ဘဝသင်ခန်းစာ(၉၃)
ဘဝသင်ခန်းစာ(၉၃)
ညက အလွန်ခင်မင်ရင်းနှီးရတဲ့ ဆရာတော်တစ်ပါးက ဖုန်းဆက်တယ်။ ကျွန်တော်က
“ဦးဇင်းရေ … နိုင်ငံရေးအခြေအနေတွေက မပြောချင်တော့ဘူး။ အစိုးရကတစ်မျိုး၊ စစ်တပ်ကတစ်မျိုး၊ ကျောင်းသားဆိုတာတွေကတစ်မျိုး စိတ်ပျက်နေပြီ။ ဒါကြောင့် Facebook ကနေ ရာသက်ပန်နားတော့မယ် ဘုရား”
“ဒကာတင်ညွန့် … အပြောမတတ်တော့ လိပ်သတ်သလိုဖြစ်သွားရတာ သိလား”
“အမိန့်ရှိပါဘုရား”
“ကျောင်းမှာ ကိုရင်လေးတစ်ပါးရှိတယ်။ အရမ်းပျင်းတယ်။ မနက်တိုင်း သူ့ကို နှိုးရတယ်။ တစ်နေ့တော့ ဦးဇင်းက သူ့ကို နှိုးတယ်။ ကိုရင် … ထတော့လေ … နေတောင်ထွက်နေပြီ။ ရေကန်ထဲက လိပ်လေးတွေတောင် ကန်စပ်မှာ နေပူဆာ ထွက်လှုံနေကြပြီလို့ ပြောလိုက်တယ်။ အဲဒီမှာ ဒုက္ခရောက်တော့တာပဲ”
“အမိန့်ရှိတော်မူဦးဘုရား”
“နေ့ဆွမ်းကို ဒကာတစ်ယောက် လာကပ်တယ်။ ရွာထဲက ဖိုးထောင်ပေါ့။ ဦးဇင်းက ဖိုးထောင် ဘာတွေလဲလို့ မေးလိုက်တယ်။ သူက မှန်လှပါ လိပ်သား စွပ်ပြုတ်လေးပါဘုရားတဲ့”
“အရှင်ဘုရားကို ဘုဉ်းပေးစေချင်လွန်းလို့ သဒ္ဓါတရားနဲ့ လာကပ်တာပေါ့ … သာဓု … သာဓု”
“ဒကာ … ရမ်းပြီး သာဓုမခေါ်နဲ့ဦး”
“ဘာဖြစ်လို့လဲဘုရား”
“နားထောင်ဦး … မနက်က ဦးဇင်း ကိုရင်ကို နှိုးတော့ ရေကန်ထဲက လိပ်လေးတွေတောင် ကန်စပ်မှာ နေပူဆာ ထွက်လှုံနေပြီလို့ ပြောလိုက်တာ ကို ကျောင်းအောက်ရောက်နေတဲ့ ဖိုးထောင်က ကြားသွားတယ်။ သူက ဘုန်းကြီးကျောင်းထဲကဖြတ်ပြီး ရွာထဲကြက်သွားဝယ်မှာ။ သူ့မိခင်ကြီး နေမကောင်းလို့ ကြက်သား စွပ်ပြုတ်လေး တိုက်မယ်ပေါ့။ အဲဒီအချိန်မှာ ဦးဇင်းက ကန်စပ်မှာ လိပ်တွေ နေပူဆာလှုံနေတယ်ပြောတာ ကြားလိုက်တော့ စိတ်ပြောင်းပြီး ကန်စပ်က လိပ်တွေကိုဖမ်း၊ အိမ်မှာ စွပ်ပြုတ်လုပ်၊ ဦးဇင်းပြောလို့ လိပ်တွေရတာဆိုပြီး ဆွမ်းဟင်း တစ်ခွက်လာပို့တာ”
“အလို … ဒါဆိုရင်တော့ သာဓုမခေါ်ဝံ့တော့ပါဘုရား”
“ဦးဇင်း စိတ်မကောင်းလိုက်တာ ဒကာကြီးရာ။ ဒါကြောင့် ဒီနေ့တော့ ဘယ်သူ့မှ စကားမပြောတော့ဘူး။ နှုတ်ကြောင့် သတ္တဝါတွေ သေရတယ်ဆိုပြီး ကိုယ့်နှုတ်ကို ကိုယ်အပြစ်ပေးတဲ့အနေနဲ့ ဝစီပိတ်နေတော့မယ်လို့ ဆုံးဖြတ်ပြီး ကန်စပ်မှာ သေသွားတဲ့ သတ္တဝါလေးတွေကို မေတ္တာပို့၊ အမျှဝေ၊ တရားသွားထိုင်နေလိုက်တယ်”
“သာဓု …”
“သာဓု မခေါ်နဲ့ဦး ဒကာကြီး”
“ဘာဖြစ်လို့လဲဘုရား”
“အဲဒီအချိန်မှာ ရွာထဲက ဘိုးညိုက ကန်ပေါင်ပေါ်ကနေ ကျောင်းဘက်ကို လာနေတယ်။ ဘိုးညိုက မျက်စိ မမြင်ဘူး။ သူက တုတ်ကလေး တရမ်းရမ်းနဲ့ လျှောက်လာတာ။ ဦးဇင်းကလည်း အဲဒီအချိန်မှာ နေဝင်တာကို ကြည့်ပြီး တရားဆင်ခြင်နေချိန်ဆိုတော့ သူ့ကို မြင်လိုက်တယ်”
“ဇရာနဲ့ နေဝင်ချိန်ကို တစ်ခါတည်း ရှုမြင်လိုက်ရတော့ …”
“ဒကာ … စကားကို မဖြတ်နဲ့ ဦးဇင်းပြောချင်တာက မပြီးသေးဘူး။ ဘိုးညိုက လျှောက်လာရင်း ကန်ဘောင်အကွေ့မှာ လမ်းပေါ်မတက်ဘက် ဘေးကိုဆင်းသွားတယ်။ သူဆက်လျှောက်ရင် ကန်ထဲကျမှာ။ ခက်တာက ဦးဇင်းကလည်း ဒီတစ်နေ့လုံး ဝစီပိတ်နေတော့မယ်လို့ ဆုံးဖြတ်ထားတော့ ခက်ပြီ။ အော်လည်း မအောင်နိုင်။ အော်လိုက်ရင် ဦးဇင်းနှုတ်ကို အပြစ်ပေးထားတာ ပျက်တော့မယ်”
“ဘာဖြစ်သွားသလဲဘုရား”
“ဒကာကြီး ဦးညို ကန်ထဲကျသွားတယ်”
“ဟာ”
“ဒကာကြီးကို ဆင်ခြင်နိုင်အောင် ပြောတာ။ ပြောလည်း ဒုက္ခ … မပြောလည်း ဒုက္ခ … ကိစ္စမြားမြောင် ဒီလူ့ဘောင်”
(၁.၃.၂၀၁၇)
ဆရာတင်ညွှန့်
(ကိုညိမ်းချမ်းအောင် စာမျက်နှာမှ ကူးယူမျှဝေပါသည်။)
(PS:ဘဝဆိုတာ လူအများကြားမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းလေးတွေနဲ့ ကိုယ့်စံနဲ့ လိုက်လျောညီထွေ နေထိုင်သွားခြင်းပါ...)
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://www.facebook.com/authorshintnyolay

Comments
Post a Comment