ဒီလိုပါပဲ ရောက်တတ်ရာရာ
ဒီလိုပါပဲ ရောက်တတ်ရာရာ
မနေ့က သေးသေးမွှားမွှားလေးတွေစုပြီး ထူးခြားသွားသယောင်ထင်ရတဲ့နေ့ပါပဲ။ မနက်စောစောထပြီး မေမေနဲ့ တက္ကသိုလ်ဘက်က လက်ဖက်ရည်ဆိုင် မုန့်သွားစားတယ်။ ကားကို ပါကင်ထိုးပြီးတော့ ကားသော့ကနှုတ်မရတော့ဘူး။ ကားလက်ကိုင်ခေါက်ထားလို့ (Lock) ကျတာမျိုးလည်း မဟုတ်ဘူး။ အဲဒါကြောင့် မြင်သာတဲ့ စားပွဲထိုင်ပြီး ကားကိုသော့တန်းလန်းထားခဲ့ရတယ်။ မှန်ကိုတော့ လက်သုံးလုံးလောက်ချခဲ့တယ်။ တော်နေ သော့ကအထဲမှာ တံခါးလော့ကျသွားရင် အခက်။
သားအမိနှစ်ယောက် အေးအေးဆေးဆေးစားသောက် စကားပြောပြီး မေမေ့ကို အိမ်ပြန်ပို့။ ပြီးတော့ ကားဝပ်ရှော့သွားတယ်။ မနက်ရှစ်နာရီဆိုတော့ ဝန်ထမ်းတွေရောက်လောက်ပြီ ထင်တယ်။ အိမ်နားက လွှစက်က အလုပ်သမားတွေဆို မနက်ခုနစ်နာရီခွဲဆို တဂျီးဂျီးနဲ့ အလုပ်ဝင်ပြီ မဟုတ်လား။ ဟိုရောက်တော့ တစ်ယောက်မှ မရောက်သေးဘူးတဲ့။ အိပ်ချင်မူးတူးနဲ့ ဝပ်ရှော့ပိုင်ရှင်သားလေးစကားနားထောင်ပြီး ပြန်ခဲ့လိုက်တယ်။ အိမ်ပြန်ရောက်တော့ စက်ပိတ်ပြီး သော့နှုတ်လိုက်တယ်။ အိုကိုကေလို့...။ အပြင်သွားစရာကိစ္စလေးတွေ သုံးခုလောက်ရှိတာနဲ့ မြို့ထဲလို့ပြောပြီး ထွက်ခဲ့လိုက်တယ်။ (၁) ဆိုင်ကယ်ဝယ်ထားတာလေး ပြန်ပြီး အိုဗာဟော လုပ်ရမှာမို့(အိုဗာဟောလား၊ အိုဗာအောလား မသိပါဘူး။ Walking Talking တောင် ဝေါ်ကီတော်ကီ အသံထွက်ဖြစ်တော့လေ)။ (၂) ဘဏ်သွားပြီး သားတို့အတွက် ပိုက်ဆံသွားစုရဦးမယ်။ (၃) ဒီဇင်ဘာ(၁)ရက်နေ့ထွက်တဲ့ ကိုယ်တို့ရောခ့်ကာကြီးရဲ့ အခွေကိုလည်း သွားဝယ်ရဦးမယ် မဟုတ်လား။ ပထမ ဝပ်ရှော့ဝင်တယ်။ ကျသင့်မယ့်ဈေးနဲ့ ကြာချိန်ကိုမေးတယ်။ အပြန်မှ ဝင်အပ်တော့မယ်လို့ ပြောခဲ့တယ်။ နောက်ဆက်ထွက်တယ်။ ဘဏ်မဖွင့်လောက်သေးလို့ (Ocean Super Market) ဘက် ဆက်သွားတုန်း ဖုန်းလာတယ်။ အိမ်မှာ ဧည့်သည်ရောက်နေတယ်။ နာရီဝက်လောက် စောင့်ပေးပါမှာပြီး ဆက်သွားတယ်။ ဟိုရောက်တော့ အချိန်စောနေလို့ထင်တယ် လူတွေတောင် ရှင်းလို့။ ကိုယ်လိုချင်တဲ့အခွေ လိုက်ရှာတယ်။ မတွေ့ဘူး။ နောက်ဝန်ထမ်းလေးမေးကြည့်တယ်။ သူလည်း လျှောက်ရှာတယ်။ နောက် ကုန်သွားပြီနေမှာ အစ်ကိုတဲ့။ ဒါနဲ့ လျှောက်ကြည့်တော့ ကိုအံ့ကြီးခွေတွေတွေ့တယ်။ ခုတော့ မဟုတ်ဘူး နောက်တော့ ဝယ်ရမယ်လို့ တေးထားလိုက်တယ်။ မင်းသိင်္ခရဲ့ ဖတ်စရာ ဝတ္ထုတိုများဆိုတဲ့ စာအုပ်ဝယ်ခဲ့တယ်။ ကျန်တာတွေ ဖတ်ဖူးပေမယ့် အဲဒီစာအုပ် မဖတ်ဖူးသေးဘူးကိုး။ ကိုယ်စုမယ့် စာအုပ်စာရင်း(စာရေးဆရာ)မှာလည်း ပါနေတာမို့ပါ။ နောက်တော့ ရိုးမဘဏ်သွားတယ်။ ငွေစုတယ်။ အေးဆေးပဲ။ ဘဏ်ဝန်ထမ်းညီမငယ်တစ်ယောက်က (Smart Card)လေး လုပ်သွားပါလားဆိုပြီး ကောင်းကျိုးလေးတွေ ပြောပြတယ်။ ရောက်လက်စနဲ့မို့ လုပ်ဗျာ လုပ်လိုက်တယ်။ အချိန်နည်းနည်း စောင့်လိုက်ရတယ်။ အိမ်က ဖုန်းလာတယ်။ ဧည့်သည် ပြန်သွားပြီတဲ့။ နောက် (Smart Card) ရလာတော့ အသုံးပြုပုံတွေကို ဘဏ်က ဝန်ထမ်း ညီမငယ်တစ်ယောက်က ရှင်းပြတယ်။ ကိုယ့်ဖုန်းထဲလည်း ဘဏ်ကညီငယ်တစ်ယောက်ကို သူတို့(Application) တွေ ထည့်ခိုင်းတယ်။ ကိုယ်က ဖုန်းဆို ပြောတာနဲ့ (Facebook) သုံးတာလောက် ကိုင်တတ်သုံးတတ်တာကိုး။ နောက် (Password) ထည့်ခိုင်းတယ်။ ခြောက်လုံးလို့ ပြောပေမယ့် ကိုယ်က မမေ့ဘူးထင်တဲ့ နံပါတ်ကို နှစ်ခါတောင် ရိုက်ထည့်တယ်။ နောက် စာအုပ်ထဲက ကဒ်ထဲ၊ ကဒ်ထဲက ဖုန်းထဲ စသည်ဖြင့် စမ်းသုံးကြည့်တယ်။ ကဒ်ကို ပြန်သုံးကြည့်တော့ (Password Error) တက်ရော။ ကိုယ်က ပိုထည့်မိသွားတယ်။ သူတို့ခွင့်ပြုတာက ခြောက်လုံး။ သုံးကြိမ်လောက်ကြိုးစားပြီး (Report) တင်ရမယ် ဖြစ်ရော။ ကိုယ့်မှာ ဘဏ်ကညီမငယ်ကိုလည်း အားနာ၊ သူကလည်း အချိန်အကြာကြီးစောင့်နေရလို့ ကိုယ့်ကိုအားနာ။ အဲဒါနဲ့ သူ့ကိုပြောရတယ်။ မင်း (Report) တင်ရရင် အလုပ်ကို၊ လစာကို ထိခိုက်နိုင်သလား၊ အဲဒါဆို မတင်နဲ့လို့။ ဘာလို့လဲဆို ကဒ်ထဲမှာက စမ်းသုံးကြည့်တုန်းမို့ ငါးထောင်၊ ခြောက်ထောင်ပဲရှိသေးတာလေ။ စေတနာနဲ့လုပ်ပေမယ့် အမှားတစ်ခုခုကြုံရင်၊ အနည်းဆုံး ပါဖောမင့် ညံ့တယ်ဆိုပြီး ဝန်ထမ်းထိခိုက်တယ် မဟုတ်လား။ သူက ရပါတယ် ကိစ္စမရှိဘူးဆိုလို့ ပြန်ခဲ့လိုက်တယ်။ အိမ်ရောက်တော့ ဆယ့်နှစ်ထိုးတော့မယ်။ ကိုယ့်တွေ့ချင်တဲ့ ဧည်သည်ဆီ ဖုန်းဆက်ပြီး နောက်တစ်ခါ ကျွန်တော်လာခဲ့မယ်ဆိုပြီး ချိန်းလိုက်ရတယ်။ ရုံးသွားစရာ ကိစ္စလည်း ရှိသေးတာကြောင့် ဆိုင်ကယ်လည်း ဝပ်ရှော့မအပ်ဖြစ်ဘူး။ နောက်ရက်မှ အပ်မယ်ဆိုပြီး အစီအစဉ်ပြောင်းလိုက်ရတယ်။ ကျွန်တော်ပြောချင်တာက နေ့စဉ်ဖြတ်သန်းနေရတာတွေက ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ဘူး။ အစီအစဉ်ဆွဲထားရင်တောင် နည်းနည်းလေးတော့ လွဲနေတယ်ဆိုတာမျိုး ပြောချင်တာပါ။ ဆရာ အကြည်တော် ပြောသလိုပေါ့။ နောက်ရက်မှ လုပ်လို့ရတဲ့အလုပ်ကို ဒီနေ့မလုပ်ပါနဲ့တဲ့။ ကျွန်တော်က အဲဒီစကားကို သဘောမပေါက်ခင်တုန်းက တစ်ခုခု စီစဉ်ထားတာ မဖြစ်ရင်၊ လွဲသွားရင် စိတ်တွေတိုခဲ့ဖူးတယ်။ တကယ်တော့ နောက်ရက်မှ လုပ်ရမယ့် အရာတွေမို့ လွဲသွားတာလို့ စဉ်းစားမိတော့ အားလုံးဟာ ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ အဲဒီနေ့ဖြစ်စဉ်ကို ပြန်ကြည့်ရင်
(၁) ကားသော့နှုတ်မရဘူး
(၂) ဝပ်ရှော့သွားတယ် မပြခဲ့ရဘူး(အဆင်မပြေဘူး)
(၃) ဆိုင်ကယ် မပြင်ခဲ့ရဘူး
(၄) ဧည့်သည်နဲ့လွဲတယ်
(၅) ကိုယ်လိုချင်တာ ဝယ်မရခဲ့ဘူး
(၆) ဘဏ်မှာ အချိန်တွေ အများကြီး ကုန်ခဲ့တယ်(အချိန်စားတာ မုန်းတယ်)
(၇) ဘဏ်ကဒ် အဆင်မပြေဘူး(နောက်တစ်ကြိမ်သွားရဦးမယ်)
အားလုံးဟာ သေးသေးမွှားမွှားလေးတွေပါ။ ဒါက ကျွန်တော့်ခံယူချက်ပါ။ သူငယ်ချင်းနဲ့ ဘဝကို ခံယူပုံချင်း၊ မြင်ပုံချင်း တူချင်မှ တူမှာပါ။
တစ်ခုခုလွဲချော်သွားရင် နောက်တစ်ကြိမ် လုပ်ရမယ့် အလုပ်မို့လို့ ခံယူချက်လေး၊ အတွေးလေး ပြောင်းသွားမယ်ဆိုရင် ခံစားနေရတဲ့ သောက၊ ဒေါသတွေ လျော့ပါးလာမှာပါလို့ အကြံကောင်းလေးပေးရင်း...။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၆.၁၂.၂၀၁၇ နံနက် ၁၀း၄၉ မိနစ်)
https://www.facebook.com/authorshintnyolay

Comments
Post a Comment