ဒီမှာ ဟေ့လူ



ဒီမှာ ဟေ့လူ

ဒီမှာ ဟေ့လူ
ခင်ဗျားက NLD ထောက်ခံတယ်
ကျူပ်က စစ်တပ် ထောက်ခံတယ်
လာပါဗျာ သွားကြစို့ လ္ဘက်ရည်ဆိုင်

ဒီမှာ ဟေ့လူ
ခင်ဗျားက ကြံ့ခိုင်ရေး ကျူပ်က NLD
လာပါဗျာ မြန်မာပွဲလေး အားပေးကြစို့
ဒီမှာ ငါ့ကောင်
မင်းက ကချင်
ငါက ဗမာ
လာပါကွာ
ပုပ္ပါးတောင်မကြီးပေါ် တက်ရင်း
မနောမြေမှ ဖိတ်ခေါ်သံ သီချင်း အတူတူဆိုရအောင်
ဟေ့ကောင်
မင်းက ရခိုင်
ငါက ရှမ်း
ရှစ်သောင်း ပုထိုးတော်ကြီး ငါ့ကို လိုက်ပို့ပါ
ဒီမယ်ဗျ ရောင်းရင်းတို့
ညောင်ရွှေအင်းလေး ဂွေးချို ကျောက်ပန်းတောင်း
ကော့သောင်းနဲ့ မြစ်ကြီးနား
တာချီလိတ်နဲ့ ဘူးသီးတောင်
တောင်ကြီး နဲ့ စစ်တွေ
ကော့ကရိတ် နဲ့ ဖျာပုံ
ပုသိမ်နဲ့ မကွေး
ရန်ကုန် နဲ့ လွိုင်ကော်
မန္တလေး နဲ့ ဟားခါး
ဘယ်နေရာသွားသွား မြန်မာ့မြေပါ
ဒီမြေ ဒီရေ ဒီလေ ရဲ့ ပိုင်နက်ထဲမှာ
သူပိုင်တယ် ငါပိုင်တယ် အငြင်းပွားမနေစမ်းပါနဲ့
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ပိုင်နက်ကို အမွေလုနေရလောက်အောင်
တို့တတွေ သူစိမ်းတွေ မဟုတ်ပါဘူး
သမိုင်း အမွေဆိုးတွေ ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့
တို့လက်ထက်မှာ တို့သမိုင်း လှဖို့ရေးကြမယ်
ရွှေထီးရွှေနန်း ရွှေကြငှါန်းတွေ ဘယ်လိုပဲ ဆောင်းခဲ့ဆောင်းခဲ့
တို့လက်ထက်မှာ ပြည်သူတိုင်းကို အမိုးအကာလုံတဲ့ ခိုစရာ ပေးကြမယ်
အရောင်အသွေးစုံလှတဲ့ တို့နိုင်ငံကြီးထဲမှာ
တစ်ရောင်ထဲ တောက်ပနေလို့ လှပမယ်ထင်လား
ဟိုတစ်ကွက် ဒီတစ်ကွက် ကျဲပျက်နေလို့ လှပမယ်ထင်လား
သူ့နေရာမှာ သူ့အရောင်နဲ့သူ ခြယ်မှုန်းနိုင်မှ
လှပတဲ့ ဥယျာဉ်ကြီး ဖြစ်လာလိမ့်မယ်
လာပါ သူငယ်ချင်း
ကချင် နဲ့ ကယား
ချင်း နဲ့ ကရင်
ဗမာ နဲ့ မွန်
ရှမ်း နဲ့ ရခိုင်
တွဲလက်တွေ မြိုင်စမ်းပါ
တို့ပြေ တို့မြေ တိုတတွေရဲ့ ပိုင်နက် အချုပ်အခြာ
တို့သွေးချင်းတွေရဲ့ ရိုးရာဂီတစာပေ တွေ မပျောက်ပျက်စေဖို့
တောင်ပေါ် မြေပြန့် မကွဲပြားစေဖို့
ညီစေနော် ညီစေ
တို့တတွေ ညီညွတ်မှ
တို့ပြည်ကြီးက
စည်ထီးခရိုင် ပိုင်နိုင်စွာနဲ့
ဇာမဏီသွေးတွေ ခိုင်မြဲရပ်တည်နိုင်လိမ့်မယ် သူငယ်ချင်း။
(၉.၉.၂၀၁၇)
Creadit - MoeOe Thit Sar

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း