လား...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း